Connect with us
close

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ကျွန်တော့်အိမ်ဆို လေးကြိမ်ဖျက်ဆီးခံရတယ်။ ကုန်တွေယူသွားတာ ကျွန်တော့်အိမ်မှာတင် ၁၆သိန်းဖိုးလောက်ရှိတယ်။ ခုငါးကြိမ်မြောက်မှာ မီးရှို့ခံရတာ”

စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုပများဆုံးခံရ​သော​ဒေသမှာစစ်ကိုင်းတိုင်းဖြစ်ပြီး ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ဧပြီလကုန်အထိ့ Data For Myanmar ပြုစုထား​သောစာရင်းအရ နိုင်ံတစ်ဝန်း​နေအိမ်​ပေါင်း ၁၁,၄၀၀ ​ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရ ရာတွင် စစ်ကိုင်းတိုင်းမှာ ၇၅၀၀ ​ကျော်ရှိခဲ့သည်။

(စစ်တပ်မီးရှို့ဖျက်ဆီးခဲ့​သော မယ်မ​သော်ရွာ၏မီး​လောင်ပြာပုံထဲတွင် အကြွင်းအကျန်မီးကိုငြှိမ်းသတ်ရှင်းလင်း​နေကြ​သော​​​ဒေသခံပြည်သူအချို့ ။ ။ဓါတ်ပုံ-CJ)

■​​နေအိမ် ၁၂၀ ​ကျော်မီးရှို့ဖျက်ဆီးခံရ​​သောမယ်မ​သော်​ကျေးရွာမှပြည်သူတစ်ဦးနှင့်​မေးမြန်းခန်း

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုး၍ပြည်သူများကို သတ်ဖြတ် အကြမ်းဖက်ပြီး​နေအိမ်များမီးရှို့ဖျက်ဆီးလျှက်ရှိရာမြောင်မြို့နယ်လည်း အပါအဝင်ဖြစ်သည်။

စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုပများဆုံးခံရ​သော​ဒေသမှာစစ်ကိုင်းတိုင်းဖြစ်ပြီး ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ဧပြီလကုန်အထိ့ Data For Myanmar ပြုစုထား​သောစာရင်းအရ နိုင်ံတစ်ဝန်း​နေအိမ်​ပေါင်း ၁၁,၄၀၀ ​ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရ ရာတွင် စစ်ကိုင်းတိုင်းမှာ ၇၅၀၀ ​ကျော်ရှိခဲ့သည်။

သို့​​သော်အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းတွင်​မေလတွင်ပိုမိုဆိုးရွာစွာအကြမ်းဖက်မီးရှို့ဖျက်ဆီး​နေ၍​မေလအတွင်းမီးရှို့ဖျက်ဆီးခံရ​သောစာရင်းမှာ​နေအိမ်​​ထောင်​ပေါင်းများစွာတိုးလာမည်ဖြစ်သည်။​မေလအတွင်းအကြမ်းဖက်မီးရှို့ဖျက်ဆီးခံခဲ့ရ​သော​ကျေးရွာများထဲတွင် မယ်မ​သော်​ကျေးရွာလည်းပါဝင်သည်။မယ်မသော်ကျေးရွာအားမေလ ၂၀ ရက်တွင် အကြမ်းဖက်စစ်တပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ စုစုပေါင်း​နေအိမ် ၃၂၉လုံးအနက် အိမ်ပေါင်း ၁၂၀ ဝန်းကျင်​ မီးလောင်ကျွမ်းပြာကျခဲ့သည်။ နေအိမ်နှင့်အိမ်ရှိပစ္စည်းများ မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့​သောမယ်မသော်ကျေးရွာမှ အမျိုးသားတစ်ဦးနှင့် People’s Spring က​မေ ၂၁ ရက်တွင်ဆက်သွယ်မေးမြန်းမှုကို ဖော်ပြလိုက်ပါသည်။

