Connect with us
close

Hi, what are you looking for?

LuduNwayOo

အတွေးအမြင်

“လက်တွေ့ကျကျ ရွေ့ကြမယ်”

သတိမမူ ဂူမမြင်ဆိုတဲ့ စကားလိုပဲ သတိမထားဘဲ ကိုယ့်အတွေးနဲ့ကိုယ် ကိုယ့်စိတ်ခံစားချက်နဲ့ကိုယ် စာဖတ်ကြတဲ့အခါ အနက်လွဲကောက်မိတတ်ကြပါတယ်။ နောက်ထပ် အနက်လွဲကောက်မိတတ်တာကတော့ ဘဝအတွေ့အကြုံတွေအရ တချို့ဝေါဟာရတွေကို မူလအနက်ရင်းအတိုင်း မဟုတ်တော့ဘဲ ပြောင်းလဲနားလည်သွားကြတတ်တာမျိုးပါပဲ။

မသီတာ-စမ်း​ချောင်း

သတိမမူ ဂူမမြင်ဆိုတဲ့ စကားလိုပဲ သတိမထားဘဲ ကိုယ့်အတွေးနဲ့ကိုယ် ကိုယ့်စိတ်ခံစားချက်နဲ့ကိုယ် စာဖတ်ကြတဲ့အခါ အနက်လွဲကောက်မိတတ်ကြပါတယ်။ နောက်ထပ် အနက်လွဲကောက်မိတတ်တာကတော့ ဘဝအတွေ့အကြုံတွေအရ တချို့ဝေါဟာရတွေကို မူလအနက်ရင်းအတိုင်း မဟုတ်တော့ဘဲ ပြောင်းလဲနားလည်သွားကြတတ်တာမျိုးပါပဲ။

နမူနာ ပြောရရင် ‘ပြည်ထောင်စု’ဆိုတဲ့ စကားလုံးပေါ့။ တိုင်းပြည်ထောင်ကလေးတွေ စုထားတာမျိုး သဘောသက်ရောက်တဲ့ ဒီဝေါဟာရကို ‘တစ်ပြည်ထောင်သဘော အနှစ်သာရ’မျိုးနဲ့ လည်ပတ်မောင်းနှင်ခဲ့တဲ့ နှစ်ကာလ ကြာရှည်လွန်းခဲ့တော့ ‘ပြည်ထောင်စု’လို့ ကြားရင် ‘ဗဟိုချုပ်ကိုင်မှု’လို့ တန်းပြီး အနက်ပြန်မိကြတဲ့အထိ ဖြစ်လာကြတာမျိုးပေါ့။

Public Service Announcement

Public Service Announcement

ဖြစ်ချင်တော့ ‘ဖက်ဒရယ်’နဲ့ ‘ဒီမိုကရေစီ’ဆိုတဲ့ ဝေါဟာရတွေမှာ မြန်မာဘာသာစကားနဲ့ အနက်ထင်ရှားအောင် ဘာသာပြန်ထားတာ မရှိနေရာက ကိုယ့်ဘာသာ နားလည်ချင်သလို နားလည်လိုက်ကြတာပါပဲ။ ခုတလော လူတချို့ မရှင်းလင်းနေတာဟာ ‘ဖက်ဒရယ်’အုပ်ချုပ်ပုံစနစ်နဲ့ ‘ပြည်ထောင်စု’သဘောတရား ဖြစ်ပါတယ်။ ဖက်ဒရယ်နိုင်ငံတွေကို ‘ပြည်ထောင်စု’နိုင်ငံတွေလို့ ခေါ်ကြပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုတွေအဖြစ် လူသိများတဲ့နိုင်ငံတွေမှာ အမေရိက၊ ကနေဒါ၊ ဂျာမဏီ၊ ဩစတြေလျ၊ အိန္ဒိယတို့ ပါပါတယ်။ လူသိနည်းတဲ့နိုင်ငံတွေထဲမှာတော့ ယူအေအီး(အာရပ်စော်ဘွားများပြည်ထောင်စု)နဲ့ အီရတ်တို့ ပါပါတယ်။

