Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်အပေါ် KNU၏ သဘောထား

အာဏာသိမ်းစစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ဖိတ်ခေါ်မှု အပေါ် ကရင်အမျိုးသားအစည်း အရုံး(KNU)၏ သဘောထားရုပ်သံကို KNU ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ယမန်နေ့ညပိုင်းက ထုတ်ပြန်ခဲ့သည်ကို စာဖြင့် ပြန်လည်ဖော်ပြလိုက်ပါသည်။ KNU၏ သဘောထားကို အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

(KNU/ KNLA တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-KNU)

■အကြမ်းဖက်အာဏာသိမ်းသည့် စစ်ကောင်စီ၌ နိုင်ငံရေးဆွေးနွေးပွဲ ခေါ်ပိုင်ခွင့်မရှိ
အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ပြန်ပြောရမယ်ဆိုရင်တော့ ဧပြီလ ၂၂ရက် တုန်းက သူက ကမ်းလှမ်းလိုက်တဲ့အခါ နာရီပိုင်းအတွင်းမှာ ကျွန်တော်တို့ တုံ့ပြန်ထားတာရှိတယ်။ အထူးသဖြင့် မီဒီယာကနေ တုံ့ပြန်ထားတဲ့အတိုင်း အခု တရားဝင်စာနဲ့ပေနဲ့ ကျွန်တော်တို့ ပြန်ပြီးတော့ ထုတ်ပြန်ရတဲ့ အနေအထား ရောက်လာတဲ့အခါ ဘာမှ အပြောင်းအလဲ မရှိဘူးဆိုတာကိုတော့ ကျွန်တော်ပြောချင်တယ်။ အဲဒါကြောင့်မို့လို့ သူဖိတ်ခေါ်တာနဲ့ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ ကရင့်တော်လှန်ရေးဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းကလည်း နိုင်ငံရေးပြဿနာဖြစ်တယ်။ အဲဒီနိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းရမယ်ဆိုတာ ကျွန်တော်တို့ တသွေမတိမ်းလိုက်နာတယ်။ လုပ်လည်းလုပ်ဆောင်တယ် ကြိုးလည်း ကြိုးစားခဲ့တယ်။ အဲဒါကြောင့် ဒီကရင့်တော်လှန်ရေး သမိုင်းကြောင်း တလျှောက်လုံးမှာ လက်နက်ကိုင်ပဋိပက္ခ အနေနဲ့ တောက်လျှောက်ဖြစ်လာတဲ့အခါမှာ နှစ်ပေါင်း ၆၀ ကျော်ရောက်လာတဲ့အခါမှသာလျင် အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးကို လုပ်နိုင်တယ်။ အဲဒီ အပစ်အခတ်ရပ်စဲရေးက တစ်ဆင့် နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေးကနေ တစ်ဆင့် တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး သွားပြီးတော့ နောက်ဆုံး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ဖြေရှင်းဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ ကြိုးစားခဲ့တယ်။ အဲဒီအတိုင်းပဲ လိုက်လုပ်ဆောင်လာခဲ့တဲ့အပေါ်မှာကတော့ အားလုံးသိပြီးတဲ့အတိုင်း အခက်အခဲတော့ အများကြီးရှိပါတယ်။ သို့သော်ငြားလည်း ကျွန်တော်တို့ ကြိုးစားပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ သံဓိဌာန်ချပြီးတော့ လုပ်လာတဲ့အခါမှာ အဲဒီ နိုင်ငံရေးဆွေးနွေးပွဲထဲမှာ သတိထားမိတဲ့ တစ်ချက်က အခြေအနေအားလုံးတိုင်းက အဆင်မပြေခဲ့ပါဘူး။ သို့သော်ငြားလည်း ကျွန်တော်တို့ ကြိုးစားတယ်။