​မေး-အစ်ကိုတို့ရွာ ဘယ်လိုကြုံခဲ့ရတယ်ဆိုတာကစပြီး ပြောပြပေးပါဦး။

​ဖြေ-အဲဒီနေ့ကို ကျွန်တော်တို့က ဘယ်တော့မှမမေ့တော့ဘူး။ အခုစစ်ကြောင်းက တစ်ရွာဝင်တစ်ရွာထွက် မီးရှို့တယ်။ ကျန်တဲ့ရွာတွေလည်းရှို့တယ်။ တချို့ရွာတွေဆိုရင် ၂၇ အိမ်၊ ၂၅ အိမ်၊ တချို့ရွာတွေဆိုရင် လေးငါးအိမ်လောက်ပဲရှို့တာပေါ့။ ကျွန်တော်တို့ရွာကျတော့ သူတို့ဘယ်လိုရှို့သလဲဆိုတော့ ရွာအနောက်ဖျားကနေပြီးတော့ တိုက်ရှို့သွားတာ။ သုံးနေရာလေးနေရာလောက်ကို ရှို့သွားတာ။ ထွက်ရှို့ရှို့သွားတာ။ မီးတုတ်တွေနဲ့ကို ပစ်သွားတာ။ အိမ်မကြီးနဲ့ ပဲမှော်စင်တော့ပါသွားပြီ။ ကျွန်တော်တို့တစ်ခေါက်ရောက်သေးတယ်။ မီးက အရှိန်ကလည်းမြင့်နေတယ်။ ငြှိမ်းမယ်ဆို ငြှိမ်းလို့ရတယ်။ ငြှိမ်းမယ့်လူအင်အားကလည်း နှစ်ဆယ်အစိတ်လောက်ပဲရှိတာဆိုတော့ ဝင်တာတော့ ဝင်ငြှိမ်းတယ်။ ငြှိမ်းတဲ့အချိန် သူတို့က(အကြမ်းဖက်စစ်တပ်က)တစ်မိုင်အကွာလောက်ကနေပြီး လက်နက်တွေနဲ့ လှမ်းပစ်တာဗျ။ အဲဒီအချိန်မှကျွန်တော်တို့က ဒီပစ္စည်းတွေ၊ ဒီအဆောက်အအုံတွေဆိုတာလူ့အသက်ထက်ဘာမှ အရေးမကြီးဘူး၊ အဲဒါနဲ့ ဒီအဆောက်အဦးတွေ ဆိုင်တွေကို ထားခဲ့ပြီးတော့ အလွတ်ပြန်ပြေးကြရတာ။

​မေး-မယ်မသော်ရွာကို အရင်ကကော လာရှို့ဖူးလား။

​ဖြေ-အရင်က လာမရှို့ဖူးဘူး။ အရင်ကတော့ဝင်တယ်။ အိမ်တွေကို ဝင်တယ်။ သူတို့ဘာတွေလုပ်သွားလဲဆိုတော့ အဖိုးတန်တဲ့ ပစ္စည်းတွေယူသွားတယ်။ ယူသွားတာတင်မဟုတ်ဘူး သူတို့နဲ့ ဘာမှမသက်ဆိုင်တဲ့ ပစ္စည်းတွေလ​ည်း ထုချေဖျက်ဆီးသွားတယ်။ ကျွန်တော့်အိမ်ဆို လေးကြိမ်ဖျက်ဆီးခံရတယ်။ ကုန်တွေယူသွားတာ ကျွန်တော့်အိမ်မှာတင် ၁၆သိန်းဖိုးလောက်ရှိတယ်။ ခုငါးကြိမ်မြောက်မှာ မီးရှို့ခံရတာ။

​မေး-မီးလည်းအရှို့ခံရတယ်။ ပစ္စည်းတွေလည်းအလုခံရတယ်။ သူတို့ဘေးလည်းထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတော့ အစ်ကိုတို့မိသားစုအပါအဝင် ရွာကလူတွေ ဘယ်လိုနေထိုင်စားသောက်နေရလဲ။

