Connect with us
close

Hi, what are you looking for?

LuduNwayOo

အတွေးအမြင်ဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည်၊ ရိုဟင်ဂျာအရေး၊ စစ်အာဏာရှင်အမူအကျင့်နဲ့ မြန်မာ့လူထုထဲမှ အပြောင်းအလဲများ

ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာဂျီနိုဆိုက်မှာ ကြံရာပါဖြစ်နေတာကြောင့် (သူ့ကိုဂုဏ်တင်သင့်သလား) ဆိုတဲ့ ဝေဖန်မေးခွန်းထုတ်တဲ့ စာတွေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရိုဟင်ဂျာအရေးကို မကြာခင်က ချက်နိုင်ငံက နိုင်ငံရေးနဲ့ ယဉ်ကျေးမှု မဂ္ဂဇင်းမှာဖြေခဲ့တာရှိပါတယ်။ အဲဒါကို ပြန်ဖေါ်ပြလိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်

အီဂေါဗလာဇီဗစ်

၇၇ ဆိုတဲ့ သင်္ကေတ(ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်)၊ Freedom from Fear စာသားတွေနဲ့ဓါတ်ပုံရိုက်ပြီး မြန်မာပြည်ကသူရဲကောင်းတွေရဲ့ ရုန်းကန်တိုက်ပွဲကို ထောက်ခံကြဖို့ ချက်နိုင်ငံ၊ ဥရောပနဲ့ ကမ္ဘာအရပ်ရပ်က မိတ်ဆွေတွေကို မကြာခင်က ဆော်ဩခဲ့ပါတယ်။ မြန်မာပြည်သူတွေဟာ ပြင်းထန်လှတဲ့ စိတ်ဒုက္ခ အချိန်ကာလတစ်ရပ်ကို ဖြတ်သန်းနေရပါတယ်။ စစ်အာဏာရှင်တွေဟာ တစ်ရွာပြီး တစ်ရွာ စနစ်တကျ မီးရှို့ဖျက်ဆီးနေတယ်။ ရန်ကုန်မှာ လူငယ်အများအပြား ထပ်ဖမ်းဆီးခံရတယ်။ အရင်ဖမ်းထားတဲ့ လူ ၁၄၀၀၀ ကျော်ရှိတယ်။ နှိပ်စက်ခံနေရမှာပဲလို့ အားလုံးက စိုးရိမ်ပူပန်နေကြရတယ်။ အများလေးစားခံရတဲ့ တက်ကြွလှုပ်ရှားသူ ခေါင်းဆောင် ၂ ဦးကို ကြိုးပေးဖို့ ရည်ရွယ်တယ်လို့ စစ်ကောင်စီက ကြေငြာခဲ့တယ်။