အထူးသဖြင့် ၂၀၁၈မှာ ကျွန်တော်တို့ အဲဒီဆွေးနွေးပွဲကနေ ယာယီရပ်ဆိုင်းတဲ့ အနေအထား တစ်ခုရောက်လာတယ်။ သို့သော်ငြားလည်း အဲဒီ ယာယီရပ်ဆိုင်းထားတာကနေ ပြီးတော့ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် ထပ်ပြီးတော့ အလွတ်သဘောနဲ့ ပြန်ကြိုးတဲ့အခါ ၈ကြိမ်တိတိ အစိုးရနဲ့ တွေ့ပြီးတော့ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီ ၈ကြိမ် တိတိ ဆွေးနွေးခဲ့ပြီးတဲ့နောက်မှာ ကျွန်တော်တို့က ၂၀၂၀ ခုနှစ်မှာ ပြန်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲကို ပြန်ဝင်လာတဲ့အခါ အထူးသဖြင့် ၂၀၂၀ ခုနှစ်မှာ ကျွန်တော်တို့ ရခဲ့တဲ့ ပြည်ထောင်စုသဘောတူညီချက် အပိုင်း(၃)ဆိုတာ ဒါကလည်း ထင်ထင်ရှားရှားသိသိသာသာပဲ။လွယ်လွယ်ကူကူနဲ့ရခဲ့တာ မဟုတ်ဘူး။ ခက်ခက်ခဲခဲနဲ့ ကျွန်တော်တို့ ကြိုးစားပမ်းစား အထူးသဖြင့် Stakeholder အားလုံးကနေ ကြိုးစားပမ်းစား ပြီးတော့ ဆွေးနွေးခဲ့ကြပြီးတော့ နောက်ဆုံးသဘောတူညီချက် ရလာခဲ့တယ်။ ဆိုတော့ ကျွန်တော်တို့က ဒါကို အရမ်းတန်ဖိုးထားတယ် လေးလည်းလေးစားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်တစ်ခုကို တည်ထောင်မယ်ဆိုတာ ဒီမတူညီတဲ့ အနေအထား အားလုံးကနေ စုစည်းပြီးတော့ ဆွေးနွေးကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအခက်အခဲတွေကို ကျွန်တော်တို့ ကျော်လွှားနေတယ်ဆိုပေမယ့်လို့ နောက်ဆုံးမှာကျတော့ အထူးသဖြင့် Stakeholder ထဲက တစ်ခုဖြစ်တဲ့ စစ်တပ်ကနေပြီးတော့ အကြမ်းနည်းနဲ့ အာဏာသိမ်းလိုက်တဲ့အခါဆိုလိုတာက လုပ်ခဲ့သမျှ အားလုံးကို သူလုံး၀ တန်ဖိုးမထားဘဲနဲ့ တစ်ခါတည်း ဖျက်ဆီးလိုက်တယ်ဆိုတာ အဲဒီလိုပဲနားလည်ရတယ် အဲဒီအပေါ်မှာ နိုင်ငံရေးဆွေးနွေးပွဲဆိုတာ ရှေ့ဆက်လို့မရတော့ဘူး။ ဆိုတော့ ကျွန်တော်ပြောချင်တာက ဒီလို အကြမ်းဖက်တဲ့နည်းနဲ့ အာဏာသိမ်းယူလိုက်တဲ့ စစ်တပ်ဟာ ဒါက တရားမဝင်တဲ့အဖွဲ့အစည်း တစ်ခုဖြစ်သွားပြီဆိုတာရှင်းတယ်။ အဲဒါကြောင့်မို့လို့ ဒီလိုတရားမဝင်တဲ့ အဖွဲ့အစည်းတစ်ခုကနေ နိုင်ငံရေး ဆွေးနွေးပွဲခေါ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ သူကိုယ်တိုင်ကလည်း ဒီလို နိုင်ငံရေး ဆွေးနွေးပွဲမျိုး လုံး၀ ခေါ်ပိုင်ခွင့်မရှိဘူးဆိုတာ ကျွန်တော်တို့ အတိအလင်းပြောမယ်။ အဲဒီလိုဆိုတော့ ဒီလိုဖိတ်ခေါ်တဲ့ဟာ ကျွန်တော်တို့ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။