ဖက်ဒရယ်နိုင်ငံတွေမှာ အစိုးရ နှစ်ရပ် ရှိပါတယ်။ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရပေါ့။ ဗဟိုအစိုးရနဲ့ ဒေသန္တရအစိုးရလို့လည်း ခေါ်ရမှာပါ။ ဖက်ဒရယ်စနစ်ရော ကွန်ဖက်ဒရယ်စနစ်မှာပါ အဓိက အနှစ်သာရဟာ အဲဒီအစိုးရနှစ်ရပ်ကြားမှာ ဘယ်လိုကတိကဝတ်တွေ ထားပြီး နိုင်ငံ့အာဏာကို ကျင့်သုံးကြမလဲဆိုတာကို ဆုံးဖြတ်တဲ့စနစ်ပါ။ တနည်းအားဖြင့် ဗဟိုအစိုးရလို့ ခေါ်ပေမဲ့ အထွေထွေအစိုးရသဘောဆောင်ပြီး သူ့မှာ လျော့နည်းတဲ့ အာဏာ ကျင့်သုံးပြီး ပြည်နယ်/ဒေသန္တရအစိုးရက ပိုအားကောင်းတဲ့ အာဏာကို ကျင့်သုံးရင် ကွန်ဖက်ဒရယ်စနစ်ပေါ့။ ပြည်နယ်/ဒေသန္တရအစိုးရထက် ဖက်ဒရယ်/ဗဟို/အထွေထွေအစိုးရက ပိုအားကောင်းတာဟာ ဖက်ဒရယ်စနစ်ပါပဲ။ အခု နားလည်နေကြပုံဟာ အဲဒီလို မဟုတ်ဘဲ ကွန်ဖက်ဒရယ်ဆိုတာကို ခွဲထွက်တာ၊ ဖက်ဒရယ်က မခွဲထွက်တာဆိုတာမျိုး ဖြစ်နေတယ်လို့ သတိထားမိပါတယ်။ တချို့တွေ ပြောနေကြတာတွေကတော့ ဖက်ဒရယ်စနစ်မှာ ပြည်နယ်ဆိုတာ သီးခြားလွတ်လပ်တဲ့နိုင်ငံသဘောမျိုး ဖြစ်နေတာပါ။

အထက်မှာ ပြောခဲ့သလို ဖက်ဒရယ်အုပ်ချုပ်ပုံစနစ် သုံးတဲ့ နိုင်ငံတွေကို ကြည့်ရင် ဒေသအလိုက် ပြည်နယ်အလိုက် ပြည်နယ်/ဒေသန္တရအစိုးရတွေ ရှိကြတာမှ အမေရိကမှာဆို ပြည်နယ် ငါးဆယ်(နဲ့ ပြည်ထောင်စုပိုင်နယ်မြေ ၅ ခု)ထိ ရှိပါတယ်။ အမေရိကမှာ ကမ္ဘာပေါ်က လူမျိုးပေါင်းတစ်သိန်းခြောက်သောင်းလောက် အကုန်နီးပါး မှီတင်းနေထိုင်ကြတာပါ။ ဖက်ဒရယ်ယူနစ်ရယ်လို့ ခွဲတဲ့အခါမှာ လူမျိုးအစုအဖွဲ့အလိုက် မခွဲထားပါဘူး။ အစပိုင်းမှာ ကွန်ဖယ်ဒရိတ်သဘော သီးခြားလွတ်လပ်နေတဲ့ပြည်ထောင်တွေ(၁၃ ခု)က စုစည်းပြီး တည်ထောင်ခဲ့ကာ ပြည်နယ်/ဒေသန္တရအစိုးရတွေက အာဏာကို ပိုကျင့်သုံးခဲ့ကြပေမဲ့ စုပေါင်းလာတဲ့ ပြည်နယ်အရေအတွက်တွေ များလာပြီးနောက်ပိုင်းမှာ ဖက်ဒရယ်စနစ်ဖြစ်တဲ့ ဗဟိုဖက်ဒရယ်အစိုးရကို အာဏာပိုကျင့်သုံးစေတဲ့နည်းကို သုံးနေတာ အခုအထိပါပဲ။ ဘယ်နိုင်ငံက ဘယ်လူမျိုးကိုမဆို သူ့နိုင်ငံသားအဖြစ် ထီစနစ်နဲ့ လက်ခံတာအပါအဝင် တခြားနည်းတွေနဲ့လည်း လက်ခံတာမှာ နာမည်ကြီးတဲ့ အမေရိကမှာ အမေရိကန်လူမျိုးရယ်လို့ မရှိပါဘူး။ အမေရိကန်နိုင်ငံသားရယ်လို့ပဲ ရှိပါတယ်။ လူမျိုးကတော့ တစ်ထောင့်တစ်ရာ့တစ်ပါး ဖြစ်ချင်တာဖြစ်နိုင်တာမျိုးပေါ့။