အဲဒီအကြောင်းတွေကြောင့် မြန်မာပြည်သူတွေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲဆင်နွဲကြတဲ့ အခါမှာ ပါဝင်ကြဖို့မိတ်ဆွေတွေကို ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ မြန်မာပြည်သူတွေကလည်း အကြမ်းဖက် နှိပ်ကွပ်ခံနေရပေမဲ့ စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ အံတုတွန်းလှန်နေဆဲဖြစ်ကြောင်း ကမ္ဘာကို မွေးနေ့အချိန်ကာလမှာ ပြကြတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာဂျီနိုဆိုက်မှာ ကြံရာပါဖြစ်နေတာကြောင့် (သူ့ကိုဂုဏ်တင်သင့်သလား) ဆိုတဲ့ ဝေဖန်မေးခွန်းထုတ်တဲ့ စာတွေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရိုဟင်ဂျာအရေးကို မကြာခင်က ချက်နိုင်ငံက နိုင်ငံရေးနဲ့ ယဉ်ကျေးမှု မဂ္ဂဇင်းမှာဖြေခဲ့တာရှိပါတယ်။ အဲဒါကို ပြန်ဖေါ်ပြလိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ဖို့ ပြန်တင်ပြတာမဟုတ်ပါ။ ကြီးကြီးမားမား အမှားတွေ သူလုပ်ခဲ့တဲ့ အကြောင်း ကျွန်တော်ရေးခဲ့ ပြောခဲ့ပါတယ်။ မြန်မာပြည်က ဖယ်ဒရယ်နဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုဟာ သူ့အမှားတွေကနေ သင်ခန်းစာယူဖို့လိုပါတယ်။ အမှန်ပြောရရင်တော့ သင်ခန်းစာယူပုံဟာ နှေးကွေးတဲ့ နာကျင်ရတဲ့ ဖြစ်ထွန်းမှုမျှသာ ဖြစ်နေပါသေးတယ်။ ကျွန်တော့်အဖြေကို ပြန်တင်ပြတာမှာ အကြောင်းနှစ်ခုရှိပါတယ်။ တစ်ခုက ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ပျက်တာကြောင့် နောက်ကွယ်က တကဲ့မကောင်းဆိုးဝါးဘယ်သူဆိုတာကို ရှင်းရှင်းလင်းလင်းဖြစ်မနေတော့မှာ စိုးရိမ်တာပါ။ ရိုဟင်ဂျာ၊ လူမျိုးစုတွေနဲ့ ပြည်သူတစ်ရပ်လုံးကို အကြီးစား အကြမ်းဖက်နေတာဟာ အဲဒီမကောင်းဆိုးဝါးတွေပါ။ နောက်တခုအနေနဲ့ မြန်မာပြည်အဝေးက လူတွေကိုနားလည်စေချင်တာက နွေဦးတော်လှန်ရေးမှာ ၊ လူထုရဲ့ လွတ်မြောက်ရေး ဖယ်ဒရယ်ရေး ဒီမိုကရေစီရေး အားထုတ်မှုမှာခေါင်းဆောင်မှုနဲ့ ဖွဲ့စည်းပုံဆိုင်ရာ အလွန်အရေးကြီးတဲ့ ပြောင်းလဲမှုဖြစ်ခဲ့ပြီဆိုတာကိုပါ။

ချက်မဂ္ဂဇင်းရဲ့အမေးနဲ့ ကျွန်တော့်ရဲ့ အဖြေကို အောက်မှာ ဖေါ်ပြလိုက်ပါတယ်။

မေး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာတစ်လွှားသိပ်ကျော်ကြားခဲ့တယ်။ အရင်က ဒီမိုကရေစီရေးရုန်းကန်မှုမှာ ထောက်ခံမှု အာရုံစိုက်မှုတွေရခဲ့တယ်။ ဒါပေမဲ့ ရိုဟင်ဂျာအရေးကြောင့် သူမရဲ့ ပုံရိပ်ဟာ ထိခိုက်ညစ်နွမ်းသွားပြီ။ လက်ရှိသူမရဲ့ အခန်းကဏ္ဍကဘာလဲ။ မြန်မာပြည်မှာ လူကြိုက်များတုန်းပဲလား။

ဖြေ။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက မွတ်ဆလင်ဆန့်ကျင်ရေးလှုံဆောင်မှုနဲ့ မွတ်ဆလင်တွေအပေါ် ဦးတည်တိုက်ခိုက်မှုတွေကို စစ်တပ်နဲ့ သူရဲ့ပါတီ USDP ကလုပ်နေခဲ့တာပါ။ ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ရာနိုင်ကြောင်း တစ်ခုအနေနဲ့ အဲဒီလို လှုံ့ဆော်မှုတွေကို သူတို့လုပ်ခဲ့ကြပါတယ်။ စစ်တပ်ရဲ့ ထောက်လှမ်းရေးဟာ ဗုဒ္ဓဘာသာ သံဃာတော်တွေထဲကို နက်နက်ရှိုင်းရှိုင်းထိုးဖေါက်ထားခဲ့တာကြာပါပြီ။ မွတ်ဆလင်ဆန့်ကျင်ရေး၊ ရိုဟင်ဂျာဆန့်ကျင်ရေးမှာ ဘုန်းကြီးတွေဟာ အစွမ်းထက်တဲ့ လက်နက်တွေ ဖြစ်လာခဲ့တာပေါ့။ ပညာသိပ်မတတ်တဲ့ အလွယ်တကူလှည့်စားလို့ရတဲ့ ဗုဒ္ဓဘာသာ လူများစုကြီးထဲကို ( အမုန်းတရားက) အလွယ်တကူထိုးဖေါက်ဝင်ရောက်သွားတယ်။ ပြင်းထန်တဲ့ အမျိုးသားရေ အစွန်းရောက် မဘသလှုပ်ရှားမှုကို ဘုန်းကြီးတွေက ဦးဆောင်တယ်။ စနစ်တကျဖွဲ့စည်းထားပြီး စစ်တပ်နဲ့ နီးတဲ့ ခရိုနီတွေက အထောက်အပံ့ပေးကြတယ်။ သူတို့တွေဟာ လပေါင်းများစွာလှုပ်ရှားကြတယ်။ ဆိုရှယ်မီဒီကို ထိထိရောက်ရောက်နဲ့ အောက်တန်းကျကျသုံးပြီး အမုန်း ဒေါသနဲ့ ကြောက်စိတ်တွေဖြန့်ဝေကြတယ်။