■အပြောတစ်မျိုး အလုပ်တစ်မျိုးနှင့် ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေသည့် စစ်ကောင်စီ
ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖိတ်ခေါ်ကတည်းကိုက အပြောနဲ့ အလုပ်ကတော့ နေရာတိုင်းမှာတော့ နည်းနည်းလိုက်ဖက်ညီဖို့တော့လိုတယ်လေ။ ဒါပေမဲ့ အပြောတစ်မျိုးအလုပ်တစ်မျိုးနဲ့ တောက်လျှောက်ပဲလေ။ ကျွန်တော်တို့ဆီမှာ တောက်လျှောက်ဘယ်လိုကြားနေရလဲဆိုတော့ အပစ်အခတ်ရပ်စဲရေးကိုခေါ်တယ်။ တစ်ချိန်ထဲမှာ ထိုးစစ်အကြီးအကျယ် ဆင်တယ်။ ဆိုတော့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ တစ်ကယ့်မြေပြင်မှာ တိုက်ပွဲအကြီးအကျယ် နေရာတိုင်းမှာ ဖြစ်နေတဲ့ ကိစ္စပဲလေ။ အပစ်အခတ်ရပ်စဲရေးခေါ်တယ်ဆိုရင် အဲဒါတွေရပ်ဖို့တော့လိုတယ်လေ။ တစ်ချိန်တည်းမှာ အဲဒါတွေက ချက်ချင်းလုပ်ရမယ့်ကိစ္စလည်းဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခု နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေတဲ့ သတ်တာဖြတ်တာတွေဟာ ရပ်ကို ရပ်ပစ်ရမယ်။ အဲဒါ မရပ်လို့မရဘူး။ နောက်ပြီးတော့ ရွာလုံးကျွတ် မီးလောင်တိုက်သွင်းတဲ့ဟာတွေ ။ လူတွေကို သတ်တာ ဖြတ်တာတင်မကဘူး နှိပ်စက်ညှင်းပမ်းတာတွေ၊ ထောင်ထဲမှာ အကျင်းသားတွေကို မတရားလုပ်တဲ့ဟာတွေ လည်း ကျွန်တော်တို့က အကုန်လုံးသိနေတဲ့ကိစ္စ အဲဒါတွေက ရပ်တန်းက ရပ်ရမယ်။ နိုင်ငံရေးအကျဉ်းသားတွေလည်း သူ့ရဲ့ယုံကြည်မှုအပေါ်မှာ ဒီအချိန်ဒီကာလ မှာ တကယ် အကောင်းကို လိုချင်တယ်ဆိုရင် ဒီလူတွေကို လွှတ်ပေးရမယ်။ ဆိုတော့ ကျေးရွာတွေကို ပြန်ကြည့်လိုက်ရင် ကျွန်တော်တို့ ဒေသမှာတင်မကဘူး နေရာဒေသ တော်တော်များများမှာပေါ့နော် ပဋိပက္ခ ဖြစ်တဲ့ဒေသမှာ ဆိုရင် ကျေးရွာတွေကို ဘာမဆိုင် ညာမဆိုင် လက်နက်ကြီးနဲ့ ထုတာတို့ နောက်ပြီးတော့ လေယာဉ်ပျံနဲ့ ဗုံးကြဲတာတို့ အဲဒါတွေလုပ်ပြီးတော့ တခါတန်းမရပ်မနား ဒီဟာတွေ ရပ်တန်းက ရပ်ရမယ်။ ဆိုတော့ အပစ်အခတ်ရပ်စဲရေးခေါ်တယ် ငြိမ်းချမ်းရေး စကားက ပါးစပ်ကထွက်နေတယ်။ သို့သော်ငြားလည်းပဲ တကယ်တန်းကျတော့ အဲဒီ စစ်တပ်တွေက အဲဒီမှာပဲ တဝဲဝဲတလယ်လယ် ထိုးစစ်ဆင်နေတာ ဘယ်လိုလုပ်မလဲ။ အဲဒါကြောင့်မို့လို့ အဲဒီ ရန်လိုတဲ့ စစ်တပ်တွေ အကုန်လုံး ဆုတ်ပါလို့ ကျွန်တော်တို့ ပြောနေတာဖြစ်တယ်။ ဒါတွေမလုပ်ဘဲနဲ့ ဘယ်လိုမှ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ ပါးစပ်က ဘုရားဘုရား လက်ကနေ ကားယားကားယား လုပ်တဲ့ဟာက လုံး၀မဖြစ်နိုင်ဘူး။ ကျွန်တော်ပြောချင်တာက သူ့ရဲ့ စကားနဲ့ ပြန်ငှားပြောရမယ်ဆိုရင်တော့ ဆိတ်ခေါင်းချိတ်ပြီးတော့ ခွေးသားရောင်းနေတယ်ဆိုတာ သူကိုယ်တိုင်က လုပ်နေတဲ့ ကိစ္စပါ။ အဲဒါကြောင့်မို့လို့ ဒီဟာတွေ ရပ်တန်းက ရပ်ဖို့သင့်တယ်လေ။ ဒါက ချက်ချင်းလုပ်ရမယ့် အလုပ်တွေဖြစ်တယ်။ အဲဒါတွေ မလုပ်ဘဲနဲ့ ကျန်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတို့ အပစ်အခတ်ရပ်စဲရေးတို့လာပြီးတော့ ပြောမနေနဲ့ ဘာမှ အဓိပ္ပါယ်မရှိဘူး ဒါတွေက အရင်ဆုံးလုပ်ရမယ့် ကိစ္စတွေဖြစ်တယ်။