အိန္ဒိယမှာတော့ ဘာသာစကားပေါင်း ရာချီကွဲပြားသလို လူမျိုးစု(တိုင်းရင်းသားအစု)တွေ ဒါဇင်ချီ အများကြီး မှီတင်းနေထိုင်ကြပြီး ပြည်နယ်/ဒေသန္တရကို ၂၈ ခု(နဲ့ ပြည်ထောင်စုနယ်မြေ ၈ ခု)

ဆိုပြီး သတ်မှတ်ထားပါတယ်။ ဒီတော့ အမေရိကမှာ ဖက်ဒရယ်အစိုးရက တစ်ခု၊ ပြည်နယ်အစိုးရက အခု ငါးဆယ် ရှိပြီး အိန္ဒိယမှာလည်း ဖက်ဒရယ်အစိုးရက တစ်ခု၊ ပြည်နယ်အစိုးရက နှစ်ဆယ့်ရှစ်ခု ရှိပါတယ်။ အိန္ဒိယမှာတော့ ပြည်နယ်တွေဟာ ဘာသာစကား မတူတဲ့ လူမျိုး၊တိုင်းရင်းသားတွေ ပြန့်နှံ့နေထိုင်ပါတယ်။ ဒီမှာလည်း ပြည်နယ်နာမည်တွေက လူမျိုးနာမည်တွေ မဟုတ်နေသလို ပန်ဂျပ်သား၊ အာသံသူဆိုရင် အညာသား၊ အကြေသူလို ဒေသသား/သူသဘောပဲ ဖြစ်ပါတယ်။ ဘာသာစကားမှာတော့ ပြည်နယ်အလိုက် ကွဲပြားတဲ့ ဘာသာစကားတွေ ရှိနေတတ်ပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံသားတွေက ဘာသာစကား နှစ်မျိုးလောက် အနည်းဆုံး ပြောနိုင်ကြပါတယ်။ ဒေသသုံး ဘာသာစကားနဲ့ ကိုယ့်လူမျိုးဘာသာစကားဆိုတာမျိုးပေါ့။ ကယ်ရာလာပြည်နယ်မှာ နေထိုင်တဲ့ နာဂတိုင်းရင်းသူဆိုရင် နာဂစကား(အိန္ဒိယနိုင်ငံသားနာဂ)အပြင် တနိုင်ငံလုံး အသုံးများတဲ့ ဟင်ဒီဘာသာစကား၊ ကယ်ရာလာပြည်နယ်သုံး မာလာယာလမ်၊ တူလူစတဲ့ ဘာသာစကားတွေထဲက တစ်ခုခု အဲဒီလို စကားတွေ တတ်မြောက်ကြတာမျိုးပါ။

ဒီနေရာမှာ သတိပြုဖို့က ဖက်ဒရယ်ပဲ သွားသွား၊ ကွန်ဖက်ဒရယ်ဘဲ သွားသွား အစိုးရနှစ်ရပ် ရှိနေမှာ ဖြစ်ပါတယ်။ အဲဒီပြောခဲ့တဲ့ နှစ်နိုင်ငံလုံးမှာ လူမျိုးတွေ ပြန့်နှံ့နေထိုင်တာဟာ သိပ်ကျယ်ပြန့်လို့ လူမျိုးတမျိုးမျိုး တိုင်းရင်းသားတခုခုရဲ့ နယ်မြေအဖြစ် သတ်မှတ်တာမျိုး မလုပ်ထားဘဲ နိုင်ငံတွင်း ဘယ်ဒေသမှာနေနေ ဘာလူမျိုးပဲဖြစ်ဖြစ် တန်းတူညီမျှမှု ရစေရမယ်ဆိုတဲ့ အာမခံမှုကိုပဲ အလေး

