အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တောင်းမြစ်အရှေ့ခြမ်းတွင် တော်လှန်ရေးစခန်းများကျပြီးနောက် တိုက်ပွဲဆက်ပြင်းထန်

စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်နှင့် ပဲခူးတိုင်း ရွှေကျင်မြို့နယ်တို့ ထိစပ်ရာ နယ်မြေရှိ တော်လှန်ရေးလှုပ်ရှားနယ်မြေများအတွင်း စစ်တပ်က ထိုးဖောက်ဝင်ရောက်လာခြင်းကြောင့် KNU၊ PDF ပူးပေါင်းတပ်များက တုံ့ပြန်တိုက်ခိုက်နေ၍ ဒေသတွင်း စစ်ရေးပြင်းထန်နေသည်။

စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နှင့် ပဲခူးတိုင်း ရွှေကျင်မြို့နယ်တို့ ထိစပ်ရာနယ်မြေတွင် ထိုးစစ်ဆင်လာသည့် စစ်တပ်ကို  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အထူးတိုင်းစစ်ဌာနလက်အောက်ခံတပ်များက ခုခံတိုက်ခိုက်နေ၍ တိုက်ပွဲများပြင်းထန်နေကြောင်း

NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သည့် သတင်းရင်းမြစ်အချို့ထံက သိရသည်။

နိုဝင်ဘာလ ၃ ရက်မှစတင်၍ စစ်တပ်က မြေပြင်စစ်ကြောင်း အင်အားတစ်ထောင်ကျော်ဖြင့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့မှတဆင့် သိမ်ဇရပ်မြို့အရှေ့မြောက်ဘက် ပဲခူးတိုင်း ရွှေကျင်မြို့နယ်ဘက်သို့  ဦးတည်၍ထိုးစစ်ဆင်ခဲ့သည်။

ထိုသို့ထိုးစစ်ဆင်ရာတွင် ပထမသီတင်းပတ်အတွင်း စစ်တပ်က ရွှေကျင်မြို့နယ်အခြေစိုက် NUG တပ်ရင်းတပ်ဖွဲ့စခန်း နေရာများ၊ မဟာမိတ် ကရင်အမျိုးသားအစည်းအရုံး (KNU) စခန်းနေရာအချို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဒေသတွင်း တိုက်ပွဲများဆက်လက်ပြင်းထန်နေခြင်းဖြစ်သည်။

“လက်ရှိလည်းတိုက်ပွဲတွေဖြစ်နေတယ်။ ရန်သူ့စစ်ကြောင်းကလည်း အဲဒီတခွင်လုံးကို ဖြန့်ခွဲပြီးလှုပ်(ရှား) နေတာပေါ့။ ကျွန်တော်တို့တပ်တွေကလည်း သူ့နေရာနဲ့သူ အပိုင်းလိုက်ရှိနေတယ်”ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သည့် သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ဆိုသည်။

မွန်ပြည်နယ်မြောက်ပိုင်း ကျိုက်ထို၊ ဘီးလင်းနှင့် သထုံမြို့နယ်တို့သည် NUG ၏ စစ်ရေး၊ နိုင်ငံရေး မဟာမိတ်ဖြစ်သော KNU ၏ သထုံခရိုင် တပ်မဟာ(၁) စစ်ရေးလှုပ်ရှားရာနယ်မြေလည်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်တပ်ထိုးစစ်အတွင်း NUG အထူးတိုင်းစစ်ဌာန၏ ဒုကွပ်ကဲရေးမှူးဖြစ်သူ ကိုအေးမင်းထွန်း၏ စခန်းအပါအဝင် (PDF) တပ်ရင်း သုံးရင်း၏ နောက်တန်းစခန်းများ၊ ဆေးခန်း၊ သင်တန်းလေ့ကျင့်ရေးကွင်းနှင့် ဒရုန်းတပ်ဖွဲ့ နေရာတို့ကို စစ်တပ်က ရရှိသွားကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သည့် အထက်ပါ သတင်းရင်းမြစ်ကလည်း  Myanmar Now ကို ပြီးခဲ့သည့်ရက်များက ပြောထားသည်။