■တရားမဝင် အာဏာသိမ်းသည့် ကိစ္စကို တရားဝင်စွန့်လွှတ်ကြောင်းကြေညာမှ နိုင်ငံရေးဆွေးနွေးပွဲ ဆက်လုပ်နိုင်မည်။ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ထဲထဲဝင်ဝင် ကျွန်တော်တို့ လုပ်ခဲ့တယ်။ ကျွန်တော်တို့က အပြင်ကနေပြီး ဘေးထိုင်ဘုပြောတဲ့သူတွေမဟုတ်ဘူး။ တကယ်တန်း အခက်အခဲရှိတယ် ဒီလို စိန်ခေါ်မှုတွေ အများကြီးရှိတယ်ဆိုတာ သိသိကြီးနဲ့ ဝင်ခဲ့တယ်။ ဒါပေမဲ့ တကယ်တန်း ကျွန်တော်တို့သံဓိဌာန်ချထားတဲ့အတိုင်း ဝင်လိုက်တဲ့အခါမှာ ကျွန်တော်တို့ တွေ့ကြုံနေရတဲ့ အခက်အခဲ ခုဏက ဖော်ပြပြီးပြီလေ ဒါတွေ ဒီလောက်ခက်ခက်ခဲခဲရလာတဲ့ ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း(၃) အနေနဲ့က ဒါက ဖက်ဒရယ်ဒီမိုကရေစီထူထောင်ဖို့ဆိုတာ ကျွန်တော်တို့အားလုံး သဘောတူထားတဲ့ အချက်တွေဖြစ်တယ်။ ဒီကနေ တစ်ဆင့် ဖွဲ့စည်းပုံတွေဘာတွေဆွဲမယ်၊ အသစ်တွေလုပ်ရမယ်ဆိုတာ အဲဒီမှာ သဘောတူထားတဲ့ဟာရှိတယ်။ ဒါပေမဲ့ သူက အဲဒီမှာ လုံး၀ လေးစားမှုမပြုတဲ့အခါကျတော့ ကျွန်တော်တို့က ကောင်းကောင်းသင်ခန်းစာယူလိုက်တယ်။

