Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပါးစပ်က ငြိမ်းချမ်းရေးစကားထွက်ပြီး မြေပြင်၌ ထိုးစစ်ဆင်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်ကို KNUနှင့် KIO ခေါင်းဆောင်များ ထောက်ပြ

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကို ဖိတ်ခေါ်သော်လည်း စစ်ရေးလှုပ်ရှားမှုများ ထိုးစစ်များရှိနေကြောင်း KNUနှင့် KIAတို့က ဆိုသည်။

●အာဏာသိမ်း​ခေါင်း​ဆောင်​ပြောခဲ့​သော “ဆိတ်ခေါင်းချိတ်ပြီးခွေးသားမရောင်းပါနဲ့” စကားကိုပြန်လည်တုံ့ပြန်

စစ်ကောင်စီအနေဖြင့် ငြိမ်းချမ်းရေးဆိုသည့် စကားရပ်ကို သုံးနှုန်းပြောဆိုနေသော်လည်း လက်တွေ့မြေပြင်၌ ထိုးစစ်ဆင်မှုများ နေရာအနှံ့ပြုလုပ်နေကြောင်းကို ကရင်အမျိုးသားစည်းအရုံး(KNU)နှင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ခေါင်းဆောင်တို့က ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းသည့် စကားပုံနှင့် ကာတွန်းပုံတို့ကို ဥပမာပြ၍ ထောက်ပြခဲ့သည်။

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကို ဖိတ်ခေါ်သော်လည်း စစ်ရေးလှုပ်ရှားမှုများ ထိုးစစ်များရှိနေကြောင်း KNUနှင့် KIAတို့က ဆိုသည်။

“အပစ်အခတ်ရပ်စဲရေးခေါ်တယ် ငြိမ်းချမ်းရေး စကားက ပါးစပ်ကထွက်နေတယ်။ သို့သော်ငြားလည်းပဲ တကယ်တန်းကျတော့ အဲဒီ စစ်တပ်တွေက အဲဒီမှာပဲ တဝဲဝဲတလယ်လယ် ထိုးစစ်ဆင်နေတာ ဘယ်လိုလုပ်မလဲ။ အဲဒါကြောင့်မို့လို့ အဲဒီ ရန်လိုတဲ့ စစ်တပ်တွေ အကုန်လုံး ဆုတ်ပါလို့ ကျွန်တော်တို့ ပြောနေတာဖြစ်တယ်။ ဒါတွေမလုပ်ဘဲနဲ့ ဘယ်လိုမှ (ဆွေးနွေးပွဲ) ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ ပါးစပ်က ဘုရားဘုရား လက်ကနေ ကားယားကားယား လုပ်တဲ့ဟာက လုံး၀မဖြစ်နိုင်ဘူး။ ကျွန်တော်ပြောချင်တာက သူ့(စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်)ရဲ့ စကားနဲ့ ပြန်ငှားပြောရမယ်ဆိုရင်တော့ ဆိတ်ခေါင်းချိတ်ပြီးတော့ ခွေးသားရောင်းနေတယ်ဆိုတာ သူကိုယ်တိုင်က လုပ်နေတဲ့ ကိစ္စပါ။ အဲဒါကြောင့်မို့လို့ ဒီဟာတွေ ရပ်တန်းက ရပ်ဖို့သင့်တယ်လေ”ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ယမန်နေ့တွင် စစ်ကောင်စီခေါင်းဆောင်၏ ဖိတ်ခေါ်ချက်ကို ပယ်ချသည့် KNU၏ ထုတ်ပြန်ကြေညာချက်အပေါ် ရှင်းပြသည်။

KIO/KIA အနေဖြင့်လည်း စစ်ကောင်စီခေါင်းဆောင်၏ ဖိတ်ခေါ်ချက်ကို လက်မခံကြောင်း မေလ ၅ရက်တွင် KIO ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။ စစ်ကောင်စီ အနေဖြင့် ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားသော်လည်း KIO/KIA ဌာနချုပ်တစ်ဝိုက် တပ်အင်အား ဖြည့်တင်းထားခြင်းကို ပြန်လည် ရုတ်သိမ်းထားခြင်းမရှိကြောင်း KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIO ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ဂွန်မော်ကလည်း ယနေ့ မေလ ၉ရက်တွင် ၎င်း၏ Facebook တွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ညွှန်းဆိုသည်ဟု သိသာစေသော ကာတွန်းပြကွက်ကို ဖော်ပြခဲ့သည်။

