ယောနသံ/People’s Spring
စစ်တပ်ကကျူးလွန်သည့် စစ်ရာဇဝတ်မှုများအတွက် ကြိုးစင်ပေါ် ကိုယ်တိုင်ကိုယ်ကျတက်တော့မည့် တရားသူကြီးဟုဆိုကာ နေပြည်တော်ကတရားသူကြီးတစ်ယောက်အကြောင်းတရားရေးအသိုင်းအဝိုင်း၌ လူပြောများနေသည်။
စစ်ကောင်စီက ဩဂုတ်လ ၁၀ရက်တွင် ခန့်အပ်လိုက်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်အကြောင်း ဖြစ်သည်။ များမကြာမီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးချုပ်ဖြစ်လာမည်ဟုလည်း ထင်ကြေးပေးခံနေရသည့် စစ်သားမှ အရပ်ဘက်ပြောင်းသော မိုးကျရွှေကိုယ်ဖြစ်ပါသည်။
ဒေါက်တာကိုကိုနိုင်က မန္တလေးတိုင်း မြင်းခြံမြို့သား။ သို့သော် စနစ်ပြောင်းခေတ်ပြောင်းတွင် သတ္တိသွေးစွေးစွေးနီသည့် ယနေ့ခေတ် လူထုက ချစ်ခင်နေကြသည့် ရိုးသားရဲရင့်သော အညာသားများကဲ့သို့ ဟုတ်မနေပါ။ ယမန်နှစ်ကမှ ဒေါက်တာဘွဲ့ ယူခဲ့သူဖြစ်ပြီး ရာထူးအာဏာရရေးအတွက် စစ်ကောင်စီ သေနတ်ပြောင်းဝအပါးခစားပြီး မည်သည့်အရာမဆိုချနင်းမည့်သူအဖြစ် တရားရေးအသိုင်းအဝိုင်းက ဆိုနေကြသည်။
ကြိုးစင်သို့တက်မည့် သူ့ခြေလှမ်းများက လွန်ခဲ့သော နှစ်၄၀ခန့်၊ ရန်ကုန်တက္ကသိုလ်ရွှေခေတ်ကာလက စတင်ခဲ့ပါသည်။ဦးကိုကိုနိုင်က ၁၉၈၅ ဝန်းကျင်တွင် ရန်ကုန်တက္ကသိုလ် ဥပဒေတန်းတွင် သူ့ညီမနှင့်အတူ တစ်တန်းတည်းကျောင်းတက်ခဲ့သူ။ လူက အနေအေးသည်။ ဟာသဉာဏ်ရွှင်သည်။ သို့သော် ဇီဇာကြောင်သည်။ အပေါင်းအသင်းရွေးပေါင်းသည်။ မျက်နှာကြောတင်း၍ လူချစ်လူခင်နည်းသည်။ ကျန်းမာရေးကို အလေးထားသလိုနှင့် အိုဗာလုပ်ရပ်တွေ လုပ်နေတတ်သည်။ မိုးအုံ့ ချိန်၌ပင် သဘက်ခေါင်းပေါ်အုပ်ပြီး ကျောင်းဝင်းထဲ သွားလာတတ်သူ။ တေဇောပန်းပရုပ်ဆီက သူ့လက်စွဲတော်။
၁၉၉၀ ခုနှစ် အစောပိုင်းတွင် ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနမှ ဥပဒေဘွဲ့ (LL.B) ရရှိခဲ့သည်။ သို့မဟာဝိဇ္ဇာဘွဲ့ (LL.M) ဆက်တက်ရောက်ခွင့်မရခဲ့။ဘွဲ့ရပြီး နောက် စစ်ဗိုလ်သင်တန်းကျောင်း OTS တက်ရောက်ခြင်းဖြင့် စစ်ဘက်ဆိုင်ရာတရားစီရင်ရေးဌာနသို့ ရောက်ရှိသွားသည်။ စစ်ဗိုလ်အနေဖြင့် မဟာဝိဇ္ဇာဘွဲ့ (LL.M)ပြန်တက်ရမည့် အမိန့်ကြောင့် အဝေးသင်အဖြစ်ပြန်တက်ရသည်။
၂၀၀၀ ခုနှစ်ဝန်းကျင်တွင် စစ်တပ်အရာရှိဘဝနှင့် ဂျပန်နိုင်ငံသို့ ပညာတော်သင်သွားနိုင်ရေးကြိုးစားခဲ့သည်။ သို့သော် ကနဦး၌ တက်ရောက်ခွင့်မရခဲ့ပေ။ ရှေ့နေချုပ်ရုံးမှ ဥပဒေအရာရှိအဖြစ် တစ်ဖက်လှည့်ဖြင့်လျှောက်ခဲ့သည်။ ထိုနည်းဖြင့် ဂျပန်နိုင်ငံတွင် ၁ နှစ်ကျော် ပညာသင်ခဲ့သည်။
