အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကနီ ချောင်းမတိုက်ပွဲ သုံ့ပန်း ၄ ဦးနှင့်လက်နက်များရ၊ တော်လှန်ရေးဘက်မှ ၁ ဦး ကျဆုံး

စစ်ရေးအရ အရေးပါသော လမ်းပိုင်းမှ ကျေးရွာတစ်ရွာတွင် တပ်စွဲထားသောသော စစ်တပ်ကို တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားများ ဆုတ်ခွာပြေးကြစဉ် လေကြောင်း ပစ်ကူကြောင့် တော်လှန်ရေးဘက်မှ စစ်ကြောင်းမှူးတစ်ဦး ကျဆုံးခဲ့သည်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတွင် တပ်စွဲထားသည့် စစ်တပ်အား တော်လှန်ရေးတပ်ဖွဲ့များက စက်တင်ဘာ ၁၁ ရက်နေ့ နံနက်တွင် ဝင်ရောက်တိုက်ခိုက်မှုကြောင့်  ဆုတ်ခွာပြေးကြစဉ် စစ်သုံ့ပန်း ၄ ဦး ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသလို လေကြောင်းကြောင့် တော်လှန်ရေးဘက်မှ တစ်ဦး ကျဆုံးခဲ့သည်။

ကနီမြို့တောင်ဘက် မုံရွာ – ယာကြီး – ကလေးဝ လမ်းပေါ်ရှိ ချောင်းမရွာတွင် စက်တင်ဘာလဆန်းက စပြီး အထိုင်ချတပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့အား ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပကဖများနှင့် မဟာမိတ်တပ်များက နံနက် ၁၁ နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြ သည်။

ထိုစစ်ကြောင်းတွင် စစ်ကိုင်းမြို့အခြေစိုက် တပ်မ (၃၃) လက်အောက်ခံ အမှတ် (၁၆) ခြေမြန်တပ်ရင်းမှ ဗိုလ်မှူးသူရိန်က ဦးဆောင်အင်အား ၁၀၀ ခန့် ပါဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ကာကွယ်ရေးဝန်ကြီးဌာနကလည်း စက်တင်ဘာလ ၁၂ ရက်နေ့ညက ထုတ်ပြန်သည်။

တိုက်ပွဲတွင် စစ်သုံ့ပန်း ၄ ဦးဖမ်းဆီးရမိပြီး၊  စစ်သား ၃ ဦး သေဆုံးသလို စနိုက်ပါအပါအဝင် သေနတ် ၇ လက်၊ ဂျန်မာနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း၊ တော်လှန်ရေးတပ်များ၏ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကြောင့် ထိုစစ်ကော်မရှင်တပ်ဖွဲ့သည် ၁၀ မိုင်ခန့် အကွာ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာသို့ဆုတ်ခွာသွားသည်ဟု ပါရှိသည်။

အဆိုပါ ပိတ်ဆို့တိုက်ခိုက်မှုကို ကနီတပ်ပေါင်းစု (9plus) ၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ BNRA တပ်ရင်း (၃)၊ ယင်းမာပင်ခရိုင်တပ်ရင်း (၂၈)၊ ယင်းမာပင်ခရိုင် Drone တပ်ဖွဲ့ ၊ NPDF YMB Local Drone Teams ၊ (9plus) Drone Team၊ SSTF Drone Team ၊ ယင်းမာပင်မြို့နယ် ပကဖ (ULF) နှင့် မဟာမိတ်များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 

ချောင်းမကျေးရွာမှ ဆုတ်ခွာပြေးသွားသော စစ်တပ်စစ်ကြောင်းကို ယင်းမာပင်မြို့နယ် ပကဖ၏ ULF စစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်နေစဉ် Y-12 ထောက်ပို့လေယာဉ်ဖြင့်  ၁၂ ကြိမ်ခန့် ဗုံးသီးများကြဲချ ခဲ့ရာ  မွန်းတည့် ၁၂ နာရီခွဲအချိန်တွင် ULF စစ်ကြောင်း၏ စစ်ကြောင်းမှူးကိုနိုင်မင်း ဗုံးစထိမှန်ခဲ့သည်။ 

“စစ်တပ်က ပြန်အဆုတ်မှာ ဆုတ်လမ်းရဖို့ Y 12 နဲ့ ပတ်ကြဲတာမှာ ထိခိုက်ကျဆုံးရှိတာ”ဟု တော်လှန်ရေး အင်အားစုများနှင့်နီးစပ်သည့် ဒေသခံတစ်ဦးကပြောသည်။

ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦး သေဆုံးကာ MA1 ၂ လက်၊ 5.56 ကျည် ၁၇၀ ခန့်နှင့် ကျည်ဘောက် ၈ ဘောက် သိမ်းဆည်း ရရှိခဲ့သည် ဟု ယင်းမာပင်မြို့နယ်ပကဖ (ULF-Union Liberation Front)  စစ်ကြောင်းမှ စက်တင်ဘာလ ၁၂ ရက်နေ့ညပိုင်း၌ ထုတ်ပြန်ထားသည်။

