အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မင်းတပ်မြို့ကိုစစ်တပ်က အကြီးအကျယ်ဗုံးကြဲတိုက်ခိုက်

နံနက် ၉ နာရီခွဲခန့်မှစတင်၍ မင်းတပ်မြို့ကောင်းကင်ယံတွင် စစ်တပ်ဘက်က စေလွှတ်သည့် တိုက်လေယာဉ် ငါးစီးထက်မနည်းကို မြင်တွေ့ခဲ့ရပြီး ဗုံးသီးအလုံး ၁၀၀ ခန့်ကြဲချခဲ့သည်ဟုလည်း မြို့ခံတို့ကဆိုသည်။

ချင်းပြည်နယ် မင်းတပ်မြို့နှင့်အနီးတဝိုက်ကို ယနေ့နံနက်ပိုင်းမှစတင်၍ စစ်တပ်က တိုက်လေယာဉ်များဖြင့် အကြီးအကျယ်ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံများထံက သိရသည်။

နံနက် ၉ နာရီခွဲခန့်မှစတင်၍ မင်းတပ်မြို့ကောင်းကင်ယံတွင် စစ်တပ်ဘက်က စေလွှတ်သည့် တိုက်လေယာဉ် ငါးစီးထက်မနည်းကို မြင်တွေ့ခဲ့ရပြီး ဗုံးသီးအလုံး ၁၀၀ ခန့်ကြဲချခဲ့သည်ဟုလည်း မြို့ခံတို့ကဆိုသည်။

နောက်ဆက်တွဲအပျက်အစီးနှင့် အသေအပျောက်အခြေအနေကိုမူ  မသိရသေးပါ။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နှင့်ကန်ပက်လက်မြို့တို့ကို  ချင်းတော်လှန်ရေး တပ်ပေါင်းစုဖြစ်သည့် ချင်းညီနောင်တပ် (CB) က၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ကတည်းက စစ်တပ်ထံမှ သိမ်းပိုက်ထားသည်။ ယင်းတပ်ဖွဲ့သည် အာရက္ခတပ်တော် (AA) နှင့် စစ်ရေးမဟာမိတ်ဖွဲ့ထားသည်။ 

ချင်းတောင်ပိုင်းမှ နောက်ထပ် မြို့တစ်မြို့ဖြစ်သည့် ပလက်ဝကို အာရက္ခတပ်တော် (AA) ကသိမ်းပိုက်ထားသည်။

စစ်တပ်သည် မင်းတပ်နှင့်ကန်ပက်လက်မြို့တို့ကို သိမ်းယူရန် မေလလယ်တွင် စတင်ထိုးစစ်ဆင်ခဲ့သော်လည်း မအောင်မြင်ဘဲ အထိနာခဲ့သည်။  

ဒုတိယမြောက် ထိုးစစ်အတွက် အင်အားဖြည့်တင်းရန် စစ်တပ်သည်မကွေးတိုင်း ဆောမြို့နယ်အတွင်း အင်အားထပ်ဖြည့်ဖို့ရန် ပြင်ဆင်နေသည်ဟု ချင်းတော်လှန်ရေးတပ်များဘက်ကဆိုသည်။ စစ်တပ်သည် မြေပြင်တပ်များမစေလွှတ်မီ မင်းတပ်မြို့အနီးတဝိုက်ကို အပြင်းအထန် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

ယခုနှစ်ဆန်းပိုင်းတွင် မကွေးတိုင်း၌ တွေ့ရသည့် စစ်ယာဉ်တန်း။ (ဓာတ်ပုံ- ပေးပို့)

စစ်တပ်၏တိုက်ခိုက်မှုများအပြီး လူစုလူဝေးမလုပ်ကြရန်နှင့် မော်တော်ယာဉ်များဖြင့် သွားလာခြင်းကို သတိထားရန် မြို့ကိုထိန်းချုပ်ထားသည့်  ချင်းညီနောင်တပ် (CB)တပ်ဖွဲ့ဝင်  ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/ CPA) ဘက်က မြို့ခံများကိုသတိပေးထားသည်။ 

“အမိုးအကာအောက်၊ အရိပ်အောက်မှာပဲ ဆိုင်ကယ်တွေ၊ ကားတွေ ရပ်ကြ၊ အဝတ်တွေလှန်းတာ ကောင်းပါတယ်။ ဖြစ်နိုင်ရန် ဖိနပ်ချွတ်တာကစလို့ အိမ်ထဲချွတ်ပြီး လူရိပ်လူခြေ တိတ်နေရင် အကောင်းဆုံးပါပဲ” ဟု CPU/ CPA အတွင်းရေးမှူး ဆလိုင်းယောမန်က သူ၏ Facebook စာမျက်နှာမှတဆင့် မြို့ခံများကို သတိပေးထားသည်။

ပေ ၉၀၀၀ အထိမြင့်မားသည့် တောင်တန်းများ၊ အမြဲစိမ်းသစ်တောများအကြားမှ မင်းတပ်မြို့သည် ၂၀၂၁ စစ်တပ်အာဏာမသိမ်းခင် လူ ၄၇၀၀၀ ကျော်နေထိုင်ပြီး မြို့ခံအားလုံးနီးပါသည် ချင်းမျိုးနွယ်စုများ ဖြစ်ကြသည်။ နှစ်ချီစစ်မြေပြင်ဖြစ်ခဲ့ပြီးနောက် မြို့ခံများစွန့်ခွာထွက်ပြေးနေကြရပြီး လက်ရှိအချိန်တွင် မြို့တွင်းတွင် အရပ်သားမည်မျှ ရှိနေသည်ကိုမူ တိတိကျကျမသိရပါ။