“ ဒီနေ့။ ခရီးသွားရင်း ရွာကလေးတရွာက (ကလေးများဝိုင်းကြည့်နေသော နံရံကပ် ကာတွန်းပုံတပုံ)”ဟု ရေးသားကာ ခွေးခန္တာကိုယ်တွင် ဆိပ်ခေါင်း ချိပ်ပြီး စျေးရောင်းနေသည့်ကာတွန်းကို ဖော်ပြထားသည်။

အဆိုပါ ကာတွန်းတွင် “ကျင်ဆိုး၊ ဆိတ်သား” ၊ “ May 9” ၊ “ဟာ ဖောက်သည်တွေတောင် လာမဝယ်ကြပါလား…အီး…”ဟူသည့် စာသားများလည်းရေးထားသည်။

ကျင်ဆိုးဆိုသည်မှာ စစ်ကောင်စီခေါင်းဆောင်ကို ပြည်သူများက ကြိုးစင်တက်စေလိုသည်ကို ရည်ရွယ်ပြီး ခေါ်ဆိုသည့် နာမည်ပြောင် ဖြစ်ပြီး ဆိတ်သားဆိုသည်မှာ ဆိတ်ခေါင်းချိတ်ထားသည့် ခွေးကဆိတ်သားရောင်း နေပုံကို ဖော်ပြထားခြင်းဖြစ်သည်။

​မေလ၉ရက်မှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင် လှိုင်က သူကိုယ်တိုင်ဆွေးနွေးမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မေလ ၉ရက် နောက်ဆုံးထား အကြောင်းပြန်ရန် ပြောဆိုထားသည်ကို ညွှန်းဆိုသည့် ရက်စွဲဖြစ်သည်။

“ဟာ ဖောက်သည်တွေတောင် လာမဝယ်ကြပါလား…အီး…” ဟူသည့်စာမှာ စစ်ကောင်စီခေါင်းဆောင်ဖိတ်​ခေါ်ချက်ကို နိုင်ငံရေး၊ စစ်ရေးအရဂုဏ်သိက္ခာရှိသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက မတက်ရောက်ကြောင်းထုတ်ပြန်ကြေညာမှုများရှိသည့် အခြေအနေကို ရည်ညွှန်းထားခြင်းဖြစ်ဖွယ်ရှိသည်ဟုသုံးသပ်မှုများလည်းရှိသည်။

အဆိုပါ စကားပုံကို လွန်ခဲ့​သော ၂ နှစ်ခန့်က မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုရည်ညွှန်း၍၂၁ ရာစု ပင်လုံညီလာခံတွင်​ပြောကြားခဲ့ဖူးသည်။

“တိုင်းရင်းသားလက်နက်ကိုင်တွေဟာ နိုင်ငံတော်ကို ဆန့်ကျင်တာဖြစ်ပါတယ်။ တက်လာသမျှအစိုးရတွေကို ဆန့်ကျင်တာဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ အစိုးရတိုင်းကို တပ်မတော်က ကာကွယ်ပေးနေတယ်ဆိုတာ ဖြစ်စဉ် ဖြစ်ရပ်များပေါ်မှာ ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာကြည့်ရင်တွေ့နိုင်ပါတယ်။

၁၉၅၀ ပြည့်နှစ်လောက်က အတွေးအခေါ် အယူအဆတွေနဲ့ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆက်လက်မောင်းနှင်နေလိုတဲ့ သဘောထားတွေဟာ မရိုးဖြောင့်ဘူးလို့ ကျွန်တော်ပြောလိုပါတယ်။

အဲဒီခေတ်က ခေတ်စားခဲ့တဲ့ စကားနဲ့ပြန် ပြောရရင် ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဖို့ မကြိုးစားပါနဲ့လို့ ကျွန်တော်ဆိုချင်ပါတယ်” ဟုအကြမ်းဖက်စစ်တပ်​ခေါင်း​ဆောင်က ၂၀၂၀ သြဂုတ် ၁၉ ရက်က မင်းအောင်လှိုင်က ၂၁ ရာစုပင်လုံညီလာခံဖွင့်ပွဲတွင်​ပြောကြားခဲ့သည်။ ငြိမ်းချမ်း​ရေးညီလာခံတွင် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များကို ထိုကဲ့သို့​တစ်ဖက်သက်အပြစ်တင်စကား​ပြောခဲ့ခြင်းအ​ပေါ် နိုင်ငံ​ရေး​သမားများက စစ်​ခေါင်​ဆောင်ကို​ဝေဖန်ခဲ့ကြပြီး ၊အဆိုပါအယူအဆဖြင့်ဆိုပါက ငြိမ်းချမ်း​ရေးအလှမ်း​ဝေးမည်ဟု​ထိုစဥ်ကတည်းကသုံးသပ်ခဲ့ကြသည်။

