Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နျူကလီးယား ထိပ်ဖူးတပ်နိုင်တဲ့ ဒုံးကျည်တွေ ဘီလားရုစ်ကို ပေးပို့မယ်လို့ ပူတင်အတည်ပြု

ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို စတင်ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို အကြောင်းပြုပြီး ရုရှားဟာ အနောက်အုပ်စု နိုင်ငံတွေနဲ့ ဆက်ဆံရေး အတင်းမာဆုံး အနေအထားကို ရောက်နေပါတယ်။

နျူကလီးယား ထိပ်ဖူးတပ်နိုင်တဲ့ ဒုံးကျည်
နျူကလီးယား ထိပ်ဖူးတပ်နိုင်တဲ့ ဒုံးကျည်

နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ တာတိုပစ် ဒုံးကျည်တွေကို မဟာမိတ် ဘီလားရုစ် နိုင်ငံဆီ လပိုင်းအတွင်း ပေးပို့သွားမယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

Iskander-M ဒုံးကျည်စနစ်ဟာ သမားရိုးကျ ထိပ်ဖူးတွေရော၊ နျူကလီးယား ထိပ်ဖူးတွေပါ ပြောင်းလဲ တပ်ဆင်နိုင်အောင် တည်ဆောက်ထားတယ်လို့ ပူတင်က ဆိုပါတယ်။ ဒီဒုံးကျည်တွေဟာ အကွာအဝေး ကီလိုမီတာ ၅၀၀ လောက်က ပစ်မှတ်တွေကို ချေမှုူန်းနိုင်စွမ်း ရှိပါတယ်။

ပူတင်ရဲ့ ကြေညာချက်ဟာ လက်ရှိ ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းအတွက် ပိုပြီး အကျပ်တွေ့စေမယ့် လုံခြုံရေး ခြိမ်းခြောက်မှု တစ်ခုလည်း ဖြစ်ပါတယ်။ ဘီလားရုစ်ဟာ ယူကရိန်း မြောက်ပိုင်းနဲ့ နယ်နိမိတ် ဆက်စပ် တည်ရှိနေပြီး စစ်ပွဲ အစပိုင်းမှာလည်း ဘီလားရုစ်ကနေ ရုရှားတပ်တွေက ယူကရိန်း ပိုင်နက်ထဲ ဝင်ရောက်ခဲ့ဖူးပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို စတင်ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို အကြောင်းပြုပြီး ရုရှားဟာ အနောက်အုပ်စု နိုင်ငံတွေနဲ့ ဆက်ဆံရေး အတင်းမာဆုံး အနေအထားကို ရောက်နေပါတယ်။

စစ်ပွဲ စတင်ချိန် ကတည်းက ပူတင်ဟာ ရုရှားရဲ့ နျူကလီးယား လက်နက်တွေကို လူသိရှင်ကြား ရည်ညွှန်း ပြောဆိုတာမျိုးတွေ မကြာခဏ လုပ်ခဲ့ဖူးပြီး တစ်နည်းအားဖြင့် ဒီလက်နက်တွေကို ထုတ်သုံးနိုင်တယ် ဆိုတာမျိုး ယူကရိန်းနဲ့ အနောက်အုပ်စုကို ခြိမ်းခြောက်တဲ့ အဓိပ္ပါယ်လည်း သက်ရောက်ပါတယ်။ ရုရှားဟာ ကမ္ဘာပေါ်မှာ နျူကလီးယား ထိပ်ဖူး အရေအတွက် အများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

စိန့်ပီတာစဘက်ဂ်မြို့မှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ပူတင်က ရုရှားအနေနဲ့ ဘီလားရုစ် လေတပ်ပိုင် SU-25 တိုက်လေယာဉ်တွေကို နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တွေ တပ်ဆင် ပစ်ခတ်နိုင်အောင် အဆင့်မြှင့်တင် ကူညီပေးသွားမယ်လို့ ပြောကြားသွားပါတယ်။

လက်ရှိ အချိန်မှာတော့ ရုရှားဟာ ယူကရိန်း အရှေ့ပိုင်း ဒေသတွေကို ထိန်းချုပ်ရေး အတွက်ပဲ အဓိက အားစိုက်ထားပြီး မဟာဗျူဟာအရ အချက်အခြာကျတဲ့ ဆီဗာရိုဒွန်းညက်စ်မြို့ဟာ အခုအခါ ရုရှားလက်ထဲ အလုံးစုံ ကျရောက်သွားပြီလို့ ယူကရိန်း အစိုးရက အတည်ပြုခဲ့ပါတယ်။