အဲဒါကြောင့် နောက်ထပ်ဖြစ်ပေါ်လာမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆိုရင်တော့ ဒီလိုပုံစံမျိုးနဲ့ လုံး၀ မဖြစ်နိုင်ဘူး။ ဘယ်လိုဖြစ်သင့်လဲဆိုတော့ ဒါကတော့ ကြိုတင်စည်းကမ်းသတ်မှတ်ချက်အနေနဲ့ လုပ်ကို လုပ်ရတော့မယ်။ ဒီလို မလုပ်ရင် ဘယ်လိုမှ မရဘူး။ ဒါက ကျွန်တော်တို့ အတွေ့အကြုံက သင်ခန်းစာပေးတဲ့ ဟာ။ နောက်ဖြစ်ပေါ်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲ မျိုးဆို တစ် စစ်တပ်ဟာ နိုင်ငံရေးကနေ လုံး၀ စွန့်ခွာရမယ်။ ဒါကလည်း အကြောင်းမဲ့ ပြောနေတာမဟုတ်ဘူး။ ပြည်သူလူထုကိုယ်တိုင်ကလည်း တကယ် ပြင်းပြတဲ့ ဆန္ဒနဲ့ တောင်းဆိုနေတာဖြစ်တယ်။ စစ်တပ်ဟာ နိုင်ငံရေးက မထွက်လို့မရဘူး။ အခု နိုင်ငံရေးဆွေးနွေးပွဲ ခေါ်ကတည်းက ၂၀၀၈ ဥပဒေ ထဲကနေ အဲဒီ အဝန်းအဝိုင်းမှာ ကျွန်တော်တို့ကို ခေါ်နေတာ။ ဘယ်လိုလုပ် ရမလဲ အဲဒီထဲကနေ သူထွက်ရမယ်။လုံး၀လုပ်လို့မရဘူး။ နောက်တစ်ချက် ဘာဖြစ်လို့ နိုင်ငံရေးက ထွက်ရမလဲဆိုတာ စစ်တပ်ဟာ စစ်တပ်အာဏာသိမ်းလာတာ နှစ်ပေါင်းက ၅၀၊ ၆၀ မကတော့ဘူး။ အဲဒီလောက်ရှိနေတဲ့ဟာ ဘာများတိုးတက်ခဲလဲ။ ဘာတစ်ခုမှ ပြစရာမရှိဘူး။ ဒီလောက် တိုင်းပြည်က စုတ်ပြတ်သတ်နေတာ သူတို့လက်ချက်ကြောင့် ။အဲဒါကြောင့် သူတို့က လုံး၀မထိုက်တန်တော့ဘူး ဒီနိုင်ငံရေးကိစ္စနဲ့။ ဒီက လုံး၀ ထွက်ရမယ်။ ဒုတိယ အချက်က ဘာလဲဆိုတော့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ ဖက်ဒရယ် ဒီမိုကရေစီဆိုတဲ့ဟာကိုတော့ သူကတော့ တရားဝင်ကြေညာပြီးတော့ အဲဒီ တရားဝင်ကြေညာတဲ့အတိုင်း လုပ်လား မလုပ်လား ဆိုတာ ကျွန်တော်တို့ သေချာပြီးလား။နောက် အသစ်တည်ဆောက်လာမယ့် တိုင်းပြည်တစ်ပြည်အနေနဲ့ ဖွဲ့စည်းပုံအသစ်နဲ့ ရေးဆွဲရမယ်။ အဲဒီ ဖြစ်စဉ်တစ်ခုလုံးမှာ သူပါဝင်ရမယ်။ ဘာဖြစ်လို့လည်းဆိုရင် ဒီနေ့ကာလမှာ ကျွန်တော်တို့ KNU ဟာ ပြီးခဲ့တဲ့ ပြည်သူ့ညီလာခံမှာ အတည်ပြု ပြဌာန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ် ချာတာကို ကျွန်တော်တို့ သဘောတူညီထားတာဖြစ်တယ်။ အဲဒီအတိုင်း ကျွန်တော်တို့ အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲတော့မှာ ဖြစ်တယ်။ အဲဒါကို သူလက်ခံရမယ်။ လက်မခံဘဲနဲ့ ဘယ်လိုမှ သွားလို့မရဘူး။ နံပါတ်သုံးအချက်က အသွင် ကူးပြောင်းရေးကာလ တရားမျှတမှုဆိုတာရှိတယ်။ အဲဒါဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့ တော်လှန်ရေး သက်တမ်းတစ်လျှောက်မှာ ဒီလောက်ခါးသီးတဲ့အတွေ့အကြုံမျိုးကို ကျွန်တော်တို့က တွေ့ကြုံခဲ့ တယ်။ အထူးသဖြင့် ပြည်သူလူထုဘက်က ခံစားခဲ့ရတာတွေ။ အဲဒါကြောင့်မို့လို့ သတ်တာဖြတ်တာတွေကို ကျွန်တော်တို့ ဘယ်လိုမှ မေ့လို့မရဘူး။

