close
Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ဒီတိုက်ပွဲကို မနိုင်၊ နိုင်အောင် ကျွန်မတို့ဆက်တိုက်ကြဖို့ လိုပါတယ်”

တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောနဲ့​မေးမြန်းခန်း

ရှမ်းပြည်မြောက်ပိုင်းတခွင်လုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ပြီးသည့်အပြင် စစ်ဗိုလ်ချုပ်များအား မွေးထုတ်ပေးရာ စစ်တက္ကသိုလ်တည်ရှိသည့် ပြင်ဦးလွင်မြို့ကိုပါ ဆက်လက်ထိုးစစ်ဆင်သိမ်းပိုက်မည့်အခြေအနေများ ဖြစ်လာချိန်တွင် တရုတ်က တအာင်းတပ်မတော်(TNLA)ထံ ခြိမ်းခြောက်သတိပေးစာတစ်စောင် ယမန်နေ့(သြဂုတ် ၂၉ရက်)ရက်စွဲဖြင့် ပေးပို့လိုက်သည်။ ယင်းစာအရ တရုတ်သည် TNLA ကို ဖိအားပေးခြင်းဖြစ်ပြီး ၎င်းစကားကို နားမထောင်ပါက ပြင်းပြင်းထန်ထန်တုံ့ပြန်မည်ဟု ခြိမ်းခြောက်ထားခြင်းဖြစ်သည်။ ယခုလ ဒုတိယပတ်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ နေပြည်တော်သို့ လာရောက်ပြီးနောက် ပြင်းထန်သည့် စကားလုံးများပါသည့် ခြိမ်းခြောက်စာ ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ တရုတ်သည် ပြည်တွင်းရေး ဝင်ရောက်မစွက်ရေးမူကို ခိုင်မာစွာ လက်ကိုင်ထားသည်ဟု တဖွဖွပြောသော်လည်း လက်တွေ့ကျင့်သုံးခြင်းမရှိသည်ကို အထက်ပါခြိမ်းခြောက်စာက သက်သေခံနေသည်။ တရုတ်၏ မြန်မာ့အရေးစွက်ဖက်နေမှုအပါအဝင် လက်ရှိနွေဦးတော်လှန်ရေးအပေါ် သက်ရောက်နိုင်ခြေများအပေါ် တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကို People’s Spring-လူထုနွေဦးက သြဂုတ် ၃၀ ရက်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

အီယိုရီ/People’s Spring

မေး – တရုတ်နိုင်ငံက ရှမ်းမြောက်မှာ တိုက်ပွဲဖော်ဆောင်တာတွေ ရပ်တန့်ဖို့ စာတစ်စောင်ထွက်လာတာနဲ့ပတ်သက်လို့ ဆရာမဘယ်လို ရှုမြင်ပါလဲ။