“ရန်သူက ဇီးပြောင်းဆိုတဲ့ရွာအထိလာပြီး တောလမ်းအတိုင်း တည့်တည့် သူတို့မြေပုံမှာပြတဲ့အတိုင်း ဘေးဘယ်ညာ ကာပြီးတော့ တပ်ရင်းရုံးပေါ့။ နောက်တန်းရုံးကို အတိအကျဝင်ချလာတယ်။ သတင်း အတိအကျ ကင်းထောက်ဒရုန်း ကောင်းကောင်းနဲ့ ဝင်လာတာပေါ့။ နောက်ကိုဝင်လာတော့ ကျွန်တော်တို့က ခါးအပိုင်း ခံလိုက်ရသလိုဖြစ်ပြီး ညာဘက်အခြမ်းက တပ်တွေက သတ်သတ် ဘယ်ဘက်အခြမ်းက တပ်တွေက သတ်သတ် ဖြစ်သွားတယ်”ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သည့် သတင်းရင်းမြစ်အမျိုးသားက စခန်းများသိမ်းခံရသည့် ဖြစ်စဉ်ကို ပြောပြသည်။

သို့ရာတွင် KNUနှင့် NUG တာဝန်ရှိသူများက ထိုအခြေအနေကို ငြင်းဆန်ထားကြပြီး စစ်တပ်ဘက်ကမူ စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်ကာ မွန်နှင့် ပဲခူးရှိ KNU၊ PDF စခန်းများ တိုက်ခိုက်သိမ်းပိုက်မိကြောင်း နိုဝင်ဘာလ ၉ ရက်က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။ 

NUG အထူးတိုင်းစစ်ဌာနှင့် စစ်တပ်တိုက်ပွဲပြ မြေပုံ။

လက်ရှိတွင် တော်လှန်ရေးစိုးမိုးလှုပ်ရှားနယ်မြေအတွင်း ထိုးဖောက်ဝင်ရောက်နေသည့်စစ်တပ်ကို NUG အထူးတိုင်းစစ်ဌာနလက်အောက်ခံ PDF တပ်များနှင့် KNU တပ်မဟာ (၁) တပ်များက ပြောက်ကျားစစ်ဖြင့် ပြန်လည်ခုခံတိုက်ခိုက်နေကြောင်း အထူးတိုင်းစစ်ဌာနရဲဘော်အချို့က လူမှုကွန်ရက်တွင် ထုတ်ပြော ထားကြသည်။

NUG အထူးတိုင်းစစ်ဌာန၏ စစ်ရေးအရာရှိ ရဲဘော်တိုးကြီးက စစ်တပ်၏ ထိုးစစ်ကို အထူးတိုင်း စစ်ဌာနက လှုပ်ရှားစစ်ဖြင့် ခုခံနေကြောင်း နိုဝင်ဘာလ ၁၂ ရက်ညက လူမှုကွန်ရက်ပေါ်တွင် ပြုလုပ်သည့် “ဝိုင်းချစ်မယ့် တိုင်းစစ်” ဟုအမည်ပေးထားသော ရန်ပုံငွေရှာဖွေသည့် ကမ်ပိန်းပိတ်ပွဲတွင် ပြောသည်။

“ရန်သူရဲ့ထိုးစစ်မှာ ရဲဘော်တစ်ဦးတစ်ယောက်မှထိခိုက်တာမရှိဘူး။ ဒါကတော့ အာမခံပြီး ပြောရဲတယ်။ ကျွန်တော်တို့ရဲ့ လှုပ်ရှားစစ်နဲ့ ပြောက်ကျားခုခံစစ်တွေကြောင့်ပဲ ရန်သူက အတုံးအရုံး၊ ပစ (ပြည်သူ့ စစ်မှုထမ်း) တွေ အတုံးအရုံး သေဆုံးကုန်တာရှိတယ်။ တချို့တွေဆို အလောင်းတောင် ပြန်မကောက်နိုင်တာ ရှိတယ်။ သတင်းကတော့ ထုတ်လို့ရတဲ့အခြေအနေမှာ ထုတ်ပြန်သွားမှာဖြစ်ပါတယ်”ဟု ဆိုသည်။