ဥရောပမှာ နိုင်ငံရေးအမြတ်ထုတ်ဖို့ မွတ်ဆလင်ဆန့်ကျင်ရေး၊ ရွှေ့ပြောင်းခိုလှုံလာသူတွေဆန့်ကျင်ရေး၊ ဆိုရှယ်မီဒီယာသုံးဝါဒဖြန့်ကြပုံတွေကို မြင်ယောင်ကြည့်လိုက်။ အဲဒါကို အဆ ၁၀၀ နဲ့​မြောက်လိုက်ရင် မြန်မာပြည် အခြေအနေပါပဲ။ ဒါဆိုရင် မြန်မာပြည်မှာ “အမျိုးဘာသာ သာသနာ ကာကွယ်ဖို့” မဖြစ်မနေလိုတယ်ဆိုတဲ့ အကြောင်းအရာပေါ်မှာ လူတွေကို ဘယ်လိုစုရုံးယူတယ်ဆိုတာကို နားလည်နိုင်လိမ့်မယ်။ အများကြိုက် အမျိုးသားရေး အာဏာရှင်စနစ်တည်ထောင်ဖို့ ဆာ့ဖ်လူမျိုးတွေကို မီလိုဆီဗစ် လှုံ့ဆော်ယူခဲတဲ့ လိုရာဆွဲလှည့်စား နည်းဗျူဟာနဲ့လည်း တထေရာထဲပဲ။ မီလိုဆီဗစ်ဟာ ကိုဆိုဗိုက ဆာ့ဖ်- အယ်ဘေးနီးယား ပဌိပက္ခကို မီးထိုးပေးပြီး “ ဆာ့ဖ်လူမျိုးတွေတော့ အထိနာနေပြီ” ဆိုတဲ့အခြေအနေကို ကိုဆိုဗို၊ ခရိုအေးရှား၊ ဘော့စနီးယားတွေမှာ ဖန်တီးယူခဲ့တာပဲ။ ချေချင်းညာအရေးကိုသုံးပြီး အစပိုင်းမှာ သူ့ကိုလူကြိုက်များအောင်၊ အာဏာချုပ်ကိုင်နိုင်အောင် ပူတင်လုပ်ခဲ့တဲ့ လှည့်စားနည်းအတိုင်းပဲလို့လဲပြောလို့ရတယ်။

လူထုကိုလှုပ်လှုပ်ရှားရှားဖြစ်အောင်လုပ်၊ လူထုအစုအဖွဲ့ထဲ ကြောက်စိတ်ဝင်အောင်လုပ်ပြီးတဲ့ စစ်တပ်ဟာ ရိုဟင်ဂျာရှင်းလင်းသုတ်သင်မှုကို ကျယ်ကျယ်ပြန့်ပြန့်စလုပ်တော့တယ်။ ဘယ်အချိန်မှာလုပ်တာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရဖြစ်လာတဲ့အချိန်။ သို့ပေမဲ့ လုံခြုံရေးနဲ့ ပဌိပက္ခတွေဖြစ်နေတဲ့ နယ်ခြားဒေသအရေးတွေကို သူတို့ဘာမှပြောခွင့်ရှိတာတော့ မဟုတ်ဘူး။ စစ်တပ်မှာ ဂျီနိုဆိုက်နည်းနဲ့ ရှင်းလင်းဖို့ အစောကြီးထဲက အစီအစဉ်ရှိပြီးသား။ ပမာဏသေးသေးနဲ့ အရင်ကလည်း လုပ်ခဲ့ဘူးပြီးသား။ နိုင်ငံတကာက ပြင်းပြင်း ထန်ထန်တုန့်ပြန်မှာ မဟုတ်ဘူးလို့ သိထားတဲ့ အချိန်ကျတော့ အခွင့်အရေးကို စစ်တပ်က သုံးလိုက်တာပဲ။ အနောက်နိုင်ငံတွေရော၊ မွတ်ဆလင်နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှားတို့အပါအဝင် ဒေသတွင်း နိုင်ငံတွေဟာ မြန်မာပြည်အရေးမှာဆက်ပါချင်ကြတယ်။ အကူအပြောင်းကို ဆက်ပံ့ပိုးချင်တယ်။ ပထဝီနိုင်ငံရေး ဩဇာနဲ့ စီးပွါးရေးဝေစုကို လိုချင်ကြတယ်ဆိုတာကို စစ်တပ်ကကောင်းကောင်း နားလည်ထားတယ်။ လူမျိုးစု သုတ်သင်ရှင်းလင်းမှုကို သုံးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အနောက်အုပ်စု ကွဲအောင်လည်း စစ်တပ်ကခွဲချင်တယ်။ သူတို့ရဲ့ အဲဒီရည်မှန်းချက်က အောင်မြင်တယ်။