ဂျပန်နိုင်ငံမှ ပြန်လာပြီးနောက် စစ်တပ်၌ စစ်ဘက်ဆိုင်ရာတရားစီရင်ရေးဌာန၌ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။ ဗိုလ်ချုပ်မူးကြီးဟောင်းဦးသန်းရွှေ နှင့် ဦးသိန်းစိန်အစိုးရ အာဏာအလွှဲအပြောင်းကာလ ၂၀၁၀ ခုနှစ်ဝန်းကျင်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ညွှန်ကြားရေးမှူးရာထူးဖြင့် ပြောင်းရွှေ့လာခဲ့သည်။
အရပ်ဘက်တရားစီရင်ရေးပိုင်း မကျွမ်းကျင်သောကြောင့် တရားသူကြီးအနေဖြင့်အမှုမစစ်ရ။
စီမံဌာန၌ တာဝန်ယူရသည်။ စစ်တပ်မှ အရာရှိများသည် အရပ်ဘက်သို့ တပြုံတမကြီး ပြောင်းလာသည့် ထိုကာလက မူလရှိပြီးသား ဌာနအရာရှိများ၊ဝန်ထမ်းများက ဦးကိုကိုနိုင်ကို မျက်စိစပါးမွှေးဆူးကြသည်။
” ဌာနက တရားသူကြီးတွေက ဒီကောင်ဘာမှမတတ်ပါဘူးကွာ။ မိုးကျရွှေကိုယ်ပါလို့ ပြောတော့ သူကလည်း မခံနိုင်ဘူး။ အဲ့လိုပွတ်တိုက်မှုတွေ ဖြစ်လာတယ်” ဟု သူနှင့်သိကျွမ်းသည့် အငြိမ်းစားတရားသူကြီးတစ်ဦးကပြောသည်။
သို့သော် အထက်လူကြီးသဘောကျအောင် နေတတ်သည့် ဦးကိုကိုနိုင်သည်နှစ်အနည်းငယ်အတွင်း ခပ်မြန်မြန်ရာထူးတိုးလာပြီး ရုံးအဖွဲ့မှူး ဒုတိယညွှန်ကြား ရေးမှူးချုပ်ဖြစ်လာသည်။ ဌာနတွင်းပွတ်တိုက်မှုများ ပိုများပြားလာသလို သူကလည်း နည်းမျိုးစုံသုံး၍ ပညာပြသည်။သူနှင့်မသင့်မြတ်သည့် ဌာနတွင်းကျန်အရာရှိများနှင့် ဝန်ထမ်းများအပြင် ကျန်မြို့နယ်များမှ တရားသူကြီးများ၊ တရားရုံးဝန်ထမ်းများကို ဖိနှ်ိပ်သည်။
စစ်ခေါင်းဆောင်က အာဏာသိမ်းပြီး သမ္မတရူးသလို ဦးကိုကိုနိုင်ကလည်း ရာထူး၊ အာဏာရူးခဲ့သည်ဟု နေပြည်တော်တရားရေးဝန်ထမ်းအသိုင်းအဝိုင်းကဆိုသည်။ သူဒုညွှန်ချုပ်ဖြစ်ကာစက တရားရေးဌာနရောက် ကျောင်းနေဘက်သူငယ်ချင်းတစ်ဦးက သူ့အား သူငယ်ချင်းဟုခေါ်ဆိုနှုတ်ဆက်သည်ကို သူငယ်ချင်းဟုမခေါ်ရန်
နှင့် ဦးကိုကိုနိုင်ဟုခေါ်ရန် ပြန်ပြောခဲ့ဖူးသည်။ ထိုဖြစ်ရပ်ကြောင့် ကျောင်းနေဘက်သူငယ်ချင်းများက မျက်မုန်းကျိုးခဲ့ကြသလို ဌာနတွင်း၌လည်း အာဏာရူးအဖြစ် နှာခေါင်းရှုံ့ကြသည်။
ထိုအချိန်က ပြည်ထောင်စုတရားသူကြီးချုပ်မှာ ဦးထွန်းထွန်းဦးဖြစ်သည်။သူသည် ဦးထွန်းထွန်းဦး၏ အနီးကပ်လူယုံဖြစ်လာသည်။
“သူကအမြဲတမ်း ဦးထွန်းထွန်းဦးနဲ့ပဲနေရတယ်။ ဦးထွန်းထွန်းဦးပြန်မှပြန်ရတယ်။ ဦးထွန်းထွန်းဦးကိုကြိုဖို့ ရုံးကို အစောကြီးလာတယ်။ အဲဒါတွေကိုဦးထွန်းထွန်းဦးကအရမ်းသဘောကျတယ်။ ဦးထွန်းထွန်းဦးကနေပြည်တော်မှာတစ်ယောက်
