အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

စစ်မြေပြင်ချိန်ခွင်လျှာ ပြောင်းလဲစေသော FPV ဒရုန်းနှင့် ဧရာဝတီမြစ်ညာ ရေကြောင်းတိုက်ပွဲ  

တော်လှန်ရေးသမားတို့က အသေခံဒရုန်းနည်းပညာသုံးလာနိုင်သဖြင့် အထိနာလာသော စစ်တပ်သည် ဟန်ပြငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပိုမိုပြုလုပ်ရန်၊ နိုင်ငံတကာ၏ လေးစား အသိအမှတ်ပြုမှု ရရှိရန် ကြိုးစားနေသည်။

မြန်မာနိုင်ငံ၏ အသက်သွေးကြောသဖွယ် ရှင်သန်စီးဆင်းလျက်ရှိသော ဧရာဝတီမြစ်ကြီးသည် ၁၉၄၈ ခုနှစ် မြန်မာ့လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားခဲ့သော ပြည်တွင်းစစ်ကြီး၏ သမိုင်းသက်သေများကို မှတ်တမ်းတင်နေသည်ဆိုလျှင် မကြာသေးမီက ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ညာ ရေကြောင်းတိုက်ပွဲသည် မြစ်မင်းဧရာ၏ သမိုင်းမှတ်တမ်းသစ် ရေးထိုးခြင်းခံခဲ့ရပြီ ဖြစ်သည်။ 

ဩဂုတ်လကုန်ပိုင်းမှ စတင်ခဲ့သော ဧရာဝတီမြစ်ညာ ရေကြောင်းတိုက်ပွဲသည် ကချင်ပြည်နယ်၏ ဗန်းမော်မြို့ရှိ ရှေ့တန်းစစ်မြေပြင်သို့ စစ်ကူထောက်ပို့ပေးရန် မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်တပ်၏ စစ်ရေယာဉ်အုပ်စုကို တိုက်ခိုက်ခြင်းဖြစ်သည်။ မန္တလေးတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ် ဧရာဝတီမြစ်၏ ဒုတိယ မြစ်ကျဉ်းအနီးတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDFs) ပူးပေါင်းတပ်များက FPV အသေခံ ဒရုန်းများဖြင့် တိုက်ခိုက်ချေမှုန်းခဲ့သည်။ 

FPV သို့မဟုတ် First Person View ဒရုန်းဆိုသည်မှာ ဗုံးချိတ်ဆွဲထားသော ဒရုန်းကို ပစ်မှတ်ရှိရာသို့ မောင်းနှင်ရာတွင် လေယာဉ်တစ်စီးကို လေယာဉ်မောင်းသူက လိုရာခရီးသို့ ထိန်းကြောင်း မောင်းနှင်ပျံသန်းနိုင်သကဲ့သို့   အတိအကျ ဦးတည်ပျံသန်းတိုက်ခိုက်နိုင်သော ဒရုန်းအမျိုးအစား ဖြစ်သည်။  စစ်မြေပြင်တွင် FPV ဒရုန်းက ပစ်မှတ်ကို တိကျစွာ ချေမှုန်းနိုင်စွမ်းသည် ထိုစစ်ပွဲရလဒ်ကို အချိန်တိုအတွင်း လုံးဝပြောင်းလဲနိုင်ပါသည်။ 

ထို့ကြောင့် ဧရာဝတီမြစ်ညာရေကြောင်းတိုက်ပွဲအတွင်း အာဏာသိမ်းစစ်အုပ်စု အသုံးပြုသည့် ရေယာဉ် စုစုပေါင်း ၁၃ စီး အထိ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ခြင်းက ပြည်တွင်းစစ်သမိုင်းတွင် စံချိန်တင် သမိုင်းဝင်ဖြစ်ရပ် ဖြစ်ခဲ့သည်။  ထိုဖြစ်စဉ်ကို အွန်လိုင်းတွင်  ကြည့်ရှုကြရသည့် နိုင်ငံအနှံ့က သန်းနှင့်ချီသော စစ်ဘေးရှောင်ပြည်သူများသည် ဆယ်စုနှစ်နှင့်ချီ မျိုးဆက်အလိုက် ခါးသီးစွာခံစားနေရသော စစ်အာဏာရှင် စနစ်ဆိုးကြီးကို မြစ်မင်း ဧရာဝတီထဲ ထာဝရ နှစ်မြှုပ်ပစ်လိုက်နိုင်လျှင် ကောင်းလေစွဟု ဆန္ဒပြုနေကြမည်လား မသိပါ။ 