Public Service Announcement

Public Service Announcement

ဖြေ – စစ်ပွဲတွေ ရပ်ဖို့ပြောနေတာ တအာင်းတင်မဟုတ်ဘူးဗျ။ ကိုးကန့်တို့ကိုလည်း ပြောတယ်။ နောက်ထပ် သေနတ်မမြည်ဖို့တို့၊ ဘာတို့ ပြောနေတာ တောက်လျှောက်ပြောနေတာပဲ။ ဒါပေမဲ့ ဒီတစ်ခါ ထူးခြားတာက ခါတိုင်းပြောတဲ့ ပြည်နယ်အဆင့်တို့၊ ဗဟိုအဆင့်တို့က ပြောတာ၊ အခုဟာက ရွှေလီက မြို့နယ်အဆင့်လောက်ကပဲ ပြောတာဆိုတော့ စောင့်ကြည့်ရဦးမယ်။ ဘာအဓိပ္ပာယ်လဲ မပြောတတ်ဘူး။ တအာင်းက ပြောရေးဆိုခွင့်ရှိသူကလည်း သူတို့တတွေ အစည်းအဝေးထိုင်တယ်ဆိုတော့ သူတို့ ဘာပြန်ပြောမလဲ။ တအာင်းကလည်း ကြေညာချက် ထွက်လိမ့်မယ်ထင်တယ်။ အဲဒါ စောင့်ကြည့်ရအောင်လား။ တရုတ်က ဒီလိုပဲ တောက်လျှောက်ပြောနေတာ။ ဒါပေမဲ့ ဒီတစ်ခါတော့ တော်တော်ပြင်းပြင်းထန်ထန်တွေ ပါတာပေါ့နော်။ ခါတိုင်းလည်း ဒီလောက်မဟုတ်ပေမယ့် ဒီလိုပဲ ပြောတာပဲ။ ဥပမာ MNDAA တို့ ဘာတို့ကိုလည်း နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ပိတ်ပစ်တာတို့၊ အင်တာနက်ပိတ်ပစ်တာတို့ လုပ်ပါတယ်။ တယ်လီဖုန်းအကောင့်တွေလည်း အကုန်ပိတ်ပစ်တာ လုပ်ပါတယ်။ ဒီတစ်ခါတော့ နည်းနည်းပိုပြင်းထန်တာပေါ့နော်။ ကျွန်မကြည့်တာတော့ ဒီလိုဗျ တရုတ်ပြည်ကလည်း သူ့ရဲ့မဟာဗျူဟာအရ ဗမာပြည်မှာ စစ်ပွဲတွေ ရပ်ပြီးတော့ အားလုံး ငြိမ်းချမ်းတဲ့စားပွဲပေါ်ရောက်ရေးကို တွန်းနေတာဖြစ်တော့ နည်းလမ်းပေါင်းစုံ သုံးနေတယ်နဲ့ တူပါတယ်။ သူတို့ ဘယ်လိုသုံးသုံးပါ။ ကျွန်မတို့က ကိုယ့်လုပ်စရာရှိတာ ကိုယ့်ဘာသာ ဆက်လုပ်ကြဖို့ပါပဲ။

မေး – စာအရ ခြိမ်းခြောက်တဲ့စကားလုံးတွေပါတယ်။ တဖက်မှာလည်း တရုတ်ရဲ့ စကားကိုနားထောင်ရင် TNLA သိမ်းထားပြီးတဲ့ နယ်မြေတွေအတွက် အာမခံချက်ကို ဖော်ပြတာတွေ့ရတယ်။ စာမှာဖော်ပြတဲ့ စကားလုံးတွေက ဘယ်လို အဓိပ္ပာယ်ဆောင်နေပါလဲ။ ဘယ်လိုသက်ရောက်နေပါလဲ။

ဖြေ – သူတို့ စီမံကိန်းတွေအရ သူတို့နဲ့ အပြန်အလှန် ပူးပေါင်းလုပ်ဆောင်ဖို့ သဘောထားပါပုံရတယ်။

မေး – ဒီစာကြောင့် ရှမ်းမြောက်ရဲ့စစ်ရေးအခြေအနေ ဘယ်လိုပြောင်းလဲမှု ဖြစ်ပေါ်လာနိုင်ပါလဲ။

ဖြေ – ဒီလိုဗျတရုတ်ဘက်ကလည်း ဘယ်လိုဖြစ်လို့ ကျွန်မတို့ တော်လှန်ရေးဘက်တွေကို ဒီလောက်တောင် ဖိအားပေးနေလဲဆိုတာ ကျွန်မလည်း သဘောမပေါက်ဘူး။ ကျွန်မတို့ တိုက်ချင်လို့ တိုက်နေရတာမဟုတ်ဘူးလေ။ စစ်ကောင်စီက မလျှော့လို့ တိုက်နေရကြရတဲ့ ကိစ္စပဲ။ သူ စစ်ကောင်စီကိုလည်း တဖက်တော့ ပြောပါလိမ့်မယ်။ ခုနက ကျွန်မပြောသလိုပဲ။ တရုတ်ရဲ့ မဟာဗျူဟာက နိုင်ငံရေးဆွေးနွေးပွဲကို ရောက်အောင် တွန်းနေတာ ဖြစ်တာကိုး။ အဲဒီအတွက် ချော့တခါ၊ ခြောက်တလှည့်ပေါ့ဗျာ။ ဒီမျိုးတွေ သုံးပုံရပါတယ်။

မေး – စစ်ကောင်စီအပေါ်မှာရော တရုတ်က သြဇာသက်ရောက်နိုင်ပါလား။ စာမှာ သိမ်းပိုက်ထားတဲ့နယ်မြေတွေကို အာမခံသလို ဖော်ပြထားတော့…