တည်းရှိတာဆိုတော့ စနေ၊တနင်္ဂနေတွေတောင် ဦးထွန်းထွန်းဦးဆီသွားပြီး တိုးတိုးဖော်လုပ်ပေးရတယ်။ အဲ့ဒီလိုနဲ့ ဦးထွန်းထွန်းဦးရဲ့လက်စွဲဖြစ်လာတယ်” ဟု လက်ရှိတာဝန်ထမ်းဆောင်ဆဲ တရားရေးအရာရှိတစ်ဦးကပြောသည်။
စစ်တပ်ကနိုင်ငံတော်အာဏာမသိမ်းခင် လအနည်းငယ်အကြာ၌ ဦးထွန်းထွန်းဦးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ စီမံရေးရာဌာနညွှန်ကြားရေးမှူးချုပ်ကို ရာထူးမှဖယ်ရှားပြီး ဦးကိုကိုနိုင်ကို နေရာပေးခဲ့သည်။တမင် အပြစ်ရှာ၍ ဖယ်ရှားခဲ့ခြင်းဟု ဌာနတွင်းလူသိများခဲ့သည်။ ထိုနည်းဖြင့် ဦးကိုကိုနိုင်သည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ စီမံရေးရာဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်လာသလို ပြည်ထောင်စုတရားလွှတ်တော်ချုပ်အမြဲတမ်းအတွင်းဝန်လည်း ဖြစ်လာသည်။
“ပြည်ထောင်စုတရားသူကြီးချုပ်ရဲ့ နိုင်ငံရေး Levelက ဒုတိယသမ္မတLevelရှိတယ်။ ကိုကိုနိုင်က ဦးထွန်းထွန်းဦးရဲ့ လူယုံဆိုတော့ တော်တော်လေးဟန်ကျခဲ့တယ်” ဟု နေပြည်တော်မှ တရားသူကြီးတစ်ဦးကပြောသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ စီမံရေးရာဌာနသည် တစ်နိုင်ငံလုံးရှိတရားသူကြီးများအား လိုသလို နေရာချနိုင်သည်။ ထိုအခွင့်အရေးကို ဦးကိုကိုနိုင်က အပြည့်အဝ အသုံးချခဲ့သည်။ သူအမြင်မကြည်သည့်တရားသူကြီးအချို့ကို ဝေးလံခေါင်ဖျားဒေသများသို့ ပို့ခဲ့သည်။ သူအမျက်တော်မရှစေရေး မျက်နှာချိုသွေးပြီး လေးစားဟန်ပြခဲ့ရသည်ဟု တရားသူကြီးတစ်ဦးကပြောသည်။
” တရားသူကြီးတွေရဲ့ကံကြမ္မာဟာ သူ့လက်ထဲမှာရှိခဲ့တာ” ဟု ၎င်းကဆိုသည်။
သူက ငွေကြေးထက် ရာထူးအာဏာကို ပိုမက်ခဲ့သည်။ ရာထူးတက်ရေးအတွက် အထက်လူကြီးအား မျက်နှာချိုသွေးခဲ့ပြီး လက်အောက်ငယ်သားအား ဖိနှိပ်နေခဲ့သည်။ သူ့ကြောင့် ဒုက္ခရောက်သူ အများအပြားရှိခဲ့သည်။ တဖက်တွင်လည်း တနိုင်ငံလုံးရှိ တရားသူကြီးများအား နေရာချထားရေးတွင် ငွေကြေးမြိုးမြိုးမြက်မြက်လက်ခံရယူခဲ့သည်။ တရားရေးလောကက ပညာတတ်အရေခြုံများ လာဘ်စားပုံက ပိရိသည်။ မြွေဘုရင်ငန်းတော်ကျားကဲ့သို့ အဆိပ်ရှိပြီး အနေအထိုင်ပိရိကြသည်။ ဦးကိုက်ိုနိုင်သည် နေပြည်တော်အသိုင်းအဝိုင်းကြား၌ မြွေဘုရင်ဘွဲ့ရရှိခဲ့သည်။
“သူက မြွေလိုပြောရင် ငန်းတော်ကြား။ မြွေဘုရင်ပေါ့။ လာဘ်စားမှုနဲ့ ဘယ်ကင်းမလဲ။ ဒါပေမယ့် လူမသိဘူး” ဟု ဦးကိုကိုနိုင်နှင့် နီးစပ်သည့်တရားသူကြီးတစ်ဦးကပြောသည်။