​ဖြေ-ကျွန်တော်တို့ရွာကတော့ ဘုန်းကြီးကျောင်းပေါတာဆိုတော့ ကျောင်းလည်းသွားတယ်။ တချို့က အမျိုးတွေရှိတဲ့ရွာတွေ သွားတာပေါ့။ အမျိုးတွေရဲ့ ပံ့ပိုးမှုနဲ့ နေကြရတာပေါ့။ တချို့တွေဆိုရင် လက်လုပ်လက်စားသမားတွေ။ ကျွန်တော်တို့ တောသူတောင်သားတွေဆိုတာ ဒီအိမ်ကလေးတစ်လုံး ဖြစ်မြောက်ဖို့ရာ လေးငါးနှစ်၊ အခုငွေစျေးနဲ့တွက်မယ်ဆိုရင် ခုနစ်နှစ် ၊ရှစ်ရှစ်လောက်ကို ပြန်ကြိုးစားရမှာ။ ကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုတွေ၊ ကျွန်တော်တို့ရဲ့ အိုးအိမ်တွေ၊ ပျက်စီးသွားတယ်ဆိုပေမယ့် ကျွန်တော်တို့ရဲ့စိတ်ဓာတ်ကိုတော့ ဖျက်ဆီးလို့ မရဘူးဆိုတာ သူတို့တွေသိစေချင်တယ်။ ပြည်သူလူထုကိုလည်း သိစေချင်တယ်။

​မေး-အခုရက်မှာ ရာသီဥတုကလည်း ပူလိုက်အေးလိုက်နဲ့ တချို့ရက်တွေမှာ မိုးတွေကလ​ည်း ရွာနေတော့ အစ်ကိုတို့ စစ်ဘေးရှောင်တွေ၊ မီးရှို့ခံထားရပြီး ပြေးလွှားတိမ်းရှောင်နေရတဲ့ကြားကနေ ရာသီဥတုရဲ့ဒဏ်ကို ဘယ်လိုဖြတ်ကျော်နေရလဲ။

​ဖြေ-အယ်…ကျွန်တော်တို့က အစ်ကိုရာ…ပိုင်ဆိုင်သမျှ အိုးအိမ်တွေကိုတောင်မှ မီးရှို့ခံထားရတာပဲအစ်ကိုရာ။ ဒီရာသီဥတုအနေနဲ့ကတော့ မပြောပလောက်တော့ပါဘူး။ ဘာလို့လဲဆိုတော့ စစ်ကောင်စီကိုတိုက်နေတဲ့ PDF တွေဆိုရင် ကျွန်တော်တို့ထက်ကို အများကြီး အသက်တွေကအစ စတေးထားရတာဆိုတော့ကျွန်တော်တို့အနေနဲ့မဖြုံလောက်ဘူး။

​မေး-အစ်ကိုတို့ မီးရှို့ခံရတဲ့ပြည်သူသူတွေအနေနဲ့ အဓိကဘာအခက်အခဲတွေရှိလဲ။ ဘာအကူညီလိုအပ်လဲ။

​ဖြေ-အဓိက အခက်အခဲကတော့ မီးလောင်တဲ့အခါကျတော့ အိမ်တွေကို သွယ်တန်းထားတဲ့ လျှပ်စစ်မိန်းကြိုးတွေ မီးတွေလောင်တယ်။ လောင်တဲ့အခါကျတော့ ရေနဲ့ဖြန်းပက်တဲ့အချိန် တချို့တွေဆို ဓာတ်လိုက်ပြီးတော့ ကျင်တာတွေလည်း ရှိတယ်။ ကျွန်တော်တို့ရွာကို မီးဖြတ်ထားပြီး ကျန်တဲ့ရွာတွေ မီးရအောင် တက်နိုင်သလောက် လုပ်ပေးထားတာတွေရှိတယ်။ ဘာတွေလိုအပ်သလဲဆိုတော့ စားဝတ်နေရေးကအစ ချက်ပြုတ်စားသောက်ဖို့အထိ အကုန်လုံး လိုအပ်တာပါပဲ။

​မေး-ခုလိုအ​ခြေအ​နေကို ဘယ်လိုစိတ်ဓာတ်တွေနဲ့ ဖြတ်သန်းနေရလဲ။ ဘယ်အချိန်ကြမှ ဒီပြဿနာတွေ ပြီးမယ်လို့ထင်လဲ။