ယခုလ ပထမပတ်က တော်လှန်ရေးတပ်စခန်းများကို စီးနင်းကာ လက်နက်များသိမ်းဆည်းပြီးနောက် သိမ်ဇရပ်မြို့ ဘက်သို့ ပြန်လာသည့် စစ်တပ်၏ စစ်ကားသုံးစီးကိုလည်း နိုဝင်ဘာလ ၁၀ ရက် နံနက်တွင် KNU၊ PDF တပ်များက မိုင်းဆွဲပြီး ချုံခိုတိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုတွင် ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦး၊ တပ်သား တစ်ဦးသေဆုံးပြီး တပ်သားတစ်ဦးကို အရှင်ဖမ်းထားကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ဆိုကြသည်။

“ကား တစ်စီးရလိုက်တယ်။ ကားပေါ်ကလက်နက်ကတော့ အများကြီးတော့မရလိုက်ဘူး။ သေနတ် ၁၀ လက်လောက်နဲ့ ရှေ့ဆုံးကားမှာပါတဲ့ ပစ္စည်းတွေတော့ရတယ်ပြောတယ်။ ရှေ့ဆုံးကားတိုက်ခံရတော့ နောက်ကကားတွေ လှည့်ပြန်သွားတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

KNU တပ်မဟာ (၁) ၏ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောမြင့်ထွေးကလည်း ကရင်သတင်းများ အထူးပြု ဖော်ပြသည့် Karen News သတင်းဌာနသို့ နိုဝင်ဘာလ ၁၀ ရက်တွင်  အတည်ပြုထားပြီး “၁၀ လက် ပြန်ရပြီ။ လေယာဉ်ပစ် (စက်လက်) တစ်လက်ပဲ ကျန်တော့တယ်”ဟု ဖြေကြားထားသည်။

လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်သည့် ဗိုလ်ကြီး ဇင်ယော်ကမူ စစ်တပ်သည် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းထိစပ်ရာနယ်မြေတွင် စိုးမိုးနယ်မြေရသလောက် ပြန်ယူမည့် သဘောရှိပြီး စစ်ကြောင်းပြန်ရုပ်သည့် အရိပ်အယောင် မမြင်ရသေးကြောင်း Myanmar Now ကို မှတ်ချက်ပေးသည်။

“သူတို့ကြည့်ရတာ ဘက်ပြောင်းလာသူတွေပေးတဲ့ သတင်းအဟောင်းတွေအရ သိထားတဲ့နေရာတွေ အထိ ဆက်တိုးမယ့်သဘောရှိပါတယ်။ အဲဒီတော့ စစ်တောင်းမြစ်ဝှမ်းအရှေ့ဘက်ခြမ်း ရွှေကျင်နယ်မြေ၊ ပဲခူး၊ ကရင်၊ မွန် ထိစပ်နေတဲ့ တြိဂံနယ်မြေပေါ့။ တိုက်ပွဲတွေဆက်ပြီး ပြင်းထန်နေတယ်။ လေကြောင်း တိုက်ခိုက်မှုတွေကတော့ မရွှေ့ပြောင်းနိုင်တဲ့ စစ်ဘေးရှောင်တွေအပေါ်မှာ တော်တော်လေးထိခိုက်နိုင်ခြေ ရှိပါတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

လတ်တလောတွင် ပဲခူးတိုင်း ရွှေကျင်နှင့် တောင်ဘက် ကျိုက်ထိုနယ်တို့တွင် တိုက်ပွဲများပြင်းထန်နေသလို ထိုမြို့နယ်နှစ်ခု၏ အရှေ့ဘက် တပ်မဟာ (၅) နယ်မြေ ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က KNU ၏ တပ်မဟာ (၁) နှင့် (၅) နယ်မြေများကို အပြင်းအထန် ထိုးစစ်ဆင်နေသည်။

အဆိုပါ စစ်ရေးအခြေအနေများနှင့်ပတ်သက်၍ KNU၊ NUG တာဝန်ရှိသူများကို Myanmar Now က မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

 အခြေခံစစ်သင်တန်းဆင်းပွဲတွင်တွေ့ရသည့် NUG အထူးတိုင်း ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှား။ (ဓာတ်ပုံ- NUG အထူးတိုင်းစစ်ဌာန Facebook) 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles