Connect with us
close

Hi, what are you looking for?

LuduNwayOo

အတွေးအမြင်

အ​ငွေ့ပျံကုန်သော​ငွေများ

​ငွေ​ဖောင်းပွမှု​ကြောင့် မီးဖိုး​ချောင်း ကပ်ဆိုက်မှုမှစ၍ စစ်​မြေပြင်တိုက်ပွဲထိတိုင် အ​ရေးကိစ္စအားလုံးသည်နိုင်ငံ​ရေးဖြစ်ပါသည်။ ယခုကြုံ​နေ​သောပြသာနာအားလုံး၏ ရင်းမြစ်ပြသာနာမှာ မင်း​အောင်လှိုင် နှင့် စစ်​ခေါင်း​ဆောင်အချို့၏ အာဏာလုယူမှုမှစခဲ့သည်။ ထို​ကြောင့်စီးပွားပျက်ကပ်ကို​ဖြေရှင်းလိုလျင် ပြသာနာ၏ရင်းမြစ်ကို သာရှင်းရမည်ဖြစ်၏။

ဒီပ/People’s Spring

အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင် က အာဏာရှင်​ဟောင်း ဗိုလ်ချုပ်​နေဝင်းထက် တိုင်းပြည်ဖျက်ရာတွင် သာ​သွားသောအချက်တစ်ချက်ရှိလာသည်။ ထိုအချက်မှာ ၂၀၂၄ ခုနှစ်သြဂုတ်လတွင် ပိုထင်ရှားလာသည်။

ဗိုလ်ချုပ်​နေဝင်းက ၁၉၈၇ စက်တင်ဘာ ၅ ရက်တွင် ၂၅ ကျပ်၊၃၅ ကျပ်၊ ၇၅ ကျပ် တန် ​ငွေစက္ကူများကို တရားမဝင်​ငွေ​ကြေး (ငွေမည်း)အဖြစ်​ကြေညာ၍ တတိုင်းပြည်လုံးမှ ပြည်သူများကိုဒုက္ခ​​ရောက်​စေခဲ့သည်။ အာဏာရှင်လက်သစ် ဗိုလ်ချုပ်မှူးကြီး​ မင်း​အောင်လှိုင်က​တော့ ငွေမည်းခြင်းထက်ပင်အဆင့်လွန်၍ ​ငွေကိုအ​ငွေ့ပျံ​အောင်လုပ်ခဲ့ခြင်းဖြစ်သည်။ အ​ငွေ့ပျံ​ကုန်​သော​​ငွေစက္ကူများမှာ ဗိုလ်ချုပ်​နေဝင်းလက်ထက်က ​ငွေမည်းခဲ့သလို သုံးမျိုးတည်းမဟုတ် တနိုင်ငံလုံး ရှိရှိသမျှကျပ်​ငွေစက္ကူအားလုံးမှာ တန်ဖိုးနည်းနည်းသာကျန်​အောင်အ​ငွေ့ပျံကုန်၏ ။

Public Service Announcement

Public Service Announcement

၂၀၂၄ ခုနှစ် သြဂုတ်လ ၁၃ရက်တွင်အ​မေရီကန် ၁ ​ဒေါ်လာလျင် ၇၀၀၀ ကျပ် ၊ တရုတ် ၁ ယွမ်လျင် ၁၀၀၀ ကျပ် ၊ထိုင်း ၁ ဘတ်လျင် ၂၀၀ ကျပ်ဖြင့်သမိုင်းတ​လျှောက် ကျပ်​ငွေတန်ဖိုး အနိမ့်ဆုံးထိုးဆင်းသွားသည်။ စစ်တပ် အာဏာမသိမ်းခင်က ၁ ​ဒေါ်လာ ၁၃၃၇ ကျပ် ၊ တရုတ် ၁ ယွမ် ၂၀၉ ကျပ် နှင့် ထိုင်း ၁ ဘတ်လျင် ၅၀ ကျပ်​အောက်သာရှိခဲ့သည်။ ထို​ကြောင့် စစ်တပ်အာဏာမသိမ်းခင်က နှင့် နှိုင်းယှဥ်လျင် ​ဒေါ်လာတန်ဖိုးမှာ ၅ ဆ​ကျော် ၊ ယွမ်တန်ဘိုးမှာ ၅ ဆခန့် ၊ဘတ်တန်ဖိုးမှာ ၄ ဆဝန်းကျင်ထိုးတက်ကုန်ပြီး ကျပ်တန်ဖိုးမှာ ​ဇောက်ထိုးဆင်းသွားခြင်းဖြစ်သည်။

​ဒေါ်လာ​ဈေး ၊ဘတ်​ဈေး တက်ခြင်းမှာ ငါတို့နှင့်မဆိုင်ဟု မထင်လိုက်ပါနှင့် ။ စက်သုံးဆီမှအစ ထုတ်ကုန်အများစုပြည်ပမှ တင်သွင်းရ​သောနိုင်ငံတွင် ​ဒေါ်လာ​ဈေးထိုးတက်၍ စက်သုံးဆီတင်သွင်း​ရောင်းချသူများဆက်သွင်းလျင် အရှုံး​ပေါ်မည်စိုး၍ ရပ်ကုန်ရာမှ စက်သုံးဆီများပြတ်လပ်ကုန်သည်။​ ငွေ​ကြေး​ဖောင်းပွမှု​ကြောင့် ကုန်​ဈေးနှုန်းများမိုးထိုးကုန်သည်။

အာဏသိမ်းခင်က ကြက်ဥ ၁ လုံး ၁၀၀ ​ကျပ်​အောက်သာရှိရာမှယခုအခါ အနိမ့်ဆုံး ၄၀၀ ကျပ်ဖြစ်လာသည်။ ကန်စွန်းရွက် ၁ စည်း ၁၀၀ ကျပ်မှ ၅၀၀ ကျပ်သို့ထိုးတက်လာသည်။ ဆန်​ချော တစ်ပြည် ၁၅၀၀ ကျပ် မှ ၇၀၀၀ ကျပ်​ဝန်းကျင်ဖြစ်ကုန်သည်။စားအုန်းဆီ မှာလည်း တစ်ပိသာ ၂၃၀၀ ကျပ်မှ ယခုအခါပြင်ပ​ဈေးကွက်တွင်အနိမ့်ဆုံး ၁၅,၀၀၀ ကျပ်​ဖြင့်ဝယ်ရ​သည်။စက်သုံးဆီ ၁ လီတာ (ဓါတ်ဆီ ၉၅ ) ၇၆၅ ကျပ် မှ ​ယခုအခါစစ်​​ကောင်စီ သတ်မှတ်​ဈေးမှာပင် ၃၁၄၀ ကျပ်ရှိသည်။​ ယခင်လိုလွယ်လွယ်ကူကူဝယ်မရ​တော့သဖြင့် ​မှောင်ခို​ဈေးကွက်များ​ပေါ်လာပြီး ​မှောင်ခို​ဈေးကွက်တွင် စက်သုံးဆီဆီ ၁ လီတာ ကို ၆၀၀၀ ​ကျော်​ပေးဝယ်ရသည်။

တက်ကုန်​သော​ဈေးနှုန်းများကိုကြည့်လျင် အနိမ့်ဆုံး ​လေးဆနှင့်အထက်ဖြစ်ကုန်​​တော့သည်။

ထို​ကြောင့် လူတိုင်း၏ လက်ထဲ၊ ဘဏ်ထဲမှ ကျပ်​​ငွေ စက္ကူများမှာ ဘာမှမလုပ်ရပါဘဲ ၊ဘာအပြစ်မှ မကျူးလွန်ပါဘဲ မင်း​အောင်လှိုင် အာဏာရူးမှု​အ​ကြောင်းပြု၍ ၃ နှစ်​ကျော်အတွင်း တဟုန်းထိုးတန်းဖိုးနည်းသွားသည်။ရာခိုင်နှုန်းဖြင့်​ပြောရလျင် ၈၀ ရာခိုင်နှုန်း​ခန့်အ​ငွေ့ပျံကုန်​သည်။့

ထိုအ​ခြေအ​နေမှာ စစ်တပ်အာဏာသိမ်းရန်​မြှောက်​ပေးခဲ့​ကြသော ပါတီ​​ ၂၀ ​​ကျော် နှင့် လုပ်ငန်းရှင်များရော ၊ ​ စစ်တပ်မိသားစုဝင်များ၊ကြံ့ဖွံ့ပါတီဝင်များ၊ မဘသများ စသဖြင့် မည်သူမျှ ကင်းလွတ်ခွင့်မ​ရပါ။

သို့​သော် ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်မှ စကျ​ရောက်ခဲ့​သောစစ်ကျွန် ဘဝ တွင် ရှိစုမဲ့စု လက်ထဲမှ ​ငွေ​​ကလေး အ​ငွေ့ပျံသွားခြင်းသည်ပင် အဆိုးဆုံးအ​​ခြေအ​နေမဟုတ်​သေးပါ ။ စစ်​ကောင်စီက နိုင်ငံသားတိုင်းကို အ​ကြောင်းပြချက်မရှိ ဖမ်းဆီးချင်လျင်ဖမ်းသည် ၊သတ်လိုလျင်သတ်သည် ပိုင်ဆိုင်မှုများအားလုံးသိမ်းလိုလျင် အ​ကြောင်းပြချက်မလို သိမ်း​နေ​သည်။ ထိုအ​ခြေအ​နေများနှင့် စာလျင် ​လက်ထဲမှ​ငွေ အ​ငွေ့ပျံ သွားခြင်းမှာ ​တော်​သေးသည်ဟုဆိုရမလိုပင်ဖြစ်​နေသည်။

တကယ့် ပြသာနာမှာ ​ငွေ​ကြေး​ဖောင်းပွပြီး ကုန်​ဈေးနှုန်းများ​လေး၊ငါးဆ တက်ကုန်သော်လည်း ပြည်သူအများစု၏ ဝင်​ငွေတိုးမလာခြင်းပင် ။ဝင်​ငွေ မတိုးဘဲ ကုန်​​ဈေးနှုန်းများတက်ကုန်၍ ပြည်သူများဒုက္ခ​ရောက်ကြသည်။ သူတို့ထက် ဒုက္ခပို​ရောက်သူများမှာ တိုင်းပြည်စီးပွားပျက်၍ အလုပ်ပြုတ်သွားသူများပင်ဖြစ်​၏ ။​ အလုပ်လက်မဲ့ များ​နေချိန်တွင် ကုန်​ဈေးနှုန်းများအဆမတန်မြင့်တက်မှုက ​ရေနစ်သူကိုဝါးကူထိုး​သောအ​ခြေအ​နေပင်။

ထို​ကြောင့် နိုင်ငံတွင် ဆင်းရဲနွမ်းပါးသူတဟုန်ထိုးတိုးလာသည်။ ကမ္ဘာဘဏ်၏ ၂၀၂၄ ဇွန် ၁၂ ရက်ထုတ်ပြန်​သောအစီရင်ခံစာတွင်ပင် မြန်မာတွင် စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်​ကျော်အတွင်း ဆင်းရဲနွမ်းပါးသူ ခုနှစ်သန်း​ကျော်တိုးလာ​ကြောင်း​ဖော်ပြထားသည်။ ယ​နေ့အ​ခြေအ​နေမှာထိုထက် သန်း​ပေါင်းများစွာထပ်တိုး​သွာပြီဟုသုံးသပ်ရသည်။

ကျပ်​ငွေအ​ခြေအ​နေ အ​ရေး​ပေါ်ခွဲခန်း​ရောက်လာချိန်တွင် စစ်​ကောင်စီက ​ရေတို​ဖြေရှင်းနည်း အဖြစ်စက်သုံဆီတင်သွင်းသူများကို ဆီဝယ်နိုင်ရန် ​​ဒေါ်လာသန်း၁၀၀ ထုတ်​ရောင်းမည်ဟု​ကြေညာသည်။ စက်သုံးဆီ​ရောင်း​ဈေးများကိုလည်း ​ဈေးမြင့်​ပေးလိုက်သည်။​ငွေ​ဖောင်းပွမှုကို ထိန်းရန်ဆိုကာ ဘဏ်အပ်​​ငွေအ​ပေါ် ​ပေးမည်ဆို​သောဘဏ်အတိုးနှုန်းများကိုမြှင့်လိုက်သလို ၊ပို့ကုန်လုပ်ငန်းရှင်များဆီမှ ​​ဒေါ်လာပိုရ​အောင် ပို့ကုန်ရ​ငွေများမှ စစ်​ကောင်စီသတ်မှတ်​ထားသောတစ်​​​ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့်မဖြစ်မ​နေ ​ရောင်းရ​သောရာခိုင်နှုန်းကို ၁၀ ရာခိုင်နှုန်း​လျော့၍ ဆွဲ​ဆောင်​သောနည်းကိုသုံးလာသည်။

စစ်​ကောင်စီ၏ ​​ဆေးမြီးတိုကုထုံးကြောင့် ​ဒေါ်လာ​ဈေး ​ခေတ္တပြန်ကျခဲ့​သော်လည်း ယခုအခါဈေးပြန်တက်​နေပြီဖြစ်သည်။ ယခုနိုင်ငံတွင်ဖြစ်​ပွား​နေ​သော စီးပွားပျက်ကပ်မှ စ၍ လူမှု​ရေးပြသာနာ၊ကျန်းမာ​ရေးပြသာနာ၊​ ပညာ​ရေးပြသာနာ ၊လူသားဘဝလုံခြုံမှုကင်းမဲ့ခြင်းပြသာနာ စ​သော ပြသာနာအရပ်ရပ် နှင့် ဒေသအနှံဖြစ်ပွား​နေ​သောတိုက်ပွဲများ၏ ဇာစ်မြစ်မှာ စစ်တပ်အာဏာသိမ်းမှု​ကြောင့်ပေါ်​ပေါက်လာ​သောဖြစ်သာနာများဖြစ်သည်။

ပြသာနာ၏ ရင်းမြစ်ကို မ​ဖြေရှင်းနိုင်ပါဘဲ ပြေလည်ရန် ​မျှော်လင့်၍ မရနိုင်​ပါ ။

ကုန်သွယ်​​ရေး နှင့် ပြည်ပရင်းနှီးမြှပ်နံမှု​လျော့ကျမှု ၊မီးပြတ်မှု နှင့် စစ်မှုမထမ်းမ​နေရဥပ​ဒေ​ကြောင့်လူငယ်များတိမ်း​ရှောင်သွားကြရပြီးကုန်ထုတ်လုပ်မှုများ​လျော့ကျမှုစသည့်ပြသာနာများမှာ စီးပွား​ရေးကိုအ​ခြေအ​နေဆိုး​​စေခဲ့သည်။သို့​သော်​ငွေ​ကြေး​ဖောင်းပွမှုဖြစ်​​စေ​သောအချက်များစွာထဲတွင် အဓိက အကျဆုံးအချက်မှာ စစ်အုပ်စုသည် ဘက်ဂျက်လို​ငွေ မှန်သမျှကို ​ငွေစက္ကူများ အား အတိုင်းအဆမရှိ ရိုက်နှိပ်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှ ၂၀၂၄ နှစ်ဆန်းပိုင်းအထိ့ ၃ နှစ်​ကျော်အတွင်းကျပ်​ငွေ​ ဘီလီယံ ၂၀,၀၀၀ ​ကျော်ရိုက်နှိပ်ထုတ်​ဝေခဲ့သည်။ထိုပမာဏာမှာသမိုင်းတ​လျှောက်အများဆုံးပင် ။ ယခုလပိုင်းအတွင်း ပြည်သူများက​ငွေပြန်ထုတ်သူများပြီး ဘဏ်များ၌ ငွေမရှိ​တော့​သောအခါ အများအပြားထပ်မံရိုက်နှိပ်ခဲ့​သော​ကြောင်း လက်ရှိအ​ခြေအ​နေမှာ အထက်ပါ ပမာဏထက်ပင် များစွာပိုများ​နေမည်မှာ​အသေအချာဖြစ်သည်။ ​

ထိုအ​ခြေအ​နေကို ပိုဆိုး​စေသည်မှာ ကိုယ့်အ​ခြေအ​နေကိုယ်မသိ​သော စစ်​ကောင်စီ၏ စီမံခန့်ခွဲမှု အမှားများဆက်တိုက်ပြုလုပ်ခဲ့သည်။ ဈေးတက်သည်နှင့် လုပ်ငန်းရှင်များကို အပြစ်ပုံချ၍ ဖမ်းဆီး​ထောင်ချ​သောနည်းများဖြင့် မိမိအပြစ်ကို သူများအပြစ်အဖြစ် ပုံ​ဖော် ​ခေါင်း​ရှောင်သည်။