ချောင်းမရွာတိုက်ပွဲအတွင်း ဖမ်းဆီးရမိသုံ့ပန်းများနှင့် ခဲယမ်းများ၊ ချောင်းမရွာမှ ပြေးသောတပ်ကို ကြာားဖြတ်တိုက်ခိုက်စဉ် ရရှိခဲ့သောလက်နက်ခဲယမ်းများနှင့်အတူ တွေ့ရသော ULF တပ်ဖွဲ့ ဝင်များ။ (ဓာတ်ပုံ-NUG,ULF)

အသက် ၃၅ နှစ်အရွယ် ကိုနိုင်မင်းသည်  အမှတ် (၁) စစ်ဒေသ၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ပကဖ၏ ဒုတာဝန်ခံလည်း ဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေးအစပိုင်းတည်းက ပါဝင်လာသူ ဖြစ်သည်၊  စစ်အာဏာရှင်ပြုတ်ကျရေး စိတ်အားထက်သန်သူဖြစ်ကာ ယင်းမာပင်၊ ကနီ၊ ဘုတလင်၊ ချောင်းဦး၊ ပုလဲ စသည့်တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့သူဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။ 

“(သူက) သင့်တင့်မျှတစွာ နေတယ်။ ရန်သူနဲ့ပတ်သက်ရင်ချေမှုန်းဖို့ တော်တော်လေးပြင်းပြတယ်။ စစ်ကော်မရှင်ကို ချေမှုန်းဖို့ အမြဲတမ်းအဆင်သင့်ရှိနေတဲ့သူပါပဲ။ ရန်သူကင်းစင်ဖို့က၊ ကျရှုံးဖို့က  သူ့အဓိက ရည်မှန်းချက်ပဲ”ဟု ဘုတလင်မြို့နယ်တွင် ကိုနိုင်မင်းနှင့်အတူလက်တွဲတိုက်ပွဲဝင်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တပ်ရင်း ၂၀ ခန့် ပူးပေါင်းဖွဲ့စည်းထားသော ULF ၏ စစ်ကြောင်းမှူး ကိုနိုင်မင်း (SGG 1104 00002) ကျဆုံးခြင်းအခမ်းအနားပြုလုပ်ခဲ့ကြောင်း  ULF က စက်တင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည်။ 

မုံရွာ – ယာကြီး – ကလေးဝ လမ်းပိုင်းသည် စစ်ကိုင်းတိုင်း အစိုးရရုံးစိုက်ရာ မုံရွာမြို့မှ ချင်းတွင်းမြစ်ကို ဖြတ်ပြီး နိုင်ငံအလယ်ပိုင်း ကလေးဝ၊ ကလေးမြို့နှင့် တမူးမြို့တို့ကို ဖြတ်ကာ မိုရေးမြို့အထိ ဆက်သွယ်ထားသည့် အိန္ဒိယ-မြန်မာကုန်သွယ်ရေးအရ အချက်အချာကျသည့် လမ်းပိုင်းဖြစ်သည်။

ချောင်းမရွာသည် ယင်းသို့ ဗျူဟာကျသည့် လမ်းပေါ်တွင်ရှိပြီး တောင်ဘက်တွင်ရှိသည့် ယင်းမာပင်နှင့် အရှေ့တောင်ဘက်တွင်ရှိသည့် ဆားလင်းကြီးနယ်မြို့နယ်တို့နှင့်လည်း မြို့နယ်ချင်းဆက်လမ်းဆုံတွင် ရှိသည်။

“ ချောင်းမက ဒုတိယကနီလို့ ပြောလို့ရတယ် တော်လှန်ရေးအင်အားစုအတွက် ဘယ်လောက်အရေးကြီးလဲ ဆိုတော့။ ဟိုဘက်က ပုလဲ – ယင်းမာပင်ကိုသွားတဲ့လမ်းဆုံဗျ။ ချောင်းမ ရွာလယ်ခေါင်မှာရှိတယ်။ လမ်းဆုံမှတ်တိုင် မုံရွာ – ကလေးဝ – ယာကြီးလမ်း ဗျူဟာလမ်းရဲ့ ဆုံရပ်ပေါ့” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြေပြင်စစ်ကြောင်းမထိုးနိုင်သည်မှာ လနှင့်ချီကြာမြင့်နေပြီဖြစ်သည့် ယင်းမာပင်၊ ကနီမြို့နယ်သို့ စစ်တပ်က ဩဂုတ်လကုန်တွင် အင်အားအလုံးအရင်းဖြင့် တကျော့ပြန်စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

နှစ်ကုန်တွင် ရွေးကောက်ပွဲပြုလုပ်မည်ဟုကြေညာထားသည့်စစ်တပ်သည် စစ်ကိုင်းတိုင်းအတွင်း ဇူလိုင်လကစ စစ်ရေးအရှိန်မြှင့်တင်နေပြီးနယ်မြေပြန်လည်စိုးမိုးရေးနှင့် အဓိကကျသည့် လမ်းပိုင်းများ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ၁၅ မြို့နယ်ထက်မနည်းတွင် ဆက်တိုက်ထိုးစစ်ဆင်နေသည်။

 စစ်တပ် ဆုတ်ခွာပြေးပြီးနောက် တွေ့ရသော ချောင်းမရွာတွင်း အခြေအနေ။ (ဓာတ်ပုံ- ပေးပို့)

Related Articles

Back to top button