​ဖြေ-ကျွန်တော်တို့တင်ထားတဲ့ ပြည်သူလူထုရဲ့ အာဏာပြန်ရမှ အများကြီး ပြောင်းလဲနိုင်မယ်လို့ ယုံကြည်တယ်။ အဲဒါမှလည်း စစ်အာဏာရှင်ကို အမြစ်ပြတ်လိမ့်မယ်လို့ထင်တယ်။ သူတို့အခုလုပ်တဲ့လုပ်ရပ်က ကျွန်တော်တို့ပိုင်ဆိုင်တဲ့ အိုးအိမ်တွေကို မီးနဲ့ရှို့ချင်ရင်ရှို့မယ်။ ကျွန်တော်တို့ရဲ့စိတ်ဓာတ်ကိုတော့ ဘယ်တော့မှ ရှို့လို့မရဘူး။ လုပ်ချင်တိုင်း လုပ်လို့မရဘူးဆိုတာ တစ်နေ့သိလာမှာပါ။

​မေး-စစ်တပ်က အခုလိုတွေလုပ်နေတော့ အစ်ကိုတို့ ပြည်သူလူထုရဲ့စိတ်ထဲမှာစစ်တပ်နဲ့ပတ်သပ်ပြီး ဘယ်လိုခံစားချက်တွေ​ဖြစ်နေကြလဲ။

​ဖြေ-ပြည်သူတွေမှာ ဖြစ်နေတာတော့ ဘယ်သူ့မေးကြည့်လိုက် မေးကြည့်လိုက် ကျွန်တော်တို့တစ်နယ်လုံးပါပဲ။ ဒီမအေ…ကြောင့် ဒီကောင်ကြီးကြောင့် ငါတို့တွေအခုလိုဒုက္ခရောက်နေကြရတာ။ ကျွန်တော်တို့ရဲ့အာဏာ ပြန်ရမှသာလျှင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးသွားမယ်လို့ ကျွန်တော်တို့နယ်သူ​နယ်သားတွေ မျှော်လင့်ပါတယ်။

​မေး-တစ်နိုင်ငံလုံးက ပြည်သူတွေ တော်လှန်ရေးအဖွဲ့တွေကိုကော ဘာပြောချင်လဲခင်ဗျ။

​ဖြေ-သူတို့ပိုင်ဆိုင်တဲ့ စည်းစိမ်တွေကိုမမှုဘဲနဲ့ စစ်အာဏာရှင်အောက်ကနေ ရုန်းထွက်ဖို့လုပ်နေသူလည်းရှိပါတယ်။ ပြည်သူလူထုကို ပြောချင်တာက ကျွန်တော်တို့နိုင်ငံကြီး စစ်အာဏာရှင်လက်အောက်က သေချာပေါက်လွတ်မြောက်မယ်ဆိုရင် ဒီ့ထက်အဆပေါင်းများစွာ အများကြီးတိုးတက်မယ်လို့ ယုံကြည်တယ်။ အဲဒါကြောင့်မို့ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ပြည်သူလူထုတွေကို ပြောချင်တာက PDF တွေ တော်လှန်နေသူတွေကို များများပံ့ပိုးကြပါလို့ ပြောချင်ပါတယ်။

​မေး-မီးရှို့ခံရတဲ့ နယ်သူနယ်သားတွေရဲ့ စိတ်ထဲမှာ ငါ့အိမ်မီးရှို့ခံရပြီးပြီ ငါအေးအေးဆေးဆေးပဲနေတော့မယ် နိုင်ငံရေးကိစ္စတွေထဲ ဝင်မပါတော့ဘူး။ သူဟာသူ ဘယ်သူအုပ်ချုပ်အုပ်ချုပ် ကိုယ်လုပ်မှကိုယ်စားရမယ်ဆိုတဲ့ စိတ်မျိုးကော ဝင်သွားကြသေးလား။

​ဖြေ-အဲလိုစိတ်ကတော့ ဘယ်တော့မှမဝင်ဘူး။ သူတို့ဒီလိုမျိုးလုပ်လေ ကျွန်တော်တို့ရဲ့စိတ်တွေကို သူတို့က လှုံ့ဆော်ပေးနေသလိုကို ဖြစ်နေတာ။ ဒီကောင်တွေ ဒီလိုမျိုးလုပ်သည့်အတွက် နောက်မဆုတ်ဘဲ ရှေ့ကိုတိုးဖို့သာပဲရှိတယ်။ နောက်ကိုဘယ်တော့မှမဆုတ်ဘူး။ အဲဒါ ကျွန်တော်တစ်ယောက်
တည်းရဲ့ စိတ်ဓါတ်လည်းမဟုတ်ဘူး။ ရွာတွေမှာ မီးရှို့ဖျက်ဆီးခံရတဲ့ ပြည်သူလူထုတွေရဲ့ စိတ်ဓါတ် တစ်ထပ်တည်းပါပဲ။ ကျွန်တော်တို့ပိုင်ဆိုင်သမျှတွေကိုပဲ မီးရှို့လို့ရမယ်။ကျွန်တော်တို့ရဲ့စိတ်ဓါတ်တွေကိုမီးရှို့လို့မရဘူး။ ဖျက်ဆီးလို့မရဘူးဆိုတာကိုသူတို့တစ်နေ့ သိကိုသိစေရမယ်လို့ ပြောချင်ပါတယ်။

