ဒီဇင်ဘာ-၂၄၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ မြစ်ဆုံစီမံကိန်းနဲ့ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၂၄) မှာ ပြုလုပ်ခဲ့ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မှော်လှည့်သပိတ်နဲ့ လုံးခင်းသပိတ်အင်အားစုက စစ်အုပ်စု အတင်းဖော်ဆောင်ဖို့ကြံနေတဲ့ မြစ်ဆုံဆည် ရေအားလျှပ်စစ်စီမံကိန်း ကန့်ကွက်ခြင်း၊ နိုင်ငံတဝန်း ပြည်သူတရပ်လုံးက ကန့်ကွက်ကြဖို့ နှိုးဆော်ခြင်း၊ စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။
ဒါ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်လာစေဖို့ နှိုးဆော်ခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ စစ်ကောင်စီက ပြုလုပ်မယ့် ဟန်ပြရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” စာသားနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်းက ဦးဆောင်ကာ ညနေခင်း သပိတ်အဖြစ် စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။





















