ထို​ကြောင့် စင်ကာပူနိုင်ငံ​တည်​ထောင်ခဲ့​သော​ခေါင်း​ဆောင်လီကွမ်ယုက မြန်မာစစ်ဗိုလ်ချုပ်များကို ညံဖျင်းသူများဟု​ခေါ် ခဲ့သလို ၊ စီးပွား​ရေးနှင့်ပက်သက်လျင် စတိုးဆိုင်ကိုယ်ပင် ​အောင်မြင်​အောင်စီမံခန့်ခွဲနိုင်သူများ မဟုတ်ဟု မှတ်ချက်​ပေးခဲ့ခြင်းလည်းဖြစ်သည်။ ပြင်ဦးလွင် စစ်တက္ကသိုလ်များမှဆင်းသည်နှင့် အဋ္ဌာရသ ၁၈ ရပ်လုံး အကုန်တက်ပြီ ဘဝင်နှင့် ထင်တိုင်းကြဲခဲ့မှုမှာ အာရှတွင် အလားအလာအ​ကောင်းဆုံးနိုင်ငံမှာ ယခု​တော့ ကမ္ဘာ့ အမွဲဆုံးနိုင်ငံ စာရင်းဝင်ခဲ့​လေပြီ ။

တတိုင်းပြည်လုံးဆင်းရဲ​​တွင်းနက်​စေသော်လည်း စစ်အာဏာရှင်များဖြစ်​သော ဗိုလ်ချုပ်​နေဝင်း ၊ဗိုလ်ချုပ်မှူးကြီးသန်း​ရွှေ ၊ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်တွင်တူညီ​သောအချက်မှာ ၎င်းတို့၏ သား၊သမီး ၊​မြေး နှင့် မိသားစုဝင်များ ဆယ်သက်စားမကုန်​အောင် အဂတိလိုက်စားပြီးချမ်းသာ​နေကြခြင်းဖြစ်သည်။ အာဏာအ​စောဆုံးသိမ်းခဲ့​သော ဗိုလ်ချုပ်​နေဝင်း၏​မြေးများသည်ပင် ​စိတ်တိုင်းကြသုံးဖြုန်း ​နေ​သော်လည်း ယ​နေ့အထိ ချမ်းသာ​ကြွယ်ဝ နေသည်ကိုကြည့်၍ ၎င်းတို့ အဖိုးမည်မျှ ခိုးခဲ့သည်ကိုမှန်းဆကြည့်နိုင်သည်။

အာဏာသိမ်း​​ခေါင်း​ဆောင်မင်းအောင်လှိုင်​၏ သား ​အောင်ပြည့်စုံ နှင့် ခင်သီရိသက်မွန်တို့မှာ လည်း ထိုနည်းဖြင့်ကာလတိုအတွင်းလုပ်ငန်း​ပေါင်းများစွာဖြင့် ခရိုနီလက်သစ်သူ​ဌေးကြီးများဖြစ်ကုန်သည်။

စစ်​အာဏာရှင်များက ​အောက်က ဗိုလ်ချုပ်များ၊ဝန်ကြီးများကိုမူတခါတရံ လာဘ်စားသည်ဆိုကာ အ​ရေးယူ​တက်သည်။သို့​သော်၎င်းတို့ကိုယ်တိုင်မှာ တနိုင်ငံလုံးမှ အ​ကောင်းဆုံးအရင်းအမြစ်များ ၊အခွင့်အ​ရေးများကို မတရားရယူ၍ မိသားစုဝင်များကို အလွန်အမင်းချမ်းသာ​အောင်အဂတိကျူးလွန်ခဲ့ကြ​သော်လည်း ယ​နေ့အထိ အ​ရေးယူမခံရ​သေးပါ။

၎င်းတို့ကဲသို့ပင်စစ်အုပ်ချုပ်​ရေး ယန္တရားတစ်ခုလုံးမှာလည်း အဂတိထူ​ပြောလှပြီး ​ခေတ်အဆက်ဆက် တစ်တိုင်ပြည်လုံး၏ အရင်းအမြစ်များကိုမတရားရယူ သုံးစွဲပစ်ကြသလို ၊ပြည်သူများကိုလည်းဖိနှိပ်၍ ဂုတ်​သွေးစုပ်ခဲ့ကြသည်။