၁၉၄၈ ခုနှစ်မှ စတင်ခဲ့သော ပြည်တွင်းစစ်သမိုင်းတွင် ဧရာဝတီမြစ်အတွင်း ရေကြောင်းတိုက်ပွဲဆိုလျှင် မြစ်ဝကျွန်းပေါ်၌ ဖြစ်ပွားခဲ့သော သမိုင်းမှတ်တမ်းများသာရှိခဲ့ရာမှ ယခုအခါ ဧရာဝတီမြစ်ညာ ရေကြောင်းတိုက်ပွဲ သမိုင်းမှတ်တမ်းသစ်တစ်ခု တိုးလာခဲ့ပြီ ဖြစ်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် စတင် ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း၊ ဧရာဝတီဒုတိယမြစ်ကျဉ်းအနီး ရေကြောင်းတိုက်ပွဲသည် အာဏာ သိမ်းစစ်အုပ်စု၏ ကြီးမားသော စစ်ရေးရှုံးနိမ့်မှုကြီး ဖြစ်လာပြီး၊ စစ်တပ် ခေါင်းဆောင်သစ် ရဲဝင်းဦး ပွဲဦးထွက် စစ်ရှုံးနိမ့်ခြင်းဟု ဆိုနိုင်ပါသည်။

နိုင်ငံတကာ ခေတ်မီဒရုန်းနည်းပညာကို ရယူအသုံးချလာနိုင်သော မြန်မာ့စစ်မြေပြင် 

ဧရာဝတီမြစ်ညာရေကြောင်းတိုက်ပွဲ ထူးခြားချက်ကို သေချာ သုံးသပ်ရှုမြင်နိုင်ရန် အရေးကြီးပါသည်။ အကြောင်းမှာ ၂၀၂၅ ခုနှစ်တွင် စစ်တပ်က အလားတူ ရေယာဉ်အုပ်စုဖြင့် မန္တလေးမှ ဗန်းမော်အထိ ဆန်တက်နိုင်ခဲ့ပြီး၊ KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့သော်လည်း ယခုလို ရလဒ်များ မရရှိခဲ့ပါ။ ထို့ကြောင့် စစ်တပ်သည် ဗန်းမော်သို့ စစ်သည်အင်အားနှင့် လက်နက်အင်အား ဖြည့်တင်းနိုင်ခဲ့သည်၊  ဗန်းမော်လေဆိပ်နှင့် အနီးဝန်းကျင်ရှိ စစ်စခန်းများအပါအဝင် တမြို့လုံးနီးပါး သိမ်းပိုက် ထားနိုင်ခဲ့သော KIA သည်လည်း တန်ပြန်ထိုးစစ်ကြောင့် ထိုနေရာများမှ ဆုတ်ခွာခဲ့ရသည်။ 

ပုံမှန်အားဖြင့်ဆိုလျှင် တော်လှန်ရေးအင်အားစုများသည် ၎င်းတို့ထက် စစ်အင်အားနှင့် အရင်းအမြစ် သာလွန် ပိုင်ဆိုင်ထားသော အာဏာသိမ်းစစ်တပ်ကို ကုန်းပေါ်တွင်သာ ရင်ဆိုင်တိုက်ခိုက်နိုင်ပြီး၊  ရေတပ်နှင့် လေတပ်တို့ကို ရင်ဆိုင်တိုက်ခိုက်နိုင်ရန်မှာ ယခင်က မှန်းဆ၍ပင် မရနိုင်ပါ။ သို့သော် ယခုအခါ ဧရာဝတီမြစ်ထဲမှ စစ်တပ်၏ စစ်ရေယာဉ်အုပ်စုကို FPV ဒရုန်းနည်းပညာသုံး စစ်ဆင်ရေး (FPV Drone Warfare) ဖြင့်  ထိရောက်စွာ တိုက်ခိုက်နိုင်ခြင်းသည် ပြည်တွင်းစစ်သမိုင်း၏ အလှည့်အပြောင်း တစ်ခုဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ၏  ရှားပါးသော စစ်မြေပြင်အသာစီးရမှု ဖြစ်လာသည်။ 