စစ်ဗိုလ်ချုပ်တွေမျော်လင့်တာက တချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီရေးစံပြပုဂ္ဂိုလ်ဆိုတဲ့ သူရဲ့ နိုင်ငံတကာပုံရိပ်ကိုကာကွယ်ဖို့ မူဆလင်နဲ့ ရိုဟင်ဂျာတွေဘက်က ရပ်တည်တဲ့ စကားထွက်ပြောလိမ့်မယ်။ အဲဒီအချိန်က မြန်မာပြည်သူပမာဏ အတော်ကြီးကြီးဟာ မွတ်ဆင်ခြိမ်းခြောက်မှုက ကိုယ့်ဘေးပတ်လည်မှာလို့ လွဲလွဲမှားမှားထက်ထက်သန်သန်ယုံကြည်နေတဲ့ အချိန်။ သူမသာ မူဆလင်ဘက် ရိုဟင်ဂျာဘက်က ထွက်ပြောလိုက်ရင် ပြည်သူတွေကြားမှာ သူ့မရဲလူကြိုက်များမှုထိုးဆင်းသွားလိမ့်မယ်။ ပြည်တွင်းပြည်ပရန်နဲ့ အမျိုးဘာသာ ကာကွယ်ဖို့ဆိုပြီး သူမရဲ့အစိုးရကို ဖယ်ရှားဖို့ စစ်တပ်က အခွင့်အရေးရသွားမယ်။ လူတွေရဲ့ ရူးသွပ်ထိတ်လန့်မှုက အတော်ကိုမြင့်နေတဲ့ အချိန်မို့ စစ်တပ်ရဲ့ လုပ်ရပ်ကို လူထုအစိတ်အပိုင်း တစ်ရပ်ကထောက်ခံလိမ့်မယ်။ ဒါမှမဟုတ် ရှုပ်ထွေးနေတဲ့ ပြည်သူတွေဟာ ဘာမှမလုပ်ပဲ ငြိမ်နေလိမ့်မယ်။ ဒေါအောင်ဆန်းစုကြည်ဟာ အဲဒီထောင်ချောက်ကို ရှောင်နိုင်ခဲ့တယ်။

နိုင်ငံရေးလက်တွေ့ကျမှု တခုထဲကြောင့် ထောင်ချောက်ကို ရှောင်နိုင်ခဲ့တာတော့မဟုတ်ဘူး။ သူမကိုယ်တိုင်ဟာလည်း ဗမာ ဗုဒ္ဓအမျိုးသားရေးဝါဒီပဲမဟုတ်လားလို့ ထောက်ပြဖို့လိုတာလည်း မှန်ပါတယ်။ ဒါပေမဲ့ သူမဟာ စစ်ဗိုလ်တွေထက်စာရင် အများကြီးပျော့ပြောင်းတဲ့ အမျိုးသားရေးဝါဒီပါ။ စစ်ဗိုလ်တွေဟာ သူတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်အတွက် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားဖို့၊ နှိပ်စက်ဖို့၊ တစ်ရွာလုံးမီးရှို့ဖျက်ဆီးဖို့၊ အတင်းအကြပ်ရွေ့ပြောင်းတာတွေလုပ်ဖို့ စနစ်တကျသင်ကြားထားတဲ့ သူတွေပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှေးရိုးစွဲဘက်ယိမ်းတဲ့ အမျိုးသားရေးဝါဒီ။ သို့သော်လည်း သူမဟာ နိုင်ငံရေးကို အမှန်ယုံကြည်သူ၊ စစ်ရေးနဲ့မဟုတ်ပဲ တရားဥပဒေလမ်းကြောင်းနဲ့ သွားချင်သူပါ။