ထားကြပါတယ်။ အစိုးရနှစ်ရပ်လုံးကို လူထုက အခွန်ဆောင်ရပြီး အစိုးရနှစ်ရပ်လုံးကလည်း သူ့အာဏာ၊ သူ့လုပ်ပိုင်ခွင့်ဘောင်ထဲကနေ ဘယ်သူ့ကိုမဆို တန်းတူထားပြီး လေးစားပါတယ်။ လူမျိုးအလိုက် ဘာသာတရားအလိုက် ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေနဲ့ သက်ဆိုင်ရာ ဘာသာစကားတွေကို စိုးရိမ်ကြောင့်ကြစရာ မလိုဘဲ ကျင့်သုံးပြောဆိုနိုင်အောင်လည်း အစိုးရနှစ်ရပ်စလုံးကပဲ အာမခံပေးရပါတယ်။

ဒီတော့ ဖက်ဒရယ်အစိုးရဆိုတာ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ဘဏ်စနစ်၊ ငွေကြေးစနစ်တွေကို အာမခံပေးရတဲ့ အထွေထွေအစိုးရမျိုးသာ ဖြစ်ပါတယ်။ ပြည်နယ်အစိုးရကတော့ ဒေသအလိုက် လိုအပ်ချက်တွေနဲ့အညီ ဒေသခံလူထုကို ဖြူဖြူမည်းမည်း ဘာလူမျိုး ဘာဘာသာဖြစ်ဖြစ် ဝန်ဆောင်မှုပေးရတာမျိုးပါပဲ။

တကယ်တော့ ကမ္ဘာမှာ ကွန်ဖယ်ဒရိတ်နိုင်ငံရယ်လို့ ဟုတ်တိပတ်တိ မရှိဘဲ ဖက်ဒရယ်နိုင်ငံတွေပဲ များပါတယ်။ ဖက်ဒရယ်ဟာ ခွဲထွက်တာလို့ မှားယွင်းနားလည်လာကြရာက အခုတခါ လွတ်လပ်တဲ့ သီးခြားနယ်မြေတစ်ခု၊ လူမျိုးအလိုက် ထူထောင်သတ်မှတ်ထားရတဲ့ ဒေသတစ်ခုကို လူမျိုးတူအစိုးရက အုပ်ချုပ်တဲ့စနစ်လို့ လွဲမှားအနက်ဖွင့်လာကြပြန်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုပြီး တစ်ပြည်ထောင် အနှစ်သာရနဲ့ လက်နက်ကိုင်စစ်အစိုးရအဆက်ဆက်က အုပ်ချုပ်ခဲ့လေတော့ ‘ပြည်ထောင်စု’ဝေါဟာရရဲ့ အနှစ်သာရကို မသိခဲ့ရဘဲ နာမည်ကြားတာနဲ့ ‘ဗဟိုချုပ်ကိုင်မှု’ကို ဆိုလိုတာပဲလို့ အနက်ဖွင့်လွဲခဲ့ကြရပါတယ်။ ဖက်ဒရယ်စနစ်ကို သီးခြားစီ ရပ်တည်နေတဲ့၊ လွတ်လပ်နေတဲ့ ပြည်ထောင်လေးတွေက စုစည်းတည်ထောင်တဲ့ ပုံစံမျိုးနဲ့ သွားနိုင်သလို တပြည်ထောင်သဘော ဖြစ်နေတဲ့ နိုင်ငံအဖြစ်ကနေ ပြည်နယ်/ဒေသန္တရအစိုးရတွေရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို သတ်သတ်မှတ်မှတ် ပိုင်းခြားသဘောတူထားတဲ့အတိုင်း ပြည်ထောင်လေးတွေသဘော ပြန်လည်ပြဌာန်း(ခွဲခြားသတ်မှတ်)ပြီးလည်း သွားနိုင်ပါတယ်။