ဖြေ – အဲဒါကြောင့် ကျွန်မပြောတာ စစ်ကောင်စီကို သူ(တရုတ်)နိုင်အောင်ပြောဖို့ပဲ လိုတာ။ TNLA တို့၊​ MNDAA တို့က ရပ်ပေးတာပဲလေ။ တရုတ်က တစ်လပိုင်း(ဇန်နဝါရီ ဟိုင်ဂင်ဆွေးနွေးပွဲ)တုန်းက ရပ်ပေးကြတာပဲလေ။ ဒါပေမဲ့ စစ်ကောင်စီက ပြန်တိုက်တယ်။ အခုလည်း ပြန်တိုက်မယ် တကဲကဲဖြစ်နေတာ။ ပြန်တိုက်ရင်တော့ ကိုယ့်ဘာသာ ကာကွယ်ကြရမှာပေါ့။ ဟုတ်တယ်မဟုတ်လား။ လားရှိုးတုန်းကလည်း၊​ လောက်ကိုင်သိမ်းတုန်းကလည်း စစ်ကောင်စီက တရုတ်ကို နည်းနည်း အခုအခံဖြစ်နေတာ။ လောက်ကိုင်သိမ်းပြီးတော့ MNDAA တွေကို စစ်တပ်က ပြန်အပ်ခိုင်းတယ်။ ဒါပေမဲ့ MNDAA ကလည်း ပြန်မအပ်ဘူး။ တရုတ်ကလည်း MNDAA ကို ဖိအားမပေးဘူး။ ရှိတာကိုပဲ လက်ခံအတည်ပြုလိုက်သလို ဖြစ်သွားတော့ အဲဒါကို စစ်ကောင်စီက စိတ်ဆိုးသွားပုံရတယ်။ ကျွန်မကြည့်တာ စစ်ကောင်စီဘက်က အခုအချိန်အထိ သူတို့ အောင်နိုင်သေးတယ်၊​ နိုင်နိုင်သေးတယ်လို့ တွက်ပုံရတယ်။ ဒါ့ကြောင့်မို့ လျှော့ဖို့ကို သူတို့က စိတ်မကူးဘူး။ သူတို့ မလျှော့မချင်း ကျွန်မတို့က ဆက်တိုက်ဖို့ရှိတာ တိုက်ဖို့ပဲ။

မေး – မကြာသေးခင်က တရုတ်နိုင်ငံခြားရေးဝမ်ယိရဲ့ နေပြည်တော်ခရီးစဥ်မှာ မြန်မာ့အရေးမှာ ပြည်ပနိုင်ငံတွေရဲ့ ကြားဝင်စွက်ဖက်မှုကို လုံးဝလက်မခံဘူးလို့ အခိုင်အမာထည့်ပြောဆိုခဲ့တယ်။ အခုလို စာထွက်လာတာကရော တရုတ်က ကြားဝင်စွက်ဖက်တာမဟုတ်ဘူးလား။

ဖြေ – အင်းလေ သူ(တရုတ်)စကတည်းက သူပဲဝင်ပြီးတော့ .. ရှီကျင်ဖျင်ပြောတဲ့အထဲမှာလည်း ပါတယ်။ ဗမာပြည်အရေးကို သူတို့ ဝင်ပြီး ကူညီဖြေရှင်းပေးမယ်တဲ့။ သူတို့ တစ်နိုင်ငံတည်းလုပ်လို့ မရရင် ကျန်တဲ့နိုင်ငံတွေနဲ့ ပေါင်းပြီးလုပ်ရမှာပေါ့တဲ့။ အဲဒီလိုပြောဖူးတာပဲ။ အဲတော့ ကျန်တဲ့နိုင်ငံတွေနဲ့ ပေါင်းမယ်ဆိုတာ ကြည့်ရတာ အာဆီယံနိုင်ငံတွေနဲ့တူပါတယ်။ တခြားက ဝင်လာမှာ မကြိုက်ဘူးဆိုတာကတော့ အမေရိကန်ကို ပြောပုံရပါတယ်။

မေး – ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်သမ္မတရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နဲ့ ဝမ်ယိနဲ့ တွေ့တဲ့အခါမှာ မြန်မာတစ်နိုင်ငံတည်းတော့မဟုတ်ပါဘူး။ မြောက်ကိုရီးယား အရေးရော၊ မြန်မာ့အရေးရော သူတို့အနေနဲ့ စိတ်ပူတယ် shared concerns လို့ သုံးပါတယ်။ တရုတ်ရော၊ အမေရိကန်ရောက မြန်မာ့အရေးနဲ့ပတ်သက်လို့ နှစ်နိုင်ငံလုံးက စိုးရိမ်တယ်လို့ ပြောတာဆိုတော့ ဒီအခြေအနေကို ဘယ်လိုလို့ နားလည်လို့ရပါသလဲ။