စစ်တပ်သည် မင်းတပ်မြို့ကိုသာမက မင်းတပ်မြို့၏အရှေ့ဘက် ၁၉မိုင်(၃၁ကီလိုမီတာ)ခန့်ဝေးသည့် ဆောမြို့နှင့် အနီးတဝိုက်ကိုလည်း ယမန်နေ့က ဗုံးအလုံး ၅၀ ခန့်ကြဲချခဲ့သည်ဟု ဒေသတွင်းစစ်ရေးအခြေအနေများကို ရေးသားလေ့ရှိသည့် ယောအလင်းတန်း Facebook စာမျက်နှာတွင် ရေးသားသည်။

“(စစ်တပ်လေယာဉ်တွေဗုံးကြဲတာက) …ချင်းဘက်ရော ယောနယ်ရော နားတဲ့ရက် မရှိပါဘူး။ နေ့စဉ် လာပစ်နေတာပ။”ဟု မကွေးတိုင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့နေ့လယ်ပိုင်းတွင် ပြောသည်။ 

ချင်းပြည်နယ်တောင်ပိုင်းတွင် အထိနာနေသည့် စစ်တပ်ကို စစ်ကူအင်အားဖြည့်တင်းနိုင်ရန်အတွက် မကွေးတိုင်း၊ ကျောက်ထုမြို့တွင် စစ်ကြောင်းတစ်ကြောင်း၊ လောင်းရှည်မှတဆင့် ဆောမြို့တွင် စစ်ကြောင်းတစ်ကြောင်းတို့ဖြင့် ပြင်ဆင်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များ ကဆိုသည်။ 

 မင်းတပ်မြို့သည် စစ်တပ်အခြေစိုက်အမြောက်တပ်ရှိရာ ကျောက်ထုမြို့နှင့် ၁၉ မိုင်ခန့်သာ ကွာဝေးပြီး ကန်ပက်လက်မြို့သည်လည်း ဆောမြို့နှင့် ၁၀ မိုင်ခန့်သာ ကွာဝေးသည်။ မင်းတပ်သည် မကွေးတိုင်းမှတဆင့် ချင်းတောင်တန်းသို့ဝင်ရန် အဓိကတံခါးပေါက် ဖြစ်သလို မင်းတပ် – မတူပီလမ်းမကြီးကို ထိန်းချုပ်နိုင်ရေးအတွက်လည်း အခရာကျသည်။ 

မကွေးတိုင်း ကျောက်ထုမြို့မှ ချင်းပြည်နယ် မင်းတပ်မြို့သို့ ၂၀၂၂ မတ် ၂၃ ရက်တွင် ဦးတည်လာသည့် စစ်တပ်ယာဉ်တန်း။ (ဓာတ်ပုံ – CDF Mindat)

မင်းတပ်မြို့နယ်အတွင်းရှိ မကွီအိမ်နူးနှင့် ကျင်ဒွေးတို့မှတဆင့် ရခိုင်ပြည်နယ်သို့ လမ်းကြောင်းများရှိသလို၊ မတူပီမှတဆင့် ဆမီး၊ ပလက်ဝဘက်သို့ သွားရောက်နိုင်သည့် လမ်းကြောင်းများရှိသည့်အတွက်  ထိုဒေသကို ပြန်လည်ထိန်းချုပ်ရန် စစ်တပ်ကကြိုးပမ်းနေခြင်းဖြစ်နိုင်ကြောင်း CDM ဗိုလ်ကြီး ကောင်းသူဝင်း က သုံးသပ်သည်။ 

“ အဓိကကတော့ မင်းတပ်သာလက်လွှတ်ဆုံးရှုံးရသည်ရှိသော် မင်းတပ်မှာ တခါ စစ်ကောင်စီက အင်အားဖြည့်မယ်။ တခါထိုင်မယ်။ ထောက်ပို့လုပ်ငန်းဆိုင်ရာတွေကို ဒီဘက်မှာ တည်ပြီးတော့ နောက်တဆင့်တက်ဖို့အတွက် အထူးသဖြင့် မင်းတပ် မတူပီ လိုင်လင်းပီဘက်ဖြစ်ချင် ဖြစ်မယ်။ နောက်တစ်ခုကလည်း မကွီအိမ်နူး ကျင်ဒွေးတို့ကနေတဆင့် ရခိုင်ဘက်ကိုသွားနိုင်တဲ့ လမ်းကြောင်းတွေ ဒီလိုလမ်းကြောင်းတွေကိုလည်း ဒါစစ်တပ်က ပြန်ထိန်းချုပ်ချင်တဲ့သဘောပေါ့။ အထူးသဖြင့်တော့ ရခိုင်ဘက်ကိုဝင်တဲ့လက်နက်ခဲယမ်းတွေပေါ့”ဟု CDM ဗိုလ်ကြီးကောင်းသူဝင်းက ဆိုသည်။

ချင်းတောင်ပိုင်းတိုက်ပွဲများတွင်  ချင်းတော်လှန်ရေး အင်အားစုများနှင့် အတူ အာရက္ခတပ်တော် (AA) ကလည်းပူးပေါင်း တိုက်ခိုက်လျက်ရှိသည်။ 

စစ်ကောင်စီသည် ပြည်နယ်တစ်ခုလုံးနီးပါး လက်လွှတ်ထားရသည့် ရခိုင်ပြည်နယ်နှင့်  ထိစပ်နေသော ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ချင်းပြည်နယ်စသည့်လမ်းကြောင်းများမှတဆင့် ပြန်လည်ထိုးဖောက်ဝင်ရောက်နိုင်ရန် ဘက်ပေါင်းစုံမှ ကြိုးပမ်းနေသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button