နှစ်ပေါင်းများစွာ တပြည်ထောင်သဘောဆန်ဆန် ရွေ့လာခဲ့တဲ့ ဒီနိုင်ငံအနေနဲ့တော့ ကွန်ဖယ်ဒရိတ်သဘော လုပ်ဖို့ထက် ဖက်ဒရယ်သဘော လုပ်ဖို့ကသာ ပိုလွယ်ကူမှာပါ။ အဓိကအကြောင်းရင်းကတော့ လူဦးရေပြန့်နှံ့မှုက သိပ်နက်ရှိုင်းသွားပြီး လူမျိုးအရ သီးခြားနယ်မြေ ထူထောင်လို့ မရနိုင်တဲ့ လူတွေ အများကြီး ရှိနေပါတယ်။ အထူးသဖြင့် ဟိန္ဒူနဲ့အစ္စလာမ်လို ဘာသာတရားတွေကို ကိုးကွယ်ကြတဲ့၊ ဗမာအပါအဝင် တခြားတိုင်းရင်းသားလူမျိုးစုထဲ အကျုံးမဝင်နေတဲ့ ဘာသာရေးလူနည်းစုတွေပါ။ ဒါကြောင့် တကယ်တမ်း အနာဂတ်အတွက် ပြည်ထောင်စုဖွဲ့စည်းပုံကို ပြောကြတဲ့အခါ လူမျိုးကို အခြေခံတဲ့ ဖက်ဒရယ်စနစ်တစ်ခုတည်းကိုပဲ ဦးစားပေးဆွေးနွေးနေကြတာဟာ လက်တွေ့မကျနေဘူးလို့ မြင်ပါတယ်။ လူမျိုးကို အခြေခံတဲ့ ဒေသတွေနဲ့ အခြေမခံတဲ့ ဒေသတွေရယ်လို့ နှစ်မျိုးအရော ဖက်ဒရယ်ယူနစ်တွေကိုလည်း စဉ်းစားကြဖို့ ပညာရှင်တချို့က ထောက်ပြကြတာလည်း ရှိပါတယ်။

လူတစ်ယောက်ချင်းစီရဲ့ ရပိုင်ခွင့်နဲ့ တန်းတူညီမျှမှုကို အာမခံပေးတဲ့ နိုင်ငံမျိုး ဖြစ်ဖို့က လူမျိုးအခြေခံပြီး ဖက်ဒရယ်နိုင်ငံ တည်ထောင်ဖို့ထက် ပိုအရေးကြီးလှပါတယ်။ တစ်ယောက်ချင်းစီအတွက် အာမခံချက် မရှိဘဲ လူမျိုးတမျိုးမျိုး ဖြစ်မှ နိုင်ငံရေးတန်းတူခွင့် ရနိုင်တယ်လို့ နားလည်သွားကြရင် လွန်ခဲ့တဲ့ ဆယ်နှစ်မပြည့်တပြည့်ကမှ ပေါ်လာတဲ့ မုန်းဝန်း(ဗမာ)ဆိုတဲ့ လူမျိုးအသစ်လို လူမျိုးနာမည်အသစ်တွေ ထပ်ထပ်ပေါ်လာပြီး နယ်မြေတောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုတဲ့ ဖော်မြူလာမျိုးတွေ ဖြစ်လာနိုင်တာကိုး။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုရာမှာ ဖက်ဒရယ်ပြည်

ထောင်စုအတွင်း ပြည်နယ်/ဒေသအလိုက် အုပ်

ချုပ်ရေးထက် ကိုယ့်လူမျိုးနဲ့ ကိုယ့်နယ်မြေဆိုတာကို ကန့်သတ်ပြောဆိုလာတဲ့အခါ ဖက်ဒရယ်သဘောထက် လုံးဝလွတ်လပ်ရေးသဘောမျိုး သက်ရောက်လာပါတယ်။ ကျမ တကိုယ်ရည်အနေနဲ့က လွတ်လပ်ရေး လိုချင်တယ်ဆိုလည်း လွတ်လပ်ရေး ယူမယ်လို့ ထုတ်ပြောတာမျိုးကို ပိုသဘောကျပါတယ်။ သူ့လူမျိုးလူထုက သဘောတူကြရင် ဘယ်လိုလုပ်မယ်ဆိုတဲ့ အသေးစိတ်ကို ချပြဆွေးနွေးကြပြီး လူထုဆန္ဒခံယူပွဲမှာ အဆုံးအဖြတ် ပေးကြရုံပါပဲ။

အဲဒီလို မဟုတ်ဘဲ ဖက်ဒရယ်စနစ်၊ ပြည်ထောင်စုစနစ်ကို သွားကြမယ်ဆိုရင်လည်း စစ်မှန်တဲ့ ဖက်ဒရယ်အုပ်ချုပ်မှုပုံစံကို အများလူထု နားလည်အောင် ရှင်းပြပြီး သဘောထားတောင်းခံတာက ပိုကောင်းပါမယ်။ ကိုယ် အနက်ဖွင့်ချင်သလို ဖွင့်ထားတာကို ပြောပြီး ဖက်ဒရယ်စနစ်ဆိုတာ လူမျိုးကိုပဲ အခြေခံရမလိုဖြစ်အောင် ပြောဆိုကြတာဟာ အန္တရာယ်များပါတယ်။