စစ်တပ်ဟာ မွတ်ဆလင်ဆန့်ကျင်ရေးစိတ်ဓါတ်ကို တိုင်းပြည်ထဲမှာ ရည်ရွယ်ချက်ရှိရှိဖန်တီးခဲ့တယ်။ အဲဒီနောက် ရိုဟင်ဂျာတွေကို သုတ်သင်ရှင်းလင်းခဲ့တယ်။ စစ်တပ်ရဲ့ လုပ်ရပ်တွေမှာ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ပြစ်မှု နဲ့ ဂျီနိုဆိုက်လုပ်ရပ်တွေ အကြိမ်ကြိမ်ပါခဲ့တယ်။ ဒီအချက်ကို ရှင်းရှင်းလင်းလင်းမြင်ဖို့လိုတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြုအမူနဲ့ တုံ့ပြန်ပုံအပေါ် စိတ်ပျက်တာနဲ့ တကဲ့လက်သည်တရားခံ ပျောက်နေလို့မရဘူး။ တချိန်ထဲမှာ တစိတ်တပိုင်းအားဖြင့် သူမရဲ့ နိုင်ငံရေးတွက်ကိန်းနဲ့ တစိတ်တပိုင်းအားဖြင့် သူမကိုယ်တိုင် ဗမာဗုဒ္ဓအမျိုးသားရေးဝါဒီဖြစ်နေတာတွေက စစ်တပ်ရဲ့ လုပ်ရပ်ကို ကာပေး၊ ကာကွယ်ပေး၊ဆင်ခြေပေးရာရောက်ခဲ့တယ်။ ဒီအတွက် သူမကို ဝေဖန်ပစ်တင်ခဲ့ကြတာဟာလည်း နည်းမှန်လမ်းမှန်ဖြစ်တယ်။

သူမကို အမှတ်ပေးစရာတော့ရှိပါတယ်။ သူမဟာ ဖိနှိပ်ညှင်းဆဲခံရိုဟင်ဂျာတွေကို ကာကွယ်ပေးဖို့ အာဏာရပြီးနောက်ပိုင်းမှာလည်း လူသိရှင်ကြား မရပ်တည်ပေးခဲ့ဘူး။ သူမရဲ့ အစိုးရနဲ့ NLDဟာ အမုန်းနဲ့ အကြောက် ဝါဒဖြန့်မှုတွေရဲ့ အရှိန်လျော့အောင် ဘာမှမလုပ်ခဲ့ဘူး။ သို့ပေမဲ့ အများစု ပြည်သူရဲ့ စိတ်အတွေးတကယ်ပြောင်းလာခဲ့တယ်။ အမျိုးဘာသာ သာသနာဆိုတာ လူထုရဲ့ ဘာသာတရားအပေါ်လေးမြတ်မှုကို စစ်တပ်က လှည့်စားအမြတ်ထုတ်တာပဲလို့ သူ့အရှိအတိုင်း စမြင်လာကြတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုကြီးထဲမှာ အလွန်လူကြိုက်များတုန်းပါ။ သူမကြောင့် NLD ဟာ ၂ ကြိမ်တိုင် သောင်ပြို ကမ်းပြိုနိုင်ခဲ့တယ်။ ( ၁၉၉၀ ပါထည့်တွက်ရင် ၃ ကြိမ်)။ လုပ်ကြံခံရတဲ့ လွတ်လပ်ရေးဖခင်ရဲ့ သမီးဖြစ်လိုကျော်ကြားတာလဲပါတယ်။ လူထုကို ဂရုစိုက်တဲ့ ရဲရင့်တဲ့ အနစ်နာခံတဲ့ “ အမေစု” နဲ့ “ ကောင်းမြတ်တဲ့ ဘုရင်မ” ဆိုတဲ့ ပုံရိပ်နှစ်ခုပေါင်းကြောင့် လူချစ်တာလဲပါတယ်။