ဤဆောင်းပါး ရေးသားနေစဉ် စက်တင်ဘာလ ၁၀ ရက်တွင် မန္တလေးတိုင်း တံတာဦးမြို့နယ်ရှိ တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် တွဲလျက်တည်ရှိသော စစ်အုပ်စု၏ တံတားဦးလေတပ်စခန်းဌာနချုပ်ထဲတွင် ရပ်နားထားသည့် တိုက်လေယာဉ်များကို NUG လက်အောက်ခံ PDF တပ်ဖွဲ့များက FPV ဒရုန်းခြောက်စီးဖြင့် တိုက်ခိုက်ခဲ့သည့် ဗီဒီယိုမှတ်တမ်းများ ထပ်မံထွက်ပေါ်လာသည်။ ထိုလေတပ်စခန်းမှ တိုက်လေယာဉ်များ သည် လွန်ခဲ့သော ငါးနှစ်လုံးလုံး အပြစ်မဲ့အရပ်သားပြည်သူများကို နေ့စဉ်ဗုံးကြဲသတ်ဖြတ်မှုများ စိတ်ကြိုက် ကျူးလွန်လျက်ရှိပြီး၊ တော်လှန်ရေးတပ်ဖွဲ့များ၏ တန်ပြန်တိုက်ခိုက်မှုကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သည်။ တိုက်လေယာဉ်များ ပျက်စီးထိခိုက်သွားသည့် အခြေအနေကိုမူ အတိအကျ အတည်မပြုနိုင်ပါ။

စင်စစ် ယူကရိန်းစစ်မြေပြင်မှ မြန်မာစစ်မြေပြင်သို့ ရောက်လာသော FPV အသေခံဒရုန်းနည်းပညာ အစွမ်း ကြောင့် တော်လှန်ရေးတပ်ဖွဲ့များသည် ယခုလို တန်ဖိုးကြီးပစ်မှတ်များ (High-value Targets) ကို တိုက်ခိုက် အောင်ပွဲခံနိုင်ခြင်းဖြစ်ပြီး၊ နိုင်ငံတကာ ဒရုန်းနည်းပညာ တိုးတက်ပြောင်းလဲမှုများက မြန်မာ့ပြည်တွင်းစစ်အထိ လက်လှမ်းမီ အသုံးချလာနိုင်သည့် အသွင်လက္ခဏာသစ်ကို တွေ့မြင်ခဲ့ရခြင်း ဖြစ်သည်။ ထိုအချက်က လက်ရှိ စစ်မြေပြင်ချိန်ခွင်လျှာကို သိသာစွာပြောင်းလဲနိုင်ပြီး၊ စစ်အုပ်စုအတွက် မကြုံဖူးသော စိန်ခေါ်မှုကြီး ဖြစ်လာနေ ပြီ ဖြစ်သည်။

အကြောင်းမှာ တော်လှန်ရေးအင်အားစုများ၏လက်ထဲ ပိုင်ဆိုင်ထားသော FPV အသေခံဒရုန်းနည်းပညာနှင့် စွမ်းရည်က စစ်အုပ်စု၏ ပစ်မှတ်မျိုးစုံကို အဝေးမှ အချိန်မရွေး တိုက်ခိုက်ဖျက်ဆီးနိုင်ကြောင်း တံတားဦး လေတပ် တိုက်ခိုက်ခံရခြင်းနှင့် ဧရာဝတီမြစ်အတွင်း စစ်ရေယာဉ်အုပ်စု မရှုမလှ တိုက်ခိုက်ဖျက်ဆီးခံလိုက် ရခြင်းက သက်သေပြသနေပြီ ဖြစ်သည်။ 