​မေး-တခြားကော ဘာများဖြည့်စွက်ပြောချင်သေးလဲခင်ဗျ။

​ဖြေ-တချို့ပြည်သူတွေဆိုရင် ကိုယ်နဲ့မဆိုင်သလိုနေတယ်။ မဆိုင်သလိုမနေကြပါနဲ့။ နီးစပ်ရာမှာလည်း ပံ့ပိုးပေးကြပါ။ ကူညီပေးကြပါ။ ဝိုင်းဝန်းပေးကြပါ။ ပြိုင်တူတွန်းရင် ရွေ့နိုင်ပါတယ်။ ဒီကောင်တွေဆိုတာကလည်း အပေါ်ယံတင်ပဲရှိတော့တာပါ။ အတွင်းကြည့်ရင် သေချာသိတဲ့သူတွေဆိုရင်မရှိတော့ပါဘူး သူတို့ရဲ့စိတ်ဓါတ်တွေ အင်အားတွေ။ သူတို့ကလက်နက်နဲ့ပဲ ခြိမ်းခြောက်လို့ရမယ်။ စိတ်ဓာတ်နဲ့ကတော့ ဘယ်လိုမှခြိမ်းခြောက်လို့မရဘူးဆိုတာ သူတို့သိကိုသိရမှာပါ။ ။

Click to comment

Leave a Reply

Your email address will not be published.

Facebook

You May Also Like

သတင်း

PDF(မန္တလေး)မှ ရဲဘော်အာကာစိုး(ခ) မိစိုးသည်လည်း စစ်မြေပြင်၌ အာဇာနည်သူရဲကောင်းပီသစွာ အသက်ပေးသွားခဲ့ရကြောင်း၊ မြင့်မြတ်စွာ အသက်ပေးလှူခဲ့သော ရဲဘော်အာကာစိုးအား ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးမှ အစဉ်ဂုဏ်ယူအောက်မေ့နေမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

သတင်း

တိုက်ပွဲများအတွင်းတွင် မဟာမိတ်တော်လှန်ရေးအင်အားစုများ စုပေါင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ အားတက်ဖွယ် အောင်မြင်မှုများရှိခဲ့သလို တော်လှန်ရေးအင်အားစုများဖက်မှလည်း ရဲ​ဘော်တစ်ဦးကျဆုံး၊ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

သတင်း

နပတ DRONE တပ်ရင်းမှလည်း YRPA နှင့်အတူ ပူးပေါင်း ပါဝင် တိုက်ခိုက်ခဲ့ခြင်း၊ PDF တပ်ပေါင်းစုမှ နယ်မြေကျွမ်းကျင်ခြင်းနှင့် ပြောက်ကျားစစ်၏ သဘောသဘာ၀အရ ရဲဘော် ၁ ဦးသာ လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။

သတင်း

အကြမ်းဖက် စစ်တပ်၏ လုပ်ရပ်များကို လက်မခံတော့သည့် စစ်သားနှင့်ရဲများသည် စစ်တပ်ရှေ့ တန်းစခန်းများမှ ထွက်ပြေးကြပြီး နီစပ်ရာ ပြည်သူများမှတဆင့် ပြည်သူ့ရင်ခွင်သို့ဆက်သွယ်ကာ CDM လုပ်ပေးရန် ပြောဆိုမှုများကြောင့် ကသာမြို့နယ် ပြည်သူ့ရင်ခွင်သို့ ရောက်ရှိခိုလှုံလာသော CDM ရဲနှင့်စစ်သား ၆၁ဦးရှိလာပြီဟု ကသာ ပကဖက အသိပေးထားသည်။