ဖက်ဒရယ်စနစ်မှာ ပြည်ထောင်စုအစိုးရ၊ ဖက်ဒရယ်အစိုးရကို နိုင်ငံအဆင့်အစိုးရအဖြစ် နိုင်ငံတကာက ဆက်ဆံသဘောထားကြတာလည်း ထုံးစံပါ။ အဲဒီဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရတွေကို ဘယ်လိုဖွဲ့ကြမလဲဆိုတာကိုလည်း အားလုံးရဲ့ သဘောထားနဲ့ ဆုံးဖြတ်ကြဖို့ပါ။ ရွေးကောက်ခံချည်းသက်သက် ဒါမှမဟုတ် လူမျိုးတမျိုးမျိုးချည်းသက်သက် မဆုံးဖြတ်ဘဲ အားလုံးဆွေးနွေးတိုင်ပင်ဆုံးဖြတ်ကြဖို့ ဖြစ်ပါတယ်။ ပြည်နယ်ဒေသန္တရအစိုးရတွေဟာ ပြည်ထောင်စုအစိုးရရဲ့ ဗဟိုချုပ်ကိုင်မှုအောက်မှာ နေရတာမျိုး မဟုတ်ပါဘူး။ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်ဒေသန္တရအစိုးရတွေကြားမှာဖြစ်စေ ပြည်နယ်ဒေသန္တရအစိုးရအချင်းချင်းကြားမှာဖြစ်စေ အာဏာခွဲဝေမှုကို အချိုးအစား ညီမျှစွာဖြစ်ဖြစ်၊ အချိုးအစား မညီမျှစွာဖြစ်ဖြစ် အားလုံး အကျေအလည် ဆွေးနွေး ဆုံးဖြတ်ပြီး သတ်မှတ်ပြဌာန်းကာ လိုက်နာဆောင်ရွက်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်အုပ်ချုပ်မှုစနစ်မှာ အထက်နဲ့အောက် ဒေါင်လိုက်ဆက်ဆံရေး မရှိပါဘူး။ ရေပြင်ညီအလျားလိုက် ဆက်ဆံရေးသာ ရှိပါတယ်။ အမေရိက၊ ဩစတြေလျလို ဖက်ဒရယ်နိုင်ငံတွေမှာ နေထိုင်တဲ့ မြန်မာပြည်ဖွားတွေက ဒါကို တွေ့ကြုံနားလည်ကြမှာပါ။ အဲဒီလို ကိုယ်တိုင် ဖြတ်သန်းနေကြပေမဲ့ မြန်မာပြည်ကိစ္စလည်း ကျရော မြန်မာ့နည်းမြန်မာ့ဟန်ဖက်ဒရယ်ဆိုပြီး ထွင်ချင်နေကြလို့တော့ မဖြစ်ပါဘူး။

နောက်တစ်ခုက ဒီမိုကရေစီပါ။ ဖက်ဒရယ်ဆိုတာ အစိုးရတွေကြားက ကတိကဝတ် ဖြစ်ပြီး ဒီမိုကရေစီကတော့ အစိုးရနဲ့ ပြည်သူကြားက ကတိကဝတ်ပါ။ ဖက်ဒရယ်မှာ အစိုးရချင်းကြား ဆက်ဆံရေးဖြစ်ပြီး ဒီမိုကရေစီကတော့ အစိုးရနဲ့ ပြည်သူကြားက ဆက်ဆံရေးပါ။ လူထုအတွက် ဒီမိုကရေစီဟာ သိပ်အရေးကြီးပါတယ်။ ဖက်ဒရယ်က ပိုအရေး

ကြီးပြီး ဒီမိုကရေစီ မလိုဘူးဆိုရင်တော့ ကျမတို့ဟာ အာရပ်စော်ဘွားများပြည်ထောင်စုကို အားကျလိုက်ကြဖို့ပဲ ရှိပါမယ်။ ခုနစ်ပြည်ထောင် စော်ဘွားများရဲ့ နန်းဆက်ခံအုပ်ချုပ်သူတွေက ကိုယ့်ပြည်ထောင်၊ ကိုယ့်ဖက်ဒရယ်ယူနစ်ကို ကိုယ့်ဘာသာ မျိုးရိုးစဉ်ဆက် အုပ်ချုပ်ကြတဲ့ စနစ်ပေါ့။ သူလည်း ပြည်ထောင်စု၊ ဖက်ဒရယ်ပဲလေ။