ထိုကဲ့သို့ စစ်ရေးပစ်မှတ်များသာမက စစ်ခေါင်းဆောင်ပိုင်း၏ ယာဉ်တန်းများနှင့် ၎င်းတို့၏ နေအိမ်များထဲအထိ ပစ်မှတ်အရှင်နှင့် အသေနှစ်မျိုးလုံးကို FPV အသေခံဒရုန်းများ အချိန်မရွေး ထိုးဖောက်ဝင်ရောက် တိုက်ခိုက် နိုင်စွမ်းရှိကြောင်း မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များကို ဧရာဝတီမြစ်ညာ ရေကြောင်းတိုက်ပွဲနှင့် တံတားဦး လေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရခြင်းတို့က သတိပေးနေပြီ ဖြစ်သည်။ ထိုအချက်ကို စစ်ခေါင်းဆောင်များ မတွေးမိဘဲ နေလိမ့်မည် မဟုတ်ပါ။ 

လတ်တလော စစ်အုပ်စု၏ စစ်ရေးရှုံးနိမ့်မှုများကို လေ့လာလျှင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်လျက်ရှိသော KIA နှင့် AA တို့၏ စစ်မျက်နှာများ၌ “၁၀၂၇ စစ်ဆင်ရေး” တွင် ဆုံးရှုံးခဲ့သောနယ်မြေများ ပြန်လည်သိမ်းပိုက်နိုင်ရေး တန်ပြန်ထိုးစစ်များ မအောင်မြင်ဘဲ စစ်ဦးကျိုးသည့် ဖြစ်စဉ်များသာမက၊ တံတားဦး လေတပ်စခန်းဌာနချုပ်ကဲ့သို့ အရေးကြီးသော စစ်နယ်မြေထဲအထိ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးဖောက် တိုက်ခိုက်မှု ခံလာရခြင်းကို တွေ့နိုင်သည်။ 

ရခိုင်စစ်မျက်နှာတွင် စစ်အုပ်စု၏ အင်အားထောင်ချီသော ကြည်း၊ ရေ၊ လေ ထိုးစစ်သည်  စစ်တွေ- ပုဏ္ဏားကျွန်းနှင့် ဧရာဝတီ- ရခိုင်နယ်စပ် စစ်မျက်နှာများတွင် အာရက္ခတပ်တော် (AA) ၏ ခုခံစစ်နှင့် တန်ပြန်ထိုးစစ်များ အောက်တွင် စစ်ရှုံးနိမ့်နေခြင်း သတင်းများ ဆက်တိုက်ထွက်ပေါ်လျက်ရှိသည်။ 

ထိုအချင်းအရာများကို သုံးသပ်ရလျှင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပွားလျက်ရှိသော ပြည်သူ့ လက်နက်ကိုင်တော်လှန်ရေး အရှိန်အဟုန်သည် “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း လျော့ကျသွားခဲ့ရာမှ၊ ယခု အခါ စစ်ပွဲအရှိန် ပြန်လည်မြင့်တက်လာသည်ကို တွေ့မြင်လာရသည်။ ထို့ကြောင့် စစ်အုပ်စု၏ လတ်တလော စစ်ရေးရှုံးနိမ့်မှုများက နိုင်ငံတကာအသိုက်အဝန်းအကြား ၎င်းအား မြန်မာနိုင်ငံ၏သမ္မတအဖြစ် အသိအမှတ်ပြုရန် မင်းအောင်လှိုင်၏ ကြိုးပမ်းမှုများအပေါ်ကို သက်ရောက်မှုများ ရှိလာနိုင်ပါသည်။  

