မြန်မာ- ထိုင်း နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ တနင်္သာရီမြို့နယ်၊ မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်တပ်က ယခင်လလယ်မှ စတင်၍ မြေပြင်စစ်ကြောင်း နှစ်ခုထိုးနေသလို လေကြောင်းဗုံးကြဲသဖြင့် အရပ်သား နှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။
ခြေလျင်တပ်ရင်း အမှတ် (၂၂၄ ) အပါအဝင် ရဲများနှင့်ပြည်သူ့စစ်များ တပ်စွဲထားပြီး အမြောက်ကုန်းတစ်ခု ရှိသော မောတောင်မြို့ကို ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ယမန်နှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ကတည်းက သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့မှ စတင်ပြီး တနင်္သာရီ- မောတောင်လမ်းကို စစ်တပ်က စစ်ကြောင်း နှစ်ခု ထိုးစစ်ဆင်နေပြီး သဲဖြူရွာအနီး နေ့စဉ် တိုက်ပွဲဖြစ်နေသည်၊ လေကြောင်းကလည်း ဗုံးကြဲ တိုက်ခိုက်နေသည်ဟု KNU တနင်္သာရီမြို့နယ် ဥက္ကဋ္ဌက ပြောသည်။
“သဲဖြူ အလွန်နားက တောထဲမှာ ကျွန်တော်တို့ KNLA နဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်တာကတော့ သူတို့ကတော့ နေ့တိုင်း တက်လာလိုက်၊ ကျွန်တော်တို့ဘက်က ပြန်ပစ်လိုက်ရင် ပြန်ဆုတ်သွားလိုက်နဲ့ ပြီးရင် ပြန်လာပစ် လိုက်နဲ့တော့ တောက်လျှောက်လုပ်နေတယ်” ဟု ၎င်းက ဆိုသည်။
တနင်္သာရီမြို့မှ မောတောင်မြို့သို့သွားသည့် လမ်းပိုင်းပေါ်၌ရှိသည့် သဲဖြူကျေးရွာသည် မောတောင်မြို့ အနောက်ဘက် ၂၈ မိုင်ခန့် အကွာတွင် တည်ရှိသည်။
လေကြောင်းမှလည်း ဧပြီလ ၂၆ ရက်နေ့တွင် လေးကြိမ်၊ နောက်တစ်နေ့ (ဧပြီလ ၂၇ ရက်) တွင် သုံးကြိမ် ဗုံးကြဲခဲ့ရာ မောတောင်မြို့၊ အမှတ် (၃) ရပ်ကွက်ရှိ ဆီအုန်းစိုက်ပျိုးရေးခြံ အလုပ်သမားတန်းလျားကို ထိမှန်ပြီး အသက် ၅၀ အရွယ် လင်မယားနှစ်ဦး နေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု သိရသည်။
“စျေးလာဝယ်တဲ့ အရပ်သား လင်မယား နှစ်ယောက်က လေယာဉ်လာသံကြားတော့ စိုးရိမ်ပြီးတော့ ကုမ္ပဏီဝင်းထဲကို ဝင်ပြေးသွားတာ အဲဒီမှာလည်း ဗုံးကြဲတာနဲ့ တိုက်ဆိုင်ပြီးတော့ အဲဒီမှာ အရပ်သား နှစ်ယောက် သေသွားတာပေါ့” ၎င်းက ဆက်ပြောသည်။
ထိုင်းနိုင်ငံဘက်ခြမ်း ဆင်ခွန်းနယ်စပ်ဂိတ်နှင့် ထိစပ်နေသော မောတောင်မြို့သည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးတွင် အရေးပါသော ဂိတ်တစ်ခုဖြစ်သလို ယခင်က KNU တနင်္သာရီမြို့နယ်၏ ဌာနချုပ်အဖြစ် ရုံးစိုက်ခဲ့သည့် မြို့ဖြစ်ပြီး ၁၉၉၀ ခုနှစ်တွင် စစ်တပ်ထိုးစစ်ကြောင့် လက်လွှတ်ခဲ့ရသည့်နေရာလည်း ဖြစ်သည်။
မြန်မာနှင့် ထိုင်းနယ်စပ်တွင် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီးနှင့် မောတောင်ဟူ၍ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးစခန်းခြောက်ခုရှိသည်။
ထိုအထဲမှ ၂၀၂၅ ခုနှစ်အတွင်း KNU ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်များက မြန်မာ- ထိုင်း နယ်စပ် အဓိကကုန်သွယ်ရေး လမ်းမကြီးဖြစ်သည့် အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးအပါအဝင် မောတောင်မြို့နှင့် ထီးခီးနယ်စပ်ဂိတ်တို့ကို ထိန်းချုပ်နိုင်ခဲ့သည်။