အရေးအကြီးဆုံးက သူမရဲ့ အစိုးရအောက်မှာ ပြည်သူ့ဘဝတွေတိုးတက်လာခဲ့တယ်။ နှေးတော့ အလွန် နှေးတယ်။ ဒါပေမဲ့ လမ်းကြောင်းပေါ်မှာလို့ ခံစားကြရတယ်။ စီပွါးရေး လမ်းပွင့်လို့တင်မဟုတ်ဘူး။ သူ့အစိုးရက လူတွေရဲ့ ပညာရေး ကျန်းမာရေးကို အမှန်တကယ် စိတ်ဝင်စားခဲ့တယ်။ အခြေခံအဆောက်အအုံ၊ လယ်သမားတွေအတွက်ချေးငွေ စတာတွေ လုပ်ပေးခဲ့တယ်။ စစ်ဗိုလ်တွေဟာ ပြည်သူ့ဘဝအရေးကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူး။ စစ်ဗိုလ်တွေဟာ လူထုကို ခြိမ်းခြောက်မှုလို့ပဲမြင်တယ်။ စစ်တပ်ဟာ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံ နှစ်မျိုးပဲရှိတယ်လို့ ယူဆတဲ့သူတွေ။ အုပ်ချုပ်သူက အခွင့်ထူးခံမယ်။ တင်းတင်းမာမာလုပ်မယ်။ အုပ်ချုပ်ခံက နာခံရမယ်။ ခိုင်းတာလုပ်ရမယ်။ ဒီလိုပဒေသရာဇ် လူ့အဖွဲ့အစည်းကိုပဲ စစ်ဗိုလ်တွေသိတယ်။ တဘက်မှာ NLD က အမြဲတမ်းလူထုပါတီပဲ။ လူထုထောက်ခံမှုပေါ်မှာသာ အမြဲ မှီတည်နေရကြောင်း သိကြတယ်။

စစ်ဗိုလ်တွေဟာ အရပ်သားတွေကို ဇာတ်နိမ့်တွေလို အမြဲတမ်းသဘောထားတယ်။ အရပ်သားဆိုတာ နာခံရမယ်။ စစ်တပ်ကို ဝန်ဆောင်မှုပေးရမယ်။ လိုအပ်ရင် ဖိနှိပ်တာ၊ ဖျက်ဆီးတာကိုလည်းအရပ်သားတွေ ခံရမယ်။ NLD ခေတ်မှာ နိုင်ငံနဲ့ အစိုးရဟာ လူထုကို အမှန်တကယ် ဝန်ဆောင်ပေးဖို့ကြိုးစားတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ဗိုလ်တွေရဲ့ အုပ်ချုပ်ပုံကို ယှဉ်ကြည့်ပြီး လူထုထဲမှာ နက်နက်ရှိုင်းရှိုင်းပြောင်းလာတယ်။

နောက်ထပ်အရေးကြီးတဲ့ ကွာခြားချက်က ၁၉၉၀ ကျော်ကာလက စလို့ စစ်ဗိုလ်တွေကို သူဌေးဖြစ်ရေးဆိုတဲ့ လောဘကပဲ အဓိကမောင်းနှင်တယ်။ အာဏာနဲ့ ငွေကြေး လက်ဝါးရိုက် ကြီးစိုးတဲ့ လက်ဝါးကြီးအုပ် အရင်းရှင်စနစ်အောက်မှာ စစ်ဗိုလ်နဲ့ သူတို့မိသားစုတွေ မတန်တဆ ချမ်းသာလာကြတယ်။ သူတို့တွေဟာ စီးပွါးရေးနဲ့ ငွေကြေးကိုပဲ စိတ်ဝင်စားတယ်။ စည်းနဲ့ ကမ်းနဲ့ စီးပွါးရေးလုပ်တာတော့ မဟုတ်ဘူး။ နိုင်ငံရေး ကော စီးပွါးရေးကိုရော ထိန်းထားပြီး အကျင့်ပျက် လက်ဝါးကြီးအုပ် နည်းလမ်းတွေနဲ့ ချမ်းသာအောင်လုပ်ကြတာ။ သယံဇာတကြွယ်ဝတဲ့ နိုင်ငံမှာ နက်ရှိင်းတဲ့ အကျင့်ပျက် စနစ်ကြီးကို တည်ထောင်ပြီး အကြီးအကျယ် အကျင့်ပျက်ကြ၊ အမြတ်ထုတ်ကြတယ်။ စစ်အာဏာရှင် စနစ်ဆိုတဲ့ ကန့်လန့်ကာနောက်မှာ ခိုးဝှက်လုယက် အမြတ်ထုတ် စနစ်ကြီးကိုတည်ဆောက်ထားခဲ့ကြတယ်။ နောက်ပိုင်းကျတော့” စည်းကမ်းပြည့်ဝသော ဒီမိုကရေစီသို့ အကူးအပြောင်း” ဆိုတဲ့ ကန့်လန့်ကာနောက်မှာ ဆက်အကာအကွယ်ယူကြတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အတော်ကွဲပြားတယ်။ သူမမှာ အတော်အားကောင်းတဲ့ ခြိုးခြံချွေတာရေး တန်ဖိုးနဲ့ စရိုက်ရှိတယ်။ သူမရဲ့အကျင့်ပျက်မှု ဆန့်ကျင်ရေး ရပ်တည်ချက်က NLD ကိုလွှမ်းမိုးမှုကြီးတယ်။ စစ်ဗိုလ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကွဲပြားမှုကို ပြည်သူတွေမြင်ကြတယ်။

