စစ်တပ် စိတ်တိုင်းကျခြယ်လှယ်ကျင်းပခဲ့သော အတုအယောင်ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသည့် တတိယအကြိမ် လွှတ်တော်များတွင် ဝင်ရောက် နေရာယူထားသည့် လွှတ်တော်ကိုယ်စားလှယ်ဆိုသူများအတွက် လစဉ် လစာငွေ ကျပ်တစ်ဘီလီယံ (ကျပ်သိန်း ၁၀,၀၀၀) ခန့်ကို ပြည်သူ့ဘဏ္ဍာမှ ကျခံသုံးစွဲရဖွယ်ရှိနေသည်။
၂၀၂၁ ခုနှစ်တွင် ရွေးကောက်ခံအရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းယူခဲ့သည့် စစ်အုပ်စုက စစ်အဏာသိမ်းကာလ ငါးနှစ်ဝန်းကျင်အကြာ ၂၀၂၅ နှစ်ကုန်နှင့် ၂၀၂၆ နှစ်ဆန်းတွင် သုံးကြိမ်ခွဲ၍ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်တွင် ရွေးကောက်ပွဲများကျင်းပခဲ့ပြီး ယခုနှစ် မတ်လလယ်မှစတင်၍ တတိယအကြိမ်လွတ်တော်များ ကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။
စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်(UEC)၏ ကနဦး ထုတ်ပြန်ချက်အရ အတုအယောင် ရွေးကောက်ပွဲမှ ရွေးချယ်ခံရသူ တိုင်းရင်းသားရေးရာဝန်ကြီးအပါအဝင် ကိုယ်စားလှယ်ပေါင်း ၁,၀၂၅ ဦး၊ အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် တပ်ချုပ်ရာထူးမစွန့်လွှတ်မီ အမည်စာရင်းပေးပို့ခဲ့သည့် တပ်မတော်သား ကိုယ်စားလှယ် ၃၆၈ ဦး စုစုပေါင်း ၁,၃၉၃ ဦးရှိကြောင်း သိရသည်။
နအဖအစိုးရလက်ထက် ၂၀၁၁ ခုနှစ် ဇန်နဝါရီလတွင် ပြဋ္ဌာန်းခဲ့ပြီး နောက်ပိုင်းတွင် ပြင်ဆင်မှုများရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေတွင် ပြည်သူလွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်အတွက် တပ်ကိုယ်စားလှယ်များအပါအဝင် အမတ်တစ်ဦးကို လစာ ကျပ် ၁၀ သိန်း၊ တိုင်းနှင့် ပြည်နယ်လွှတ်တော်အတွက် တစ်ဦးလျှင် ကျပ် ငါးသိန်းသတ်မှတ်ထားသည်။
သို့ရာတွင် အတုအယောင်ရွေးကောက်ပွဲမှ အမတ်နေရာရလာသူအချို့သည် ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်၏ အစိုးရအဖွဲ့တွင် ဝန်ကြီးနှင့် အခြားသောနိုင်ငံရေးရာထူးများရယူခြင်းကြောင့် မူလအမတ်နေရာကို စွန့်လွှတ်ရပြီး ထိုအမတ်နေရာများ လစ်လပ်မှုများရှိခဲ့သည်။
ပြည်ထောင်စုလွှတ်တော်၏ အင်တာနက်စာမျက်နှာတွင် ထုတ်ပြန်ထားသော အမတ်ဦးရေ စာရင်းအရ စစ်တပ်ထိန်းချုပ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် တပ်ကိုယ်စားလှယ်ဦးရေ ၁၆၆ ဦး၊ အတုအယောင်ရွေးကောက်ပွဲမှ တက်လာသူ ၄၂၀၊ စုစုပေါင်း ၅၈၆ ဦးရှိရာ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပါ လစာနှုန်းထားအရ တစ်ဦးလျှင် လစာ ၁၀ သိန်းနှုန်းဖြင့်တွက်ချက်ပါက ၎င်းတို့အတွက် လစဉ် ကျပ်သိန်းပေါင်း ၅,၈၆၀ ကုန်ကျမည်ဖြစ်သည်။