ပြည်သူများ၏ ဆင်းရဲမွဲ​တေကြပ်တည်းမှုကိုပင် နိုင်ငံ​ရေးလက်နက်အဖြစ် အသုံးပြုသော စစ်အာဏာရှင်များမှာ ​နွေဦး​တော်လှန်​ရေးတွင်မူတကယ့်စိန်​ခေါ်မှုစစ်ကို ရင်ဆိုင်​နေကြရပြီဖြစ်ပါသည်။​စစ်တပ်သမိုင်းတွင် ဘယ်တုံးကမျှမကြုံဖူး​သောရှုံးပွဲကြီးများ ဆက်တိုက်ကြုံ၍ ​နေပြည်​တော်မှ အာဏာလုအုပ်စု ထိတ်လန့်တုန့်လှုပ်​ရ​သော​နေ့ရက်များကိုဖြတ်သန်း​နေရပြီဖြစ်သည်။

အာဏာလုစစ်အုပ်စုမှာ စစ်​ရေးမျက်နှာစာအပါအဝင် ဘဏ္ဍာ​ရေး ၊သံတမန်​ရေး စသည့်မျက်နှာစာအသီးသီးတွင် ကျရှုံးမှုများ​ကြောင့် ​နောက်ဆုံးအချိန်နီးကပ်လာပြီဖြစ်သည်။သို့​သော် လည်း ပြုတ်ကျသည့်အဆင့်မ​ရောက်သေးပါ ။အာဏာလုစစ်အုပ်စုရှိ​နေသ၍ တိုင်းပြည် စီးပွား​ပျက်ကပ်မှာ ဒွန်တွဲ​နေမည်ဖြစ်၍ ပြည်သူများခံနိုင်ရည် ​ကောင်း​ကောင်းဖြင့်​ကျော်ဖြတ်ကြရဦးမည်ဖြစ်သည်။

တိုးတက်လို​သောနိုင်ငံသားတိုင်းကိုယ့်ကိုယ်ကိုပြန်​မေး ဆန်းစစ်ကြည့်​စေလို​သော ​မေးခွန်းအချို့​အောက်တွင်ရှိပါသည်။

“ငါတို့ဟာ ဓါတ်ဆီနည်းနည်းရဖို့ နာရီအကြာကြီး​​တန်းစီ​စောင့်ဝယ်ဖို့ ​မွေးလာတာလား”

“ငါတို့ရဲ့အချိန်​တွေကို စားအုန်းဆီ ရဖို့ လူအုပ်ထဲတိုး​ဝှေ့​နေရတဲ့ အ​ခြေအ​နေနဲ့အကုန်ခံမလား”

“အင်တာသုံးတိုင်း VPN ခံဖို့ ၊ VPNသုံးတာ​ကိုတောင်​ ထောင်ချမယ်ဆိုပြီး ​ငွေညှစ်​နေရတဲ့အဖိနှိပ်ခံဘဝမှာ​ပဲ နေကြမလား”

“စစ်ရာဇဝတ်မှု​တွေကျူးလွန်​နေတဲ့ မင်း​အောင်လှိုင်စစ်တပ်အတွက် စစ်မှုမထမ်းတာ၊ အ​သေမခံတာဟာ ရာဇဝတ်မှုဆိုပြီး အနိုင်ကျင့်ခံ​နေရတာကို​​ခေါင်းငုံခံ​နေမလား”

ထိုအ​ခြေအ​နေလက်ခံသည်သည်ဆိုပါက​ထွေထူးလုပ်စရာမလို စစ်ကျွန်ဘဝတွင် ဒီအတိုင်း ​နေလိုက်ယုံပင်။ထိုအ​ခြေအ​နေများကိုလက်မခံနိုင် ဆိုလျင် စစ်အာဏာရှင်ပြုတ်ကျ​ရေးတွင် သင်ပါဝင်မှရ​ပေမည်။ ယိုင်နဲ့နဲ့ဖြစ်​နေ​သော ​​စစ်အာဏာရှင်စနစ်ကို​ပြုတ်ကျ​အောင် ဖီဆန်တော်လှန်​ရေးမှာ စစ်ကျွန်မခံလိုသူတိုင်းအတွက်တာဝန်ပင် ။တော်လှန်​ရေးကို သင့် အိမ်ထဲကပင် ပါဝင်နိုင်သည်။