အမှန်တရား ဖော်ထုတ်ရေးနဲ့ ရင်ကြားစေ့ရေးလုပ်နိုင်ဖို့အတွက် ဆိုရင်တော့ အမှန်တရားကိုတော့ လက်ခံရမယ်။ အဲဒါကြောင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတရေး ဒီအစီအစဉ်ကိုတော့ လုံး၀ လက်ခံရမယ်ဆိုတာ ကျွန်တော်ပြောချင်တယ်။ နောက်ဆုံး တစ်ချက်အနေနဲ့ရှေ့အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲမျိုးက ဘာကို လိုအပ်သလဲဆိုရင် ပြီးခဲ့တဲ့ အတွေ့အကြုံအရ ဒါက ရခဲ့တဲ့ သင်ခန်းစာပဲ။ နိုင်ငံတကာကနေ ပြီးတော့ အဲဒီမှာ သဘောတူညီချက် တစ်ခုရဖို့အတွက် ထိုင်ပြီးတော့ သက်သေအနေနဲ့ ဝင်ပါခဲ့တယ်။ သို့သော်ငြားလည်း တကယ်တန်း အဲဒီသဘောတူညီချက်ကို အကောင်အထည်ဖော်ရေးမှာ စစ်တပ်က လုံး၀ကို ဂရုမစိုက်ပဲ လုပ်ချင်ရာလုပ်သွားတဲ့အခါမှာတော့ ဒီတစ်ခါ နိုင်ငံရေးဆွေးနွေးပွဲမျိုးဟာ နိုင်ငံတကာ ရဲ့ ပါဝင်ပတ်သက်မှုက အကုန်လုံးပါဝင်ရမယ်။အထူးသဖြင့် လေ့လောစောင့်ကြည့်မှုကအစ နောက်ပြီးတော့ အကျိုးဆောင်တာကအစ နောက်ပြီးတော့ သက်သေအနေအထားတွေရော နောက်ပြီးတော့ လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာအကူအညီတွေရော နောက် လိုအပ်တဲ့ ငွေကြေး ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ လိုအပ်တဲ့ငွေကြေး ဒါတွေက အကုန်လုံးပါရမယ်။ မပါဘဲနဲ့တော့ မရဘူး။ ဘာဖြစ်လို့လည်းဆိုရင် တကယ် သမာသမတ်ကျပြီး တော့ တရားမျှတမှုရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲ တစ်ခုဖြစ်ဖို့ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ယဉ်ကျေးသိမ်မွေ့စွာ အလေးထား တန်ဖိုးထားရမယ့်ဟာတွေရှိတယ်။ စောင့်ကြည့်မှု မရှိဘဲနဲ့ ဒီလူတွေလုပ်ချင်ရာ လုပ်သွားတယ်ဗျာ။ နောက်ပြီးတော့ ဒီဆွေးနွေးပွဲ က ပွင့်လင်းမြင်သာမှုရှိဖို့လိုအပ်တယ်။ အဲဒါတွေ ဒီလိုဖြစ်နိုင်ဖို့ဆိုတာ နိုင်ငံတကာ ပါဝင်ပတ်သက်မှု စောင့်ကြည့်မှု လုံး၀မရှိဘဲနဲ့တော့ မဖြစ်နိုင်ဘူး။ ဒါ ပြီးခဲ့တဲ့ အတွေ့အကြုံက ပေးခဲ့တဲ့ သင်ခန်းစာပဲ။ ဒါကြောင့် ဒီဟာတွေ လက်ခံနိုင်ပြီ ဆိုရင် ကျွန်တော်တို့ အနာဂတ်နိုင်ငံရေးဆွေးနွေးပွဲမှာ ကျွန်တော်တို့ ဆွေးနွေးမယ်။

ဒါတွေမပါဘဲနဲ့ ကျွန်တော်တို့ ဆွေးနွေးဖို့ အရမ်းခက်တယ်။ နောက်ဆုံးအချက်က ဘာလဲဆိုတော့ ဒီလို တရားမဝင် အာဏာသိမ်းတဲ့ကိစ္စကို တရားဝင်စွန့်လွှတ်ကြောင်း ဆိုလိုတာက ငါလုပ်ခဲ့တဲ့ဟာ အကုန်လုံးမှားတယ်ဆိုတာ တရားဝင် ကြေညာရမယ်။နောက်ပြီးတော့ဒီနေရာကနေ အကုန်လုံးဆုတ်ခွာပေးရမယ်။ ဒါတွေက သူလုပ်နိုင်မှ နိုင်ငံရေးဆွေးနွေးပွဲကို ဆက်လုပ်နိုင်မှာ ဖြစ်တယ်။ အဲဒါက ကျွန်တော်တို့ရဲ့ ခံယူချက် ရပ်တည်ချက် အခိုင်အမာဖြစ်တယ်။ သို့သော်ငြားလည်း ကျွန်တော်ဒီလို ပြောချင်းအားဖြင့် အကုန်လုံးကို ပိတ်ဆို့ပြီးတော့ ပြောနေတာမဟုတ်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီနေ့ ဒီကာလမှာ ကျွန်တော်တစ်ခုထောက်ပြချင်တာက ဖြစ်နိုင်တာ ဘယ်ကနေ စလို့ရလဲဆိုရင် အထူးသဖြင့် စစ်ကောင်စီကနေ အရပ်သားလူထုတွေ အပေါ်မှာ ပစ်မှတ်ထား ပြီးတော့ တိုက်ခိုက်တယ် နှိပ်စက်တယ် သတ်ဖြတ်တယ် အဲဒီလုပ်တဲ့ဟာတွေက နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ဟာက ဘာလဲဆိုတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းတွေဖြစ်တယ်။