တိုင်းနှင့် ပြည်နယ်လွှတ်တော်များတွင် တပ်ကိုယ်စားလှယ် ၂၀၂ ဦး၊ အတုအယောင်ရွေးကောက်ပွဲမှ တက်လာသူ ၅၇၆ ဦး စုစုပေါင်း အမတ် ၇၇၈ ဦးအတွက် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပါ လစာနှုန်းထားအရ တစ်ဦးလျှင် လစာ ငါးသိန်းနှုန်းဖြင့်တွက်ချက်ပါက ကျပ်သိန်းပေါင်း ၃၈၉၀ ကုန်ကျမည်ဖြစ်သည်။
ထိုကြောင့် လွတ်တော်အမတ်အားလုံးပေါင်း ၁,၃၆၄ ဦးအတွက် ကျပ်သိန်းပေါင်း ၉,၇၅၀ (ကျပ်သိန်း တစ်သောင်းခန့်) ကုန်ကျနိုင်မည်ဖြစ်သည်။
စစ်တပ်ကိုယ်စားလှယ်များသည် စစ်သားလစာနှင့် အမတ်လစာအနက် နှစ်သက်ရာလစာတစ်ခုကို ရရှိနိုင်သည်။ အမတ်များတာဝန်ဖြင့် ခရီးသွားလျှင် တည်းခိုစရိတ် ၈၀၀၀ ကျပ်၊ အခြားအသုံးစရိတ် ၇၀၀၀ ကျပ်နှင့် စားသောက်စရိတ် ၂၀,၀၀၀ ကျပ်ရမည်ဖြစ်ကြောင်း ထိုဥပဒေတွင် ဖော်ပြထားသည်။
ဦးသိန်းစိန်အစိုးရလက်ထက် ပထမအကြိမ်လွှတ်တော်တွင် တပ်လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်လစာကိုမယူဘဲ လွှတ်တော်တက်နေစဉ် ကာလအတွင်းပေးသည့် တစ်နေ့အသုံးစရိတ်ကိုသာ ယူကြောင်း၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် RFA သတင်းဌာနက ဖော်ပြခဲ့သည်။ လက်ရှိတွင် တပ်ကိုယ်စားလှယ်များသည် မည်သည့်လစာ ယူသည်ကို ရှင်းရှင်းလင်းလင်းအတည်ပြုနိုင်ခြင်း မရှိသေးပါ။
တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ကျယ်ပြန့်သောနိုင်ငံရေးအင်အားစုအသီးသီးက သပိတ်မှောက်ထားသော စစ်တပ်ရွေးကောက်ပွဲစနစ်သည် လွတ်လပ်မျှတမှုမရှိသလို ထိုမှတဆင့် ပေါ်ပေါက်လာသည့် လွှတ်တော်မှ ဖော်ဆောင်သော နိုင်ငံရေးစနစ်မှာလည်း တရားဝင်မှုကင်းမဲ့သည့် နိုင်ငံရေးစနစ်ဖြစ်၍ အမတ်များအတွက် လစဉ်ပေးချေနေရသည့် ငွေများသည် အချည်းနှီး ကုန်ကျမှုဖြစ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာကျွမ်းကျင်သူလည်းဖြစ်၊ Spring Sprout သုတေသန၏ အမှုဆောင်ဒါရိုက်တာ ကိုထင်ကျော်အေးက မှတ်ချက်ပြုသည်။
“ဘယ်လိုပဲ သူတို့တွေ လွှတ်တော်ထဲမှာရောက်နေတာ လွှတ်တော်ထဲမှာ ပြည်သူရဲ့ အခွန်ဘဏ္ဍာကို သုံးစွဲနေတာတွေသည် အချည်းနှီးလို့ပဲမြင်တယ်။ သူတို့တွေ အဆိုတွေ ဘယ်လိုပဲကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ဒါသည် တကယ့်အနှစ်သာရမရှိတဲ့ အချည်းနှီး…ပြောရမယ်ဆိုရင် ဒါပြဇာတ်ကနေတဲ့ သဘောသာဖြစ်တယ်” ဟု ၎င်းက ဝေဖန်သည်။
စစ်တပ်အာဏာသိမ်းချိန်မှစတင်၍ အာဏာသိမ်းစစ်ခေါင်ဆောင်က နိုင်ငံတော်ဘတ်ဂျက်များကို အထိန်းအကွပ်မဲ့ သုံးစွဲခဲ့သဖြင့် နိုင်ငံအတွက် ဆုံးရှုံးနစ်နာခဲ့ပြီး ယခုအခါ လွှတ်တော်အသုံးစရိတ်များမှာ သုံးစွဲပုံကွာခြားသော အလားတူဆုံးရှုံးမှုဖြစ်ကြောင်း ၎င်းက ဆိုသည်။
စစ်တပ်လွှတ်တော် ကိုယ်စားလှယ်တို့မှာ လူထုဆန္ဒဖြင့် ရွေးကောက်တင်မြှောက်သူများမဟုတ်သလို ပြည်သူကိုယ်စားပြုပြီး လူထုအတွက် အလုပ်အကျွေးပြုသူများမဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီ (CWC)အဖွဲ့ဝင် ဦးကျော်ထွေးက ဆိုသည်။