တစ်ကြိမ်တွင်တော့ သူ့ဖိနှိပ်မှုနှင့်အာဏာအလွဲသုံးမှုကို မခံနိုင်သည့် သူ့ထက် ဥပဒေပညာပိုတတ်သော တရားသူကြီးတစ်ဦးကြောင့် သူ တရားခွင်သို့ တက်ခဲ့ရသည်။ ထိုဖြစ်ရပ်က ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ခဲ့သည်။ တရားသူကြီးတစ်ဦးက သက်ပြည့်ပင်စင်ဖြင့် အငြိမ်းစားယူပြီးပြီးချင်း သူ့ကို တရားပြန်စွဲခြင်းဖြစ်သည်။ယင်းတရားသူကြီးသည် ဧည့်ခံပွဲတစ်ခု၌ အရက်မူးပြီး ကိုယ်တုံးလုံးချွတ်ကသည်ဟု ဦးကိုကိုနိုင်က ဌာနတွင်း၌ အထက်ပါတရားသူကြီး သက်ပြည့်အငြိမ်းစားယူရန် နှုတ်ဆက်သောပွဲတွင် မဟုတ်မမှန်ပြောခဲ့သဖြင့် သူ့အား မလျော်ကန်သော ဩဇာအာဏာသုံး၍ သိက္ခာချသည်ဟုဆိုကာ ကျပ်သိန်းနှစ်သောင်း နစ်နာကြေးရလိုမှုဖြင့် အငြိမ်းစားယူပြီးနောက် တရားစွဲခြင်းဖြစ်သည်။
“ကိုကိုနိုင်ရဲ့ ဩဇာအာဏာလွတ်လွတ်ခြင်းမှာပြန်တွယ်မယ်ကွဆိုပြီး တရားထစွဲလိုက်တာ” ဟု ထိုဖြစ်စဉ်ကို သိရှိသည့် နေပြည်တော်ရပ်ဝန်းမှ တရားသူကြီးတစ်ဦးက ပြောသည်။
သို့သော် ထိုအမှုသည် ဘာမှ ဆက်မဖြစ်ခဲ့ပါ။ တစ်နိုင်ငံလုံး၏ အမြင့်ဆုံးတရားစီရင်ရေးအာဏာကိုင်ထားသည့် ပြည်ထောင်စုတရားသူကြီးချုပ်၏ ညာလက်ရုံးဦးကိုကိုနိုင်အမှုကို သက်ဆိုင်ရာတရားရုံးများက အလိုက်တသိ ပလပ်ပေးလိုက်ခြင်းဖြင့် နိတ္ထိတံသွားခဲ့သည်။
သူဆက်လက်တန်ခိုးထွားစေရေးအတွက် နိုင်ငံရေးအခြေနေကလည်း အထောက်အပံ့ဆက်ပေးခဲ့သည်။တရားရေးလောက၌ သူ တန်ခိုးထွားနေချိန် ၂၀၂၁ ခုနှစ်တွင် စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းသည်။ တရားဥပဒေမဲ့ကာလတွင် ဦးကိုကိုနိုင်တစ်ယောက် နေရာပိုရလာသည်။ ဒေါက်တာဘွဲ့ပါယူပြီး ဒေါက်တာကိုကိုနိုင်ဟု သူ့ကို ခေါ်တွင်စေခဲ့သည်။ သို့သော် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေပေးလျင်ဖြစ်ချင်သလိုဖြစ်သောခေတ်ပျက်တွင် ၎င်းရသောဒေါက်တာဘွဲ့မှာလည်း အရည်အချင်းအကြောင့်ရသောဘွဲ့မဟုတ်ဟု ၎င်းကိုသိသူအချို့ကပြောသည်။ ဒေါက်တာဘွဲ့ယူသောစာတမ်းကိုပင် တရားရေးဌာနမှ အခြားတစ်ဦးက ကိုယ်စားရေးပေးခဲ့ခြင်းဖြစ်ကြောင်းတရားသူကြီးအချို့ကပြောသည်။
သူရုံးထိုင်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ၁၁ဦး ရှိသည်။ ၂၀၂၁ ခုနှစ် စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးနောက် NLD အစိုးရနှင့် နီးစပ်သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး အချို့ကို ရာထူးမှာဖယ်ရှားလိုက်သည်။ လစ်လပ်သွားသည့်နေရာများ၌ ပြန်ခန့်သူများအနက် ဦးထွန်းထွန်းဦးက ၎င်း၏ လူယုံ ဦးကိုကိုနိုင်အား ထည့်သွင်းလိမ့်မည်ဟု မှန်းဆမှုများရှိခဲ့သည်။ သို့သော် ယင်းသို့ဖြစ်မလာခဲ့ပေ။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးသည် နိုင်ငံတော်အဆောင်အယောင်နှင့် နေရသည်ဖြစ်၍ ၎င်း၏ တပည့်ရင်း လူယုံအား အနီးကပ်ထားချင်သော ဦးထွန်းထွန်းဦးက ဦးကိုကိုနိုင်ကို ဆွဲထားခဲ့သည်ဟု နေပြည်တော်တရားရေးအသိုင်းအဝိုင်းအတွင်း လူပြောများခဲ့သည်။
သို့သော်ဦးထွန်းထွန်းဦးသည် ၂၀၂၃ခုနှစ် ဩဂုတ်လ ၂ ရက်တွင် ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှရုတ်တရက်အနားယူသွားခဲ့သည်။ ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ဦးသာဌေးအား စစ်ကောင်စီကခန့်အပ်လိုက်သည်။
ဆရာရင်းမရှိတော့သည့်နောက်ပိုင်းဦးကိုကိုနိုင်လည်း ငြိမ်ချက်သား ကောင်းခဲ့သည်။ သို့သော် ဦးကိုကိုနိုင်ကိုပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်အဖြစ် စစ်ကောင်စီက ဩဂုတ်လ ၁၀ ရက်တွင် လူလုံးထုတ်ပြလိုက်သည်။
ယခင်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ စီမံရေးရာဌာနညွှန်ကြားရေးမှူးချုပ်နှင့်ပြည်ထောင်စုတရားလွှတ်တော်ချုပ်အမြဲတမ်းအတွင်းဝန်ရာထူးတွင် လူရှေ့ထွက်စရာမလို။ လူသိခံစရာမလို။ ငန်းတော်ကြားလို ငြိမ်ငြိမ်လေး နေ၍ရသည်။
ယခုအခါတွင်တော့ စစ်ကောင်စီက ကျူးလွန်သမျှ ပြစ်မှုတစ်မှုချင်းစီအပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးအဖြစ် သူတာဝန်ခံရတော့မည်ဖြစ်သည်။ သူတင်မက အငြိမ်းစားယူသွားသည့် တရားသူကြီးချုပ်ဦးထွန်းထွန်းဦး၊ လက်ရှိတာဝန်ထမ်းဆောင်နေဆဲ တရားသူကြီးချုပ်ဦးသာဌေး၊ သူနှင့်ရာထူးတူတရားသူကြီး ၁၀ဦးလည်း တာဝန်ခံရမည်ဖြစ်သည်။
ဦးကိုကိုနိုင်နှင့်အတူ စစ်ကောင်စီထံတွင် တာဝန်ထမ်းဆောင်နေသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများမှာ ဦးမျိုးတင့်၊ ဦးမျိုးမောင်၊ဦးကြည်သိန်း၊ဦးခင်မောင်ကြီး၊ဦးတင်ဟုန်၊ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ဒေါ်ခင်မေရီ၊ဒေါ်ပြုံးပြုံးအေးနှင့် ဒေါ်သင်းသင်းနွဲ့တို့ဖြစ်သည်။ အထက်အရာရှိ သဘောကျအောင်နေတတ်သည့် ဦးကိုကိုနိုင်သည် မကြာမီကာလတွင် ပြည်ထောင်စုတရားသူကြီးချုပ်ဖြစ်လာလိမ့်မည်ဟု နေပြည်တော်အသိုင်းအဝိုင်း၌ ခန့်မှန်းနေကြသည်။
” သူဟာ မင်းအောင်လှိုင်ရဲ့ အဓိကဒေါက်တိုင်ဖြစ်သွားပြီ။ ကြိုးစင်တက်ရမှာ သေချာသွားပြီ” ဟု နေပြည်တော်မှ အငြိမ်းစားတရားသူကြီးတစ်ဦးက မှတ်ချက်ပြုသည်။ ။