မောတောင်ကို လက်လွှတ်လိုက်ရသည့် စစ်တပ်သည် တနင်္သာရီ- မောတောင် လမ်းဟောင်းနှင့် လက်ရှိ အသုံးပြုနေကြသော လမ်းသစ် နှစ်ခုလုံး အသုံးပြုပြီး ယခုနှစ်ဆန်းမှ စတင်၍ ပြန်လည်ထိန်းချုပ်နိုင်ရေး အပြင်းအထန် ကြိုးပမ်းနေသည်ဟု ဒေသခံများထံက သိရသည်။

လက်ရှိတွင် စစ်တပ်၏ ထိုးစစ်ကြောင့် တနင်္သာရီ- မောတောင်လမ်း တစ်လျှောက်ရှိ ချောင်းနားပေါက်၊ သိက္ခော၊ သဲဖြူ ၊ အထက်ကွမ်းသီးတော၊ အရှေ့ကမ်း၊ ညောင်ပင်ကွင်း၊ ဘန်လော့နှင့် မောတောင်ငယ်ရွာများ အပါအဝင် ကျေးရွာ ၁၀ ရွာထက်မနည်းမှ ဒေသခံ သောင်းနှင့်ချီပြီး စစ်ရှောင်နေရသည်ဟု စစ်ရှောင်အရေး ကူညီပေးနေသည့် ဒေသခံတစ်ဦးက ပြောသည်။
“စစ်ရေး အခြေအနေကတော့ ပိုမိုပြင်းထန်လာမယ်။ ပြည်သူတွေလည်း ပိုပြီးတော့ ဒုက္ခရောက်မယ့် အနေအထားမျိုးတော့ တွေ့ရတယ်။ သူတို့ရဲ့ တပ်စုဖွဲ့မှုတွေ တပ်ဖြန့်ထားမှုတွေက အရင်တုန်းကထက် အင်အားနဲ့ဆိုရင် နှစ်ဆ သုံးဆလောက်ထိကို ချထားတဲ့ အနေအထားမျိုး ဖြစ်လာတယ်”ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။
သင်္ကြန်အပြီး ဧပြီလ ၁၇ ရက်နေ့တွင် မြန်မာနှင့်ထိုင်းနယ်စပ် တနင်္သာရီမြို့နယ်အတွင်းရှိ KNU ထိန်းချုပ်ထားသည့် မောတောင်နယ်စပ်မြို့မှတဆင့် ကုန်သွယ်မှုများပြန်စရန် ထိုင်းဘက်ခြမ်း ပရာကျွတ်ကရီခမ်ခရိုင် ဆင်ခွန်းနယ်စပ်ဂိတ်ကို ယခုနှစ် ဧပြီလ ၁၇ ရက်နေ့မှစ၍ ထိုင်းအာဏာပိုင်များက ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်းဖြစ်သည်။
မြန်မာ-ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုများကို ပြန်လည် စတင်ရန် ထိုင်းနိုင်ငံက ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် လက်တွေ့ ဖော်ဆောင်နိုင်ရန်မှာ ခက်ခဲနေသေးသည်၊ ဆောက်လုပ်ရေးနှင့် လောင်စာဆီများ ကူးသန်းရောင်းဝယ်နိုင်ရန် လိုအပ်နေသည်ဟု KNU တနင်္သာရီမြို့နယ် ဥက္ကဋ္ဌက သုံးသပ်သည်။
“နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်မှ ကျွန်တော်တို့ဘက်ကလည်း ဝင်ငွေရနိုင်သလို မောတောင်မှာရှိနေတဲ့ ပြည်သူလူထုရဲ့ စားဝတ်နေရေးအရ ကုန်သွယ်မှုရှိမှပဲ ဒီဒေသ သီးနှံတွေကိုလည်း ရောင်းလို့ရမယ်။ ကျွန်တော်တို့ဘက်က လိုအပ်နေတဲ့ စားသောက်ကုန်တွေကိုလည်း ထိုင်းဘက်ကနေပြီး လွယ်ကူစွာမှာယူလို့ ရမယ်” ဟု ၎င်းက ပြောသည်။
တနင်္သာရီမြို့နယ်အတွင်း တနင်္သာရီမြို့နှင့်မောတောင်မြို့တို့ရှိကြပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ စာရင်းများအရ မောတောင်မြို့ပေါ် ရပ်ကွက်သုံးခုတွင် လူဦးရေ ငါးသောင်းကျော် နေထိုင်သည်။
တနင်္သာရီတိုင်းအတွင်း စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲသည် ယခုနှစ် မတ်လအတွင်း ၇၀ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ဒေသခံ ၇၉,၇၀၀ စစ်ရှောင်နေရသည်၊ တိုက်ပွဲနှင့် ပဋိပက္ခများအကြား အရပ်သား အသတ်ခံရမှုမှာ ၂၂ ဦးအထိရှိခဲ့သည်ဟု တနင်္သာရီတိုင်း အခြေစိုက် FE5 တနင်္သာရီ အဖွဲ့က ဧပြီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်တပ်က အရပ်ဝတ်အစိုးရအဖြစ် ဟန်ပြပြောင်းလဲလိုက်သော်လည်း ၎င်းတို့အတွက် ဝင်ငွေ ရပေါက် ရလမ်းဖြစ်သည့် တရုတ်-မြန်မာ နယ်စပ်အပါအဝင် နယ်စပ် ဂိတ်ပေါက်များကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည်။