“ပြည်သူလူထုအတွက်ဘာမှစဥ်းစားမယ့်သူတွေ၊ ဘာမှလုပ်ပေးမယ့်အဖွဲ့အစည်းမဟုတ်လို့ မင်းအောင်လှိုင်အာဏာတည်မြဲဖို့နဲ့ ကမ္ဘာကိုလိမ်လည်ပြဖို့ပဲလွှတ်တော်အတုမှာပါဝင်သူတွေမို့ တိုင်းပြည်နဲ့ပြည်သူလူထုကောင်းစားဖို့မျှော်လင့်စရာတစက်မှမရှိဘူးလို့ မြင်ပါတယ်”ဟု သူက ပြောသည်။
လက်ရှိလွှတ်တော်များတွင် အဓိကနေရာရထားပြီး အဓိကအဆုံးဖြတ်ပေးနေသည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်များသည် ယူနီဖောင်းသာကွဲပြားပြီး စစ်တပ်နှင့် အတူတူပဲဖြစ်ကြောင်း ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။
“လွှတ်တော်ထဲမှာအတိုက်အခံပါတီဆိုတာလည်းမရှိပါဘူး။ အင်အားလည်းမရှိဘူးဆိုတော့ ပြည်သူတွေဘာဖြစ်ဖြစ် စစ်တပ်က မျက်စိဆံပင်မွေး မစူးအောင် ရောယိမ်းလိုက် ဘသားယိမ်းလိုက် ရေစုန်မျှောပြီးလိုက်နေကြတာပါ။ လွှတ်တော်ကတော့စစ်အစိုးရအလိုတော်ကျသရုပ်ဆောင်ရတဲ့ ဟန်ပြရုပ်သေးလွှတ်တော်သက်သက်ပဲဖြစ်ပါတယ်” ဟု ဦးဖေသန်းက ဝေဖန်သည်။
“တခြားပါတီကရောက်လာတဲ့ကိုယ်စားလှယ်တွေဆိုတာ နိုင်နိုင်ရှုံးရှုံး အသံလေးတောင်မထွက်ရဲတဲ့ ဘဝရောက်သွားပါပြီ။ တဖက်ကတော့ သူတို့အကျိုးစီးပွားကိုကာကွယ်ဖို့အတွက် မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပေါ့” ဟု ၎င်းက ဦးဖေသန်းက ဆက်ပြောသည်။

အတုအယောင်ရွေးကောက်ပွဲအပြီးပေါ်ပေါက်လာသော လွှတ်တော်များအနက် ပြည်သူ့လွှတ်တော်၏ ဥက္ကဋ္ဌဖြစ်လာသူ အသက် ၇၃နှစ်အရွယ် ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီက မတ်လ ၁၆ ရက် ၎င်း၏ ပထမဆုံး လွှတ်တော်မိန့်ခွန်းတွင် လွတ်လပ်မျှတသောရွေးကောက်ပွဲမှ ပါတီစုံဒီမိုကရေစီစနစ်သွားမည့် လွှတ်တော်ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဥပဒေပြုရေးသည် လွှတ်တော်၏ အဓိကတာဝန်ဖြစ်ပြီး နိုင်ငံတော်အာဏာမဏ္ဍိုင်သုံးရပ်ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲ၍ အချင်းချင်းထိန်းကျောင်းရမည်ဖြစ်ကြောင်း ၎င်း၏ မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။
ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းမှုနှင့်ပတ်သက်၍ လွှတ်တော်အမတ်များအနေဖြင့် လွှတ်တော်ရုံးညွှန်ကြားရေးမှူးချုပ်များက ကြီးကြပ်သော အဆိုနှင့် မေးခွန်းဌာနတွင် ကြိုတင်ပြရကြောင်း၊ ခွင့်ပြုသော နေ့ရက် အစည်းအဝေးတွင် ဆွေးနွေးရပြီး အဆိုများ ပယ်ချခံရမှု မရှိသေးကြောင်း ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)မှ လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းစံ(ခ) စိုင်းဆေဟန် Myanmar Now ကို ပြောသည်။