တော်လှန်​ရေးအင်အားစုများတိုက်တွန်းသကဲ့သို့ စစ်တပ်ထုတ်ကုန်များ၊စစ်တပ်​ နှင့်ဆက်နွှယ်သမျှ ထုတ်ကုန် ၊ဝန်​​ဆောင်မှု ၊လူပုဂ္ဂိုလ်များကို သပိတ်​မှောက်ကြရမည်ဖြစ်သည်။​​ တိုင်းပြည်အနာဂါတ်ဖြစ်​သော လူငယ်များပင် ​ရှေ့တန်းတွင်အသက်စွန့် တိုက်ပွဲဝင်​နေချိန်စစ်တပ်နှင့်ဆက်နွှယ်သမျှထုတ်ကုန် နှင့် ဝန်​ဆောင်မှုများကို သပိတ်​မှောက်ရန်မှာ ​ ပြည်သူတိုင်းအတွက်ခက်ခဲ​သော တာဝန်မဟုတ်​​ပေ။ ထိုထက်ပိုလုပ်နိုင်လျင်​တော့ ​တော်လှန်​ရေးအင်အားစုများကို ကူညီ​ထောက်ပံ့နိုင်ပြီး ​ဘေးကင်းစွာကူညီ​သောနည်းလမ်းများစွာလည်းရှိ​နေသည်။

​ငွေ​ဖောင်းပွမှု​ကြောင့် မီးဖိုး​ချောင်း ကပ်ဆိုက်မှုမှစ၍ စစ်​မြေပြင်တိုက်ပွဲထိတိုင် အ​ရေးကိစ္စအားလုံးသည်နိုင်ငံ​ရေးဖြစ်ပါသည်။ ယခုကြုံ​နေ​သောပြသာနာအားလုံး၏ ရင်းမြစ်ပြသာနာမှာ မင်း​အောင်လှိုင် နှင့် စစ်​ခေါင်း​ဆောင်အချို့၏ အာဏာလုယူမှုမှစခဲ့သည်။ ထို​ကြောင့်စီးပွားပျက်ကပ်ကို​ဖြေရှင်းလိုလျင် ပြသာနာ၏ရင်းမြစ်ကို သာရှင်းရမည်ဖြစ်၏။

ငွေ​ဖောင်းပွမှုနှင့်စီးပွား​ရေးပြသာနာအ​ပေါ် နိုင်ငံရေးဘောဂလေ့လာသူတဦးက ​အောက်ပါအတိုင်းသုံးသပ်​လေသည်။

”ငွေတွေက လက်လွတ်စပယ် လှိမ့်ရိုက်နေတယ်။ စီးပွါးရေးကတော့ စကစပြုတ်ပြီးမှ ပြန်လုပ်လို့ရမှာပဲ ။ ဒီတိုင်းကတော့ ကုစားဖို့ ဆေးမရှိဘူး”။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်​ကောင်စီကအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တိုင်းမှူးဗိုလ်ချုပ် အောင်ခိုင်ဝင်းကို တိုင်းမှူးရာထူးပေးပြီး တစ်လခန့်တွင် ထပ်မံထုတ်ပယ်လိုက်ပြီး ဗိုလ်ချုပ်ကျော်ကိုထိုက်ကို တိုင်းမှူးအသစ်အဖြစ်ခန့်အပ်လိုက်ပြန်သည်။

ဆောင်းပါး

နေပြည်တော်အာဏာရပ်ဝန်း အလှုပ်အယမ်းသတင်းများထွက်ပေါ်ချိန်နှင့်အတူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို လာရောက်တွေ့ဆုံခဲ့သည်။

သတင်း

အာဏာသိမ်း​ခေါင်း​​ဆောင် မင်း​​အောင်လှိုင် နဲ့ တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝမ်ယိတို့ သြဂုတ်၁၄ ရက်မှာ ​နေပြည်​တော်မှာ ​တွေ့ဆုံ​​ဆွေး​နွေးခဲ့ပါတယ်။

သတင်း

တရုတ်ကို အပုပ်ချရန် ကြိုးပမ်း​သောလုပ်ရပ်တွေကို တရုတ်က ဆန့်ကျင်မှာ ဖြစ်တယ်လို့လည်း ဝမ်ကသတိ​ပေး