ဒုက္ခသည်တွေ ဂဏန်းအရေအတွက် ဖော်ပြမယ်ဆို အရမ်းဖော်ပြဖို့ခက်သွားပြီ။ သိန်းဂဏန်းမကဘူး သန်းဂဏန်းရောက်သွားပြီး ဒီအနေအထားမျိုး တစ်နိုင်ငံ တစ်ဝှမ်းလုံးဖြစ်နေတဲ့ကိစ္စ ဒီဟာတွေတာဝန်ယူဖို့အတွက် ဒီလို ဖြစ်လာအောင်လုပ်တဲ့သူက တာဝန်ယူရမယ့်အပိုင်းတွေရှိတယ်။ အဲဒါကြောင့်မို့လို့ သူတို့ကို လတ်တလော ဆွေးနွေးနိုင်တဲ့ အရာက ဘာလဲဆိုတော့ လူသားချင်းစာနာထောက်ထားမှု ကိစ္စတွေကို ဘယ်လိုအရေးယူဆောင်ရွက်မလဲ ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အဲဒါကို ဆွေးနွေးနိုင်တယ်။ ဒါပထမဦးဆုံးအနေနဲ့ ဒါလည်း ပထမအဆင့်ပဲနော်။ ဒါပေမဲ့ ဒီနိုင်ငံရေးကိစ္စ လုံး၀ ဆွေးနွေးလို့မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က တရားမဝင်တဲ့ သူတွေဖြစ်တယ်။ ကျွန်တော်တို့ ဆွေးနွေးစရာ အကြောင်းမရှိဘူး။ အဲဒါကြောင့်မို့လို့ ချုပ်ပြီးပြောရမယ်ဆိုရင် ကျွန်တော်တို့ မသွားရဲတာ မဟုတ်ဘူး ဆယ်ပြန်မကသွားရဲတယ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုတာ။ ဒါပေမဲ့ ဒီလို ဒီအချိန်ကာလမျိုးမှာ စစ်ကောင်စီ ဟာ ဘယ်လိုနိုင်ငံရေးဆွေးနွေးပွဲမျိုးမှ မထိုက်တန်ဘူးဆိုတာ ဒါကို ပြောချင်တယ် အဲဒါပါပဲ။ ။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း Bago Region PDF က အသိပေးထုတ်ပြန်သည်။

သတင်း

မျက်မြင်အနေအထားအရ အကြမ်းဖက်စစ်ကောင်စီဘက်မှ အယောက် ၂၀နှင့်အထက် သေဆုံးနိုင်ပြီး ရဲဘော်များ တစ်စုံတစ်ရာ အထိခိုက်မရှိ ဘေးလွတ်ရာသို့ဆုတ်ခွာနိုင်ခဲ့သည်ဟုနတ်တောင်နဂါးတပ်ဖွဲ့က ​ပြောသည်။

သတင်း

ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်တပ်က မေလ၇ ရက်နေ့မှစတင်ကာ ကျေးရွာ၁၀ရွာမှ နေအိမ်အလုံး ၆၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေငွေနှင့်အဖိုးတန်ပစ္စည်းများ အဓမ္မသိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကရင်နီဒေသ ဘောလခဲနှင့် ဖရူဆိုကြား၌လည်း ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ပြီး စစ်ကောင် စီယာဉ်များလည်း ပျက်စီးခဲ့သည်။