ဖြေ – နိုင်ငံတကာအခြေအနေက အရမ်းပြောင်းနေတယ်။ ဟိုတလောက ဝမ်ယိလာတုန်းက တရုတ်-အမေရိကန်ဆက်ဆံရေးက တော်တော်တင်းမာနေတဲ့အချိန်။ အခုက တစုံတရာပျော့လာတယ်။ ရွေးကောက်ပွဲတွေ ရှိတယ်လေ။ ရွေးကောက်ပွဲတွေ ရှိတဲ့အတွက် ရွေးကောက်ပွဲနားနီးရင် မဲဆွယ်ဖို့အတွက် သူတို့ အောင်ပွဲတွေ ရဖို့လိုတယ်။ ဗမာပြည်အရေးကိုလည်း ကျွဲကူးရေပါပေါ့ဗျာ။ အမေရိကန်နဲ့ တရုတ်နဲ့ ဒီလိုဆက်ဆံရေးကောင်းနေရင် ကျွန်မတို့အတွက်လည်း တစုံတရာ အကောင်းဘက်ကို ရောက်နိုင်တယ် ထင်ပါတယ်။

မေး – တချိန်တည်းမှာ တရုတ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဆက်ဆံရေးကို ဆရာမ ဘယ်လို ရှုမြင်ပါလဲ။ တရုတ်က NUG ကို ဘယ်လိုသဘောထားတယ်လို့ တွေ့မြင်ရလဲ။

ဖြေ – NUG နဲ့ ဆက်ဆံရေးရှိတယ်ထင်တယ်။ ဒေါ်ဇင်မာအောင်ပြောတဲ့အထဲမှာ silent diplomacy ဆိုပြီး ပြောတာဆိုတော့ ဆက်ဆံရေးတော့ ရှိပုံရတယ်။ ဝမ်ယိပြောတာကလည်း ဒီလို။ ပြဿနာဖြစ်တဲ့ နိုင်ငံတွေရဲ့ အဖွဲ့အစည်းတွေ အားလုံးကို တန်းတူရည်တူ သူတို့က အကုန်လုံးနဲ့ ဆက်ဆံပါတယ် ပြောထားတာကိုး။ အဲဒီတော့ NUG နဲ့လည်း ဆက်ဆံပုံရပါတယ်။

မေး – လက်ရှိတရုတ်ရဲ့ မြန်မာ့အရေးချဥ်းကပ်မှုက ဘယ်လိုချဥ်းကပ်မှုမျိုးလို့ ဆရာမ နားလည်ထားလဲ။ တရုတ်ရဲ့ခြေရာလက်ရာတွေအရ တရုတ်ဟာ စစ်ကောင်စီကို ထောက်ခံမှု ပေးလိုက်ပြီလို့ ယူဆလို့ ရနိုင်မလား။

ဖြေ – ပြဿနာဖြစ်တဲ့နိုင်ငံကိုအဲဒီပဋိပက္ခတွေ ရှင်းဖို့ဆိုရင် ဘက်အားလုံးနဲ့ တန်းတူရည်တူ ဆက်ဆံတယ်ဆိုတော့ စစ်ကောင်စီကိုလည်း သူ(တရုတ်) ကောင်းကောင်းမွန်မွန်ဆက်ဆံမှာပဲလေ။ စကစက လောလောဆယ် တရားဝင်အစိုးရလို ဖြစ်နေတာကိုး။ တရားဝင်ဝင်၊ မဝင်ဝင် ၊ De facto Government ပေါ့ဗျာ။ အခိုင်အမာအုပ်ချုပ်နေတဲ့ အစိုးရဖြစ်တော့ စစ်တပ်ကိုလည်း သူ ကောင်းကောင်းမွန်မွန်ဆက်ဆံရမှာပေါ့။ ဒါဟာ စစ်တပ်ကို ထောက်ခံတယ်လို့ ဘယ်ပြောလို့ရမလဲ။

မေး – တရုတ်နိုင်ငံက တနည်းအားဖြင့် ဘေဂျင်းအစိုးရက လက်ရှိမြန်မာ့တော်လှန်ရေးအပေါ် ဘယ်လောက်အထိ သက်ရောက်နိုင်စွမ်းရှိနေသလဲ။

ဖြေ – ဗမာ့တော်လှန်ရေးအပေါ်မှာ အသက်ရောက်နိုင်ဆုံး အင်အားက ကိုယ့်ပြည်သူ၊ ကိုယ့်အင်အားပဲဗျ။ တရုတ်က ဝင်ပြောပြော ၊ မပြောပြော ကျွန်မတို့က ကျွန်မတို့လမ်း ကျွန်မတို့ လျှောက်တော့မှာပဲ။ အဲဒီတော့ ဘေးက ဘယ်လောက်အင်အားရှိမယ်၊ မရှိမယ် ထည့်သိပ်တွက်စရာမလိုပါဘူး။ တကယ်လို့ အင်အားရှိလည်း secondary ပေါ့။ ဒုတိယအကြောင်းအရာပဲ။ အဓိက အကြောင်းအရာက ကျွန်မတို့ ပြည်တွင်းမှာပဲ ရှိပါတယ်။ ကျွန်မတို့ ပြည်သူလူထုရဲ့ အင်အားအပေါ်မှာပဲ မူတည်ပါတယ်။

မေး – လက်ရှိအခြေအနေမှာရော မြန်မာပြည်သူလူထုကို ဆရာမ ဘာများသတင်းစကားပါးချင်ပါလဲ။

ဖြေ – ၁၉၆၂ ကတည်းက စခဲ့တဲ့ စစ်အာဏာရှင်စနစ်တိုက်ပွဲမှာ တစ်ခါမှ ဒီလောက်မျှော်လင့်ချက် မရှိခဲ့ဖူးဘူး။ ဒီတစ်ခါကိုတော့ ကျွန်မတို့ အားလုံး တက်ညီလက်ညီနဲ့ ဟန်ချက်ညီညီနဲ့၊ စိတ်သဘောထား ကြီးကြီးနဲ့ ပူးပေါင်းပြီး ဆက်ပြီး တိုက်ရမှာပဲ။ ဆက်တိုက်မယ်ဆိုရင်လည်း ကျွန်မတို့မှာ အခက်အခဲ၊ ဒုက္ခ၊ စွန့်စားမှုတွေ အများကြီးရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန််မတို့ အားခဲပြီး ဆက်လုပ်မှ ဖြစ်မယ်။ စစ်ကောင်စီမရှိမှ၊ စစ်အာဏာရှင်စနစ် မရှိမှ ကျွန်မတို့ တိုင်းပြည် ငြိမ်းချမ်းမယ်၊ ဖွံ့ဖြိုးတိုးတက်မယ်။ ဒါကြောင့်မို့ ဒါကို ဒီတိုက်ပွဲကို မနိုင် နိုင်အောင် ကျွန်မတို့ ဆက်တိုက်ကြဖို့ လိုပါတယ်။

ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အလှူအတန်းအရမ်းအရမ်းရက်ရော၍ ဝေဿန္တရာဝင်စားသလားဟု မေးခွန်းထုတ်၊ စစ်တိုင်းမှူးများ အသေခံမတိုက်ကြရန် ဦးဝီရသူ သတိပေး

သတင်း

လွတ်မြောက်မှု အစစ်အမှန် အပြည့်အ၀ ရရှိရေး လက်တွဲတိုက်ပွဲဝင်မည်ဟု အသိပေး

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ စက်မှုရပ်ကွက် နှင့် တောင်ပေါ်တွင် ပစ်ခတ်သံများကြားနေရပြီး လုံခြုံရေးသတိပြုကြရန် ဒေသခံအချင်းချင်း သတိပေးနေကြသည်။

သတင်း

လားရှိုးက စစ်ဆင်ရေးတွေရပ်ဖို့ MNDAAကို Asia World ကုမ္ပဏီက စာရေးသားတောင်းဆိုပြီး နှစ်ရက်အကြာမှာပဲ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ် ဌာနချုပ် (ရမခ)ကို သိမ်းပိုက်ပြီး လားရှိုးမြို့ လုံးဝလွတ်မြောက်ပြီလို့ MNDAA ကကြေညာလိုက်ပါတယ်။

Facebook