စစ်ရေးရှုံးနိမ့်မှုများက သံတမန်ရေး ကြိုးပမ်းမှုကို သက်ရောက်နိုင်မှုအလားအလာ  

၂၀၂၆ ခုနှစ် ဧပြီလတွင် အာဏာသိမ်းစစ်ခေါင်းဆောင်အဖြစ်မှ ကိုယ်တိုင်ခန့် သမ္မတအတု ရာထူးရယူခဲ့ပြီး၊ အရပ်သားအသွင်ယူခဲ့သော မင်းအောင်လှိုင်သည် လွန်ခဲ့သော ငါးနှစ် စစ်ခေါင်းဆောင်ဘဝထက် ယခုအချိန်တွင် ၎င်းအား နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်ပြုရေး ပို၍ လိုအပ်နေချိန် ဖြစ်သည်။ ထို့ကြောင့် မေလကုန်ပိုင်းမှ စတင်၍ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှား၊ ဘယ်လာရုစ်၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား ရှစ်နိုင်ငံကို ဆက်တိုက်သွားရောက်ခဲ့ပြီး၊ ထိုနိုင်ငံများက ၎င်းအား အသိအမှတ်ပြုလျက်ရှိ ကြောင်း နိုင်ငံတကာသံတမန်ရေးမျက်နှာစာတွင် ကြိုးပမ်းပြသနေသည်။ 

ထိုခရီးစဉ်များ၏ အဓိက ရည်ရွယ်ချက်မှာ စက်တင်ဘာလ တတိယအပတ်တွင် စတင်မည့် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် နိုဝင်ဘာလအလယ်တွင် ကျင်းပရန်ရှိသည့် အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးများက ၎င်းအား မြန်မာနိုင်ငံ၏ ရွေးကောက်ခံသမ္မတအဖြစ် အသိ အမှတ်ပြု လက်ခံလာရေး ကြိုးပမ်းမှု ဖြစ်သည်။ 

ထို့ကြောင့် ယခုနှစ်၏ လက်ကျန် တတိယ လေးလပတ် အချိန်ကာလသည် မင်းအောင်လှိုင်အတွက် အလွန် အရေးကြီးသော ကာလ ဖြစ်သည်။ စက်တင်ဘာလ ၂၂ ရက်နေ့ (တတိယမြောက် အင်္ဂါနေ့) သည် အစဉ်အလာအရ (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများ အထွေထွေ မိန့်ခွန်းပြောကြားခြင်း (High-level General Debate) အစီအစဉ်ဖြင့် စတင်မည်ဖြစ်ရာ ကုလသမဂ္ဂစင်မြင့်ထက်တွင် မင်းအောင်လှိုင်အား မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံအကြီးအကဲအဖြစ် အသိအမှတ်ပြုရန် အလားအလာ မရှိပါ။ 

ယနေ့အချိန်ထိ ကုလသမဂ္ဂသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုကို ပြတ်သားစွာ ဆန့်ကျင်ခဲ့ပြီး၊ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုထားဆဲ ဖြစ်သည်။ ထို့အတူ သမ္မတဦးဝင်းမြင့် ခန့်အပ်ခဲ့သော ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ကုလသမဂ္ဂက အသိအမှတ်ပြု လက်ခံထားဆဲ ဖြစ်သည်။

စက်တင်ဘာလ ၁၂ ရက်တွင် မင်းအောင်လှိုင်၏ နိုင်ငံခြားရေးဌာနက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ရာဇဝတ်သားသဖွယ် သိက္ခာချတိုက်ခိုက်သော ကြေညာချက်တစ်စောင် ထုတ်ပြန်လာပါသည်။ ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ ကုလသမဂ္ဂ အရည်အချင်းစိစစ်ရေးကော်မတီ၏ အစီရင်ခံစာ တင်သွင်းမည့် ရက်ပိုင်းအလိုတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အချိန်ကိုက် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ 

ကုလသမဂ္ဂ လုပ်ထုံးလုပ်နည်းများအရ အဖွဲ့ဝင်နိုင်ငံများ၏ ကုလသမဂ္ဂတွင် ကိုယ်စားပြုခွင့် အရည်အချင်း စိစစ်ရေးကော်မတီ (UN Credential Committee) ၏ အထွေထွေညီလာခံသို့ အစီရင်ခံစာတင်သွင်းခြင်းကို ဆောင်ရွက်ခဲ့ရာ၊ လွန်ခဲ့သော ငါးနှစ်လုံးလုံး မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားပြုမှုပြဿနာကို ဆုံးဖြတ်ချက်မချဘဲ ရွှေ့ဆိုင်း လာခဲ့သည်။ အကယ်၍ ထိုကော်မတီက ယခုနှစ်တွင်လည်း ယခင်နှစ်များအတိုင်း မြန်မာ့အရေး ရွှေ့ဆိုင်းမည်လား၊ မင်းအောင်လှိုင်ခန့်အပ်သော သံအမတ်ကို လက်ခံမည်လား စောင့်ကြည့်ရပါလိမ့်မည်။ ထို့ကြောင့် စက်တင်ဘာလသည် မင်းအောင်လှိုင်အတွက် ကုလသမဂ္ဂမျက်နှာစာတွင် အရေးကြီးသော အချိန်ကာလ ဖြစ်ပါသည်။