“များသောအားဖြင့်တော့ အဆိုဆွေးနွေးတာ အတိုက်အခံဆိုတာတော့ မရှိသလောက်ပါပဲဗျ။ ဘာဖြစ်လို့လဲဆိုတော့ မဆွေးနွေးခင်မှာ အချင်းချင်း ညှိနှိုင်းတိုင်ပင်ပြီးမှ ဘယ်အဆိုတင်မယ်ဆိုတာလေ။ များသောအားဖြင့် ဒီလွှတ်တော်မှာ တစည ပါတီက ဝင်ရောက်ဆွေးနွေးတာများတာပေါ့နော်။ ဒေါက်တာကျော်ဆွေဆိုတာလေ။ သူကတော့ ဝင်ရောက်ဆွေးနွေးတာများတယ်ဗျ” ဟု ၎င်းက ပြောသည်။
လက်ရှိလွှတ်တော်နေရာအများစုကို ပြည်ခိုင်ဖြိုးပါတီကသာ ရရှိထားပြီး ဟန်ပြလွှတ်တော်ဖြစ်ကြောင်း ဝေဖန်မှုများနှင့်ပတ်သက်၍ မှတ်ချက်မပြုလိုကြောင်း ၎င်းက ဆိုသည်။
“လွှတ်တော်ဆိုတာလည်း ၂၀၁၀ ကနေ ၂၀၂၅ အခုချိန်ထိဆိုရင် အရင်တုန်းကလိုပါပဲ။ နိုင်တဲ့ပါတီက လူအများစုပေါ့။ နည်းတဲ့(ရှုံးတဲ့) ပါတီကတော့ လူအနည်းစုပေါ့။ အဲ့ဒီလိုပဲဖြစ်နေတာပဲလေ။ မဆန်းပါဘူးလေ။ အရင်တုန်းကနိုင်တာလည်း အပြတ်အသတ်နိုင်တဲ့ပါတီလည်းရှိတယ်။ ပြီးတော့ တကျော့ပြန်လာတော့ နောက်ထပ်တစ်ပါတီ အပြတ်အသတ်နိုင်တယ်။ ကျွန်တော်တို့ တိုင်းရင်းသားအနေနဲ့ အဲ့ဒီလောက်အဆင့်ထိ နိုင်မယ်ဆိုတာမရှိဘူး။ တိုင်းရင်းသားက လူနည်းစုကိုဗျ” ဟု သူက ဆိုသည်။
သို့ရာတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းနှင့် ပြည်နယ်လွှတ်တော်များတွင် စစ်တပ်ငြိုငြင်နိုင်လောက်သည့် အကြောင်းအရာများကို ဆွေးနွေးမှုများမရှိကြောင်း၊ စစ်တပ်ပြောလိုသည့် အကြောင်းအရာများကိုသာ အသံထွက်ပေးနေရကြောင်း ဝေဖန်ခံနေရသည်။
ထိုဆွေးနွေးပွဲမတိုင်မီ ဇူလိုင်လ ၇ ရက်က စစ်အုပ်စုထိန်းချုပ် ပြည်ထောင်စုလွှတ်တော်တွင် မြန်မာ့အရေး အာဆီယံက ချမှတ်ခဲ့သည့် ဘုံသဘောတူညီချက် ၅ ချက်မှာ ပကတိအရှိတရားနှင့် မကိုက်ညီဟုဆိုကာ စစ်တပ်လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေးခဲ့သည်။ အာဆီယံနှင့်ပတ်သက်သည့် ထိုအဆိုကို ကြံ့ခိုင်ရေးပါတီ၏ ရှမ်းပြည်နယ်၊ ကလောမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းခဲ့ခြင်းဖြစ်သည်။
ထိုအဆိုအပါအဝင် စစ်တပ်ရုပ်သေးရုပ်လွှတ်တော်ဖြစ်နေကြောင်း ဝေဖန်မှုများနှင့်ပတ်သက်၍ ဦးနန္ဒာလှမြင့်နှင့် လွှတ်တော်တွင်း အဓိကနေရာရထားသည့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အချို့ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပေ။
စစ်အုပ်စုအနေဖြင့် ၎င်းတို့စိတ်တိုင်းကျကျင်းပခဲ့သည့် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ခေါ်ယူကာ အစိုးရဖွဲ့စည်းထားနိုင်ပြီဖြစ်ကြောင်း အစဉ်တစိုက်ပြောဆိုလျက်ရှိပြီး နိုင်ငံတကာတွင် တရားဝင်မှုနှင့် အသိမှတ်ပြုရရန် ကြိုးပမ်းနေသည်။ ကိုယ်တိုင်ခန့်သမ္မတဘဝတွင် စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် တရုတ်၊ အိန္ဒိယနှင့် အာဆီယံဒေသတွင်း လာအိုနိုင်ငံသို့ သွားရောက်ခဲ့ပြီး လာမည့်လအတွင်း ထိုင်းနိုင်ငံသို့ အလည်အပတ်သွားရောက်ရန်ရှိနေသည်။