လူထုရဲ့ အခန်းကဏ္ဍကို အုပ်ချုပ်ခံအဖြစ်ပဲ သ

ဘောထားပြီး စောင့်ရှောက်ပေးတဲ့သဘောသာ ရှိကာ လူ့ရပိုင်ခွင့်နဲ့ လွတ်လပ်မှုတွေ ဆိတ်သုဉ်းနေတဲ့၊ ငွေကြေးကြွယ်ဝလို့ လူတန်းစေ့နေနိုင်အောင် လုပ်ပေးထားပေမဲ့ ပြည်သူ့လွတ်လပ်မှုကို မပေးထားတဲ့ ယူအေအီးလို ဖက်ဒရယ်မျိုးကတော့ ဒီမိုကရေစီ မပါတဲ့ ဖက်ဒရယ်မျိုးပေါ့။ လူမျိုးအခြေခံတဲ့ ဖက်ဒရယ်ကို အဲဒီလို ဒီမိုကရေစီ မပါဘဲ အုပ်ချုပ်မယ်ဆိုရင် ဘယ်လူမျိုးလူထုတွေက သဘောတူကြည်ဖြူကြမလဲတော့ မသိပါဘူး။

ဒီတော့ ရှေ့ဆောင်းပါးတွေမှာ ပြောခဲ့တာတွေကို ပြည်ထောင်စု မခွဲထွက်ရေးနဲ့ ဗဟိုချုပ်ကိုင်ရေးကို ဦးတည်တယ်လို့ မှားယွင်းစွာ ကောက်ချက်ချနေကြတာ တွေ့ရပါတယ်။ လူမျိုးရေးဆန်တဲ့ အနက်

ဖွင့်မှုတွေလည်း တွေ့ရတယ်။ ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့အခါ လူမျိုးအလိုက် ဒေသအလိုက် ခံယူနေကြတာအပြင် ပြည်ထောင်စုအလိုက် သဘောထားကိုလည်း ခံယူကြရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုအလိုက် သဘောထား မပါဘဲ အမေရိက၊ အိန္ဒိယ၊ ဂျာမဏီတွေ မဖြစ်နိုင်သလို ယူအေအီးရယ်လို့လည်း မဖြစ်နိုင်ပါဘူး။ ဖက်ဒရယ်ကို ဒီမိုကရေစီနဲ့ ပူးတွဲကျင့်သုံးမသုံးဟာ ပြည်ထောင်စုတစ်စုံလုံးက ဆုံးဖြတ်ပြီး ပြည်နယ်ဒေသန္တရအား

လုံးမှာ တပြေးညီ လက်ခံကျင့်သုံးရမှာမျိုးပါ။

မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို သဘောပေါက်နားလည်တဲ့ ချက်နိုင်ငံအခြေစိုက် တက်ကြွလှုပ်ရှားသူ အီဂေါဘလာဆာဗစ်ချ်က ‘မြန်မာနိုင်ငံမှာ ဗဟိုအစိုးရ မတည်ရှိတော့ဘူးဆိုတာမျိုး ယူဆဖို့ အလွန် အန္တရာယ်များပါတယ်’လို့ သူ့ရဲ့

‘ကွန်ဖယ်ဒရယ်နိုင်ငံ (နိုင်ငံငယ်များ အတူတကွ စုပေါင်းနေထိုင်ကြခြင်း) အရေးနဲ့ ပတ်သက်တဲ့ မှတ်ချက်’ထဲမှာ ထောက်ပြထားပါတယ်။ သူ ဆက်ပြောထားတာတွေက ဒီမှာပါ။ ‘တကယ်လို့ စစ်တပ်ကို ဆန့်ကျင်နေတဲ့ မဟာမိတ်တပ်ပေါင်းစုတွေအနေနဲ့ လက်ရှိမှာ ရှိနေတဲ့ နွေဦးတော်လှန်ရေးလှိုင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဗဟိုကို ထည့်ပြီး မစဉ်းစားတော့ဘူးဆိုရင် တော်လှန်ရေးဟာလည်း တစစီဖြစ်သွားနိုင်တဲ့ အန္တရာယ်လည်းရှိပါတယ်’ ‘မြန်မာနိုင်ငံရဲ့ ဖယ်ဒရယ်စနစ်ကို လူမျိုးစုတွေပေါ်မှာ အခြေခံရင် အင်မတန် အန္တရာယ် များနိုင်ပါတယ်’ ‘တိုင်းရင်းသားလူမျိုးစုကို အခြေပြုပြီး ဖယ်ဒရယ်ယူနစ် သတ်မှတ်တာဟာ ဒီမိုကရေစီနိုင်ငံရေးသဘောတရားထဲမှာ အလုပ် မဖြစ်နိုင်ပါဘူး’ ‘အမျိုးသားရေးကို အကြောင်းပြတဲ့ လူကြိုက်များရေးဝါဒီတွေက လူမျိုးရေးကို သုံးပြီး ကစားနိုင်တဲ့အခြေအနေမျိုးမှာ ပြည်သူတွေက ဓားစားခံ ဖြစ်လာနိုင်တယ်’တဲ့။