ဒီအတောအတွင်း ကိယက်ဗ်မြို့တော် အပါအဝင် ယူကရိန်းက မြို့ကြီးတချို့မှာလည်း ရုရှား ဒုံးကျည်တွေ ကျရောက် ပေါက်ကွဲခဲ့ပြီး ဒုံးကျည် တချို့ကို ဘီလားရုစ်ကနေ ပစ်လွှတ်လိုက်တာလို့ ယူကရိန်းက စွပ်စွဲပါတယ်။ ဘီလားရုစ်ဟာ စစ်ပွဲမှာ မဟာမိတ် ရုရှားကို ထောက်ပို့ ကဏ္ဍအတွက် ကူညီပေးနေပေမယ့် တရားဝင် စစ်ကြေညာပြီး ဘီလားရုစ် စစ်တပ်က ပါဝင်တိုက်ခိုက်တာမျိုးတော့ မရှိခဲ့ပါဘူး။

ဘီလားရုစ်ကို ပူတင် ပေးပို့မယ်ဆိုတဲ့ Iskander ဒုံးကျည်တွေဟာ နယ်စပ်ချင်း ဆက်စပ်နေတဲ့ တာတို ပစ်မှတ်မျိုးတွေကို ချေမှုန်းရာမှာ အရမ်း အစွမ်းထက်တဲ့ စစ်လက်နက်တွေအဖြစ် ယူဆခံထားရပါတယ်။ ရုရှားဟာ NATO မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ လစ်သူယေးနီးယား၊ ပိုလန်တို့ကြားက ရုရှားပိုင် ထိန်းချုပ်နယ်မြေ ကာလင်နင်ဂရက်ဒ်မှာလည်း အဲဒီ ဒုံးကျည်တွေကို ဖြန့်ကျက်ထားပြီး ဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

ဒီအတောအတွင်း တောင်ကိုရီးယား စစ်ထောက်လှမ်းရေးကလည်း မြောက်ကိုရီးယားဟာ ၅ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် နျူကလီးယားဗုံးတစ်လုံး စမ်းသပ် ဖောက်ခွဲဖို့ စီစဉ်နေတယ်လို့ ယုံကြည်ရကြောင်း ပြောကြားထားပါတယ်။

နိုင်ငံတကာ

ရုရှားဟာ Sarmat ဒုံးကျည်တစ်စင်း စမ်းသပ်မှုကို ဧပြီလမှာ တရားဝင် ကြေညာခဲ့ပြီး နောက်ထပ် တစ်လ အကြာမှာတော့ ရုရှား အာကာသ အေဂျင်စီ အကြီးအကဲ ဒီမစ်ထရီ ရိုဂိုဇင်က နိုင်ငံရဲ့ နျူကလီးယား လက်နက်တိုက်ထဲမှာ နောက်ထပ် ဒုံးကျည်အသစ် အစင်း ၅၀ လောက်...

ဗီဒီယို

ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့ပြီး အနောက်အုပ်စု နိုင်ငံတွေက ယူကရိန်းကို လက်နက် ထောက်ပံ့ပေးနေတဲ့ အခြေအနေတွေက နှစ်ဖက် တင်းမာမှုတွေကို ပိုမို ဆိုးရွားလာစေပြီး နျူကလီးယား လက်နက် ပိုင်ထားတဲ့ နိုင်ငံ ၉ ခုရဲ့ လက်နက်တိုက်တွေ ချဲ့ထွင်စေဖို့ တွန်းအား ဖြစ်လာကြောင်း...

နိုင်ငံတကာ

အခုဆိုရင် ကမ္ဘာ့စျေးကွက်မှာ ရေနံသိုလှောင်မှုက လျော့ကျလာပြီး စျေးတွေ တက်လာတဲ့အတွက် ရုရှား ကုမ္ပဏီတွေက အမြတ်ပိုရနေတယ်လို့ လူငယ် စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင် တချို့နဲ့ တွေ့ဆုံချိန်မှာ ပူတင်က ပြောဆိုသွားပါတယ်။