ထို့အပြင် ဒေသတွင်း အသိအမှတ်ပြုမှု ရရှိရေးတွင်လည်း အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က မင်းအောင်လှိုင် ကျင်းပခဲ့သော အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်ပြုလက်ခံရန် ဘုံသဘောတူညီမှု မရရှိ၍ ယနေ့အချိန်အထိ အသိအမှတ်ပြုခြင်း မရှိပေ။ အကျိုးဆက်အားဖြင့် အာဆီယံ အသင်းကြီးက မင်းအောင်လှိုင်ကို မြန်မာနိုင်ငံအကြီးအကဲအဖြစ် အသိအမှတ်မပြုသလို၊ လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားရန် အလားအလာမရှိပါ။ 

သို့သော် အာဆီယံအဖွဲ့ဝင်များထဲမှ ထိုင်း၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား နိုင်ငံတို့က ၎င်းအား မြန်မာနိုင်ငံ၏ အကြီးအကဲအဖြစ် အသိအမှတ်ပြု ဖိတ်ကြားဆက်ဆံခဲ့ခြင်းကို အကြောင်းပြု၍ အာဆီယံ ခေါင်းဆောင်များအတွင်း သဘောထားပြောင်းလဲပြီး မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးသို့ ပြန်လည် တက်ရောက်ခွင့်ပြုမည်လောဟူသော တွက်ဆမှုများ မြင့်တက်နေချိန် ဖြစ်သည်။   

ထိုအခြေအနေတွင် မင်းအောင်လှိုင်သည် စစ်ရေးရှုံးနိမ့်မှုအသစ်များကို စက်တင်ဘာလထဲတွင် အသစ်တဖန် ကြုံတွေ့လာရခြင်း ဖြစ်ပြီး၊ ၎င်း၏ သံတမန်ရေး ကြိုးပမ်းမှုများကို သက်ရောက်မှုများ ရှိလာနိုင်ပါသည်။ အကြောင်းမှာ  ကုလသမဂ္ဂနှင့် အာဆီယံ သံတမန်ရေး မျက်နှာစာများတွင် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲများ ကျင်းပခဲ့ပြီး၊ ၎င်းအား မြန်မာပြည်သူများက သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိပြီး ၎င်း၏အစိုးရသည် တိုင်းပြည်ကို ကောင်းစွာအုပ်ချုပ်လျက်ရှိကြောင်း မင်းအောင်လှိုင် ကမ္ဘာလှည့် ဝါဒဖြန့် ပြောဆိုနေချိန်၊ ထိုကဲ့သို့ စစ်ရှုံးနိမ့်မှုများ ထပ်မံကြုံတွေ့လာရခြင်းက ၎င်း၏ ပြောဆိုချက်များ နှင့် ဖီလာဆန့်ကျင် ဖြစ်နေပါသည်။ 

ဟန်ပြ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် စစ်ရှိန်လျှော့ချရန် ကြံစည်လာခြင်း

စင်စစ် ကချင်နှင့် ရခိုင်စစ်မျက်နှာများတွင် တန်ပြန်ထိုးစစ်များဖော်ဆောင်ရန် ပြင်ဆင်ခဲ့ချိန်နှင့် တပြိုင်တည်း ဩဂုတ်လကုန်ပိုင်းတွင် မင်းအောင်လှိုင်သည် အဖွဲ့ဝင် ငါးဦးပါ ငြိမ်းချမ်းရေး အကြံပေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး၊ သမ္မတသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးဖြစ်စဉ်များကိုဦးဆောင်ခဲ့သူ ဝန်ကြီးဟောင်း အောင်မင်းကို ဥက္ကဋ္ဌ ခန့်အပ်ခဲ့သည်။ ထိုဖြစ်စဉ်သည် ဧရာဝတီမြစ်ညာ ရေကြောင်းတိုက်ပွဲ ဖြစ်ပွားချိန်နှင့် အချိန်ကိုက် ဖြစ်သည်။