‘ဝေါဟာရနဲ့ အနှစ်သာရ’ဆိုတဲ့ ဆောင်းပါးထဲမှာကတည်းက ‘ဝေါဟာရတွေကို အနှစ်သာရအရ နားလည်သဘောပေါက်တာမျိုး အားနည်းပြီး နိုင်ငံရေးကိုယ်ကျိုးစီးပွါးအတွက် လိုသလို အနက်ဖွင့်ကာ လိုရာသုံးကြရင်းက အဲဒီဝေါဟာရတွေရဲ့ သဘောတရားတွေကို မှားယွင်းစွာ နားလည်ခံယူလာ’ကြတာကို စိုးရိမ်မိကြောင်း ပြောဖြစ်ခဲ့ပါတယ်။ လူထုအနေနဲ့ လိုချင်တဲ့ပန်းတိုင်ဟာ ဘယ်လိုဝေါဟာရတွေနဲ့ပဲပြောပြော တကယ့်အနှစ်သာရမှာတော့ လွတ်လပ် လုံခြုံ ငြိမ်းချမ်းပြီး လူချင်းတူတူ သူချင်းမျှမျှ လေးစားတန်ဖိုးထားကြတဲ့ လူ့အဖွဲ့အစည်းမျိုးပဲ မဟုတ်ပါလား။

စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့ ဝေါဟာရကို နားလည်မှုတူနေမှ လက်တွေ့မှာ နိုင်ငံရေးအရွေ့စစ်စစ်ကို ဆောင်ကျဉ်းနိုင်မှာ ဖြစ်ပါတယ်။ ။

ဆက်စပ်သတင်းများ

အတွေးအမြင်

ပြီးခဲ့တဲ့ရက်တွေမှာ ရှစ်လေးလုံးအထိမ်းအမှတ် စကားပြောရတာတွေ ရှိခဲ့တော့ ညီညွတ်ဖို့ထက် စည်းလုံးဖို့ အရေးကြီးတာကို ပြောဖြစ်ပါတယ်။

သတင်း

ကိုးကန့်တပ်ဖွဲ့(MNTJP/MNDAA)၏ နိုင်ငံရေး လမ်းကြောင်းဆိုင်ရာများကို စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းများကို ရှင်းပြခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

သတင်း

ယနေ့(နိုဝင်ဘာ ၈ ရက်)ကျရောက်သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲ သုံးနှစ်ပြည့်နှစ်ပတ်လည်နေ့တွင် အနိုင်ရပါတီ NLD က တိုင်းရင်းသား ပြည်သူလူထုက အပ်နှင်းလိုက်သော ဆင့်လွှဲတာဝန်ကို ကျေပွန်သည်အထိ ထမ်းဆောင်မည်ဟု ဖော်ပြသည်။

သတင်း

အာဏာသိမ်းစစ်အုပ်စုက မတရားဖမ်းဆီး၊ အဆုံးစီရင်ခံရသည့် ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ လေးဦး၏ အောက်မေ့ဖွယ်နှစ်ပတ်လည်အခမ်းအနားတွင် NUG ယာယီသမ္မတက နွေဦးအာဇာနည်ရဲဘော်များ၏ ကျန်ရစ်ခဲ့သူ ဇနီး၊ သား၊ သမီးများ မိသားစုဝင်များကို အလေးအနက် ယနေ့ ကတိပြုလိုက်ခြင်းဖြစ်သည်။