ယခုအခါ​ရွေး​ကောက်ခံအရပ်သားအစိုးရထံမှအာဏာလုယူပြီး ငြိမ်းချမ်စွာဆန္ဒပြ​သောပြည်သူများကိုအကြမ်းဖက်သတ်ဖြတ်​ချေမှုန်းရာမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပြည်သူများကလက်နက်စွဲကိုင်​တော်လှန်၍ အထိနာ​နေချိန်တွင်အာဏာသိမ်း​ခေါင်း​ဆောင်က ၎င်းကိုယ်တိုင်ငြိမ်းချမ်း​ရေး​ဆွေး​နွေးမည်ဟုဖိတ်ကြား​သော်လည်း အဓိကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကမတက်​ရောက်ဟု​တရားဝင်ထုတ်ပြန်ကြချိန်တွင် မင်း​အောင်လှိုင် လွန်ခဲ့​သော ၂ နှစ်ခန့်က​ပြောခဲ့​သောစကားဖြင့်ပြန်လည်တုံ့ပြန် လိုက်ခြင်းလည်းဖြစ်သည်။

စစ်ကောင်စီခေါင်းဆောင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း KNU၊ KIO၊ ကရင်အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့က ထုတ်ပြန်ကြေညာထားသည်။

“ကျွန်တော်ပြောချင်တာက ဒီလိုအကြမ်းဖက်တဲ့နည်းနဲ့ အာဏာသိမ်းယူလိုက်တဲ့ စစ်တပ်ဟာ ဒါကတရားမဝင်တဲ့အဖွဲ့အစည်း တစ်ခုဖြစ်သွားပြီဆိုတာရှင်းတယ်။ အဲဒါကြောင့်မို့လို့ ဒီလိုတရားမဝင်တဲ့ အဖွဲ့အစည်းတစ်ခုကနေ နိုင်ငံရေး ဆွေးနွေးပွဲခေါ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ သူကိုယ်တိုင်ကလည်း ဒီလိုနိုင်ငံရေးဆွေးနွေးပွဲမျိုးလုံး၀ ခေါ်ပိုင်ခွင့်မရှိဘူးဆိုတာ ကျွန်တော်တို့ အတိအလင်းပြောမယ်။ အဲဒီလိုဆိုတော့ ဒီလိုဖိတ်ခေါ်တဲ့ဟာ ကျွန်တော်တို့ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိဘူး” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ယခု ပူးတွဲထုတ်ပြန်ချက်တွင် ပြည်ထောင်စု၏ ပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရေးသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ အစဉ်တစိုက် တောင်းဆိုခဲ့သည့် တောင်းဆိုချက်ပင်ဖြစ်ကြောင်းသည်ဟု ဆိုသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ဖိတ်ခေါ်မှု အပေါ် ကရင်အမျိုးသားအစည်း အရုံး(KNU)၏ သဘောထားရုပ်သံကို KNU ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ယမန်နေ့ညပိုင်းက ထုတ်ပြန်ခဲ့သည်ကို စာဖြင့် ပြန်လည်ဖော်ပြလိုက်ပါသည်။ KNU၏ သဘောထားကို အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီအနေနဲ့ အခုလိုအချိန်ကာလမျိုးမှာ တကယ်အကောင်းဘက်ကို လိုချင်တယ်ဆိုပါက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရမှာလို့ ပဒိုစောတောနီးက ပြောပါတယ်။

သတင်း

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်မှုအပေါ် ကရင်အမျိုးသားအစည်းအရုံး(KNU)က ယမန်နေ့တွင် တရားဝင်တုံ့ပြန်သည့် ကြေညာချက်ထုတ်ပြန်ခဲ့ရာ သက်ဆိုင်သူများအားလုံး ပါဝင်ဆွေးနွေးသည့် အခင်းအကျင်း မဖြစ်သည့်အတွက် တက်ရောက်နိုင်မည်မဟုတ်ကြောင်း ဖော်ပြခဲ့သည်။