စင်စစ် ဝန်ကြီးဟောင်း အောင်မင်းနှင့်အဖွဲ့သည် သမ္မတသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ခေါင်းဆောင်များအားလုံးနှင့် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးရှိခဲ့ခြင်းကို မင်းအောင်လှိုင် အသုံးချလိုခြင်း ဖြစ်သည်။ ဝန်ကြီးဟောင်း အောင်မင်းသည် ငြိမ်းချမ်းရေးအကြံပေး အဖွဲ့ဥက္ကဋ္ဌ ဖြစ်လာသည်နှင့် ခြေမြန်လက်မြန်ရှိလှပြီး  KIA ၊ ချင်းအမျိုးသား တပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းသည်ဟူသော သတင်းများလည်း ထွက်ပေါ်လာသည်။ သို့သော် အဖွဲ့များမှ တာဝန်ရှိသူများက ထိုကဲ့သို့ ကမ်းလှမ်းမှုမျိုး မရရှိပါဟု သတင်းဌာနများ၏ အမေးကို တုံ့ပြန်ခဲ့ကြသည်။  

မင်းအောင်လှိုင်၏ ဗျူဟာမှာ တိုင်းရင်းသားနယ်မြေများကို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ပြီး ဒေသခံပြည်သူများ စစ်ဒဏ်သင့်မှု ဆိုးရွားသည်ထက် ဆိုးရွားလာရန် ဖန်တီး၍ အခြားတစ်ဖက်တွင် ထိုဒေသများကို ထိန်းချုပ်ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များကို ၎င်းကိုယ်တိုင် အကြိမ်ကြိမ်ခေါ်နေသော ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်သို့ ရောက်ရှိလာရေး ဖြစ်သည်။ 

သို့သော် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးစားပွဲပေါ်တွင် အဓိပ္ပာယ်ရှိသော မည်သည့် နိုင်ငံရေးအပေးအယူမျှ ရှိမနေပါ၊ ဟန်ပြ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ နေပြည်တော်တွင် ပြန်လည်ကျင်းပပြီး၊ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး ဆောင်ရွက်နေပြီဖြစ်၍ ၎င်းအား နိုင်ငံ၏ တရားဝင်သမ္မတအဖြစ် အသိအမှတ် ပြုရန် နိုင်ငံတကာအသိုက်အဝန်းကို လှည့်စားမည့် အကြံအစည်ဖြစ်သည်။ ယခင်က ထိုကဲ့သို့ လှည့်စားခံခဲ့ရသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များကို နောက်တစ်ကြိမ် ထပ်မံလှည့်စား၍ မရနိုင်ပါ။

ထို့ကြောင့် မင်းအောင်လှိုင်သည် ငြိမ်းချမ်းရေး အမှန်တကယ်လိုချင်ပါက စစ်တပ်သည်သာလျှင် နိုင်ငံတော် အာဏာကို အလုံးစုံ ထိန်းချုပ်ရေး၊ စစ်တပ်ကသာလျှင် နိုင်ငံရေးတွင် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ လွှမ်းမိုးထားနိုင်ရေး သဘောထားကို စွန့်လွှတ်မည့်အကြောင်း ကမ္ဘာသိကြေညာရန် လိုအပ်သည်။ သို့မှသာ နိုင်ငံရေးအရ အဓိပ္ပာယ်ရှိသော ဆွေးနွေးပွဲများ ဖြစ်လာနိုင်မည်၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ လိုလား တောင့်တသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးစနစ်နှင့် နိုင်ငံရေးပတ်ဝန်းကျင်ကို စစ်စစ်မှန်မှန် တည်ဆောက်ရေး လမ်းစပွင့်လာမည် ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။