အာဏာသိမ်းတာ၊ လူထုကဆန့်ကျင်တာနဲ့ လက်ရှိဖြစ်ရပ်တွေအပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍဟာ ပြောင်းလဲနေပြီလို့ထင်တယ်။ လက်ရှိမှာ သူမကို အချုပ်ချထားတယ်။ ထောင်ဒဏ်အရှည်ကြီးတွေ ချမဲ့ပုဒ်မတွေနဲ့ တရားစွဲထားတယ်။ စစ်အာဏာရှင်တွေ ရှိနေသရွေ့တော့ အချုပ်နဲ့ ဆက်ရှိပြီး (ပါတီခေါင်းဆောင်တွေ၊ လှုပ်ရှားမှုခေါင်းဆောင်တွေ၊ လူထုတွေ ) ဘယ်သူနဲ့မှ ဆက်သွယ်ပြောဆိုလို့ မရဖို့ပဲရှိပါတယ်။ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အရိုးထဲကနေကို မနာလို မုန်းတီးပါတယ်။

အရင်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရရင် အာဏာရှင်ဆန့်ကျင်ရေး ဗမာလူမျိုးတွေရဲ့ လှုပ်ရှားမှုဟာ ရပ်တန့်သွားတာပါပဲ။ ပါတီရော ထောက်ခံသူတွေရော လူထုရောဟာ မျော်လင့်ချက် အလုံးစုံကို သူမအပေါ်မှာ ပုံထားကြတယ်။ သူမဟာ အာဏာရှင်ကို တန်ခိုးစွမ်းအားတခုခု တနည်းနည်းနဲ့ ဖြိုချမှာပဲလို့ မျော်လင့်ခဲ့ကြတယ်။

ဒီတကြိမ်မှာတော့ အဲဒီလိုမဟုတ်တော့ဘူး။ သူမကို ဖမ်းဆီးခြင်း အားဖြင့် စစ်အာဏာရှင်တွေဟာ တကိုယ်တော် ဆုံးဖြတ်ချက် ချတတ်တဲ့ ခေါင်းဆောင်တယောက်ကို ဖယ်ရှားပေးလိုက်တာပဲ။ အများနဲ့ တွဲလုပ် အများနဲ့ ဆုံးဖြတ်မဲ့ခေါင်းဆောင်တွေပေါ်လာအောင် နေရာဖန်တီးပေးလိုက်သလိုတောင် ဖြစ်တယ်။ စွမ်းရည်သစ်တွေနဲ့ ခေါင်းဆောင်မှု အသစ်ပေါ်​ဖို့ အလွန်လိုအပ်နေတာမို့ ဒါဟာ ကြီးမားတဲ့ အပြောင်းအလဲဖြစ်ပါတယ်။ ခေါင်းဆောင်တွေကို ဖယ်ရှားရုံနဲ့ စစ်တပ်ဟာ လူထုလှုပ်ရှားမှုကို ရပ်တန့်အောင် မလုပ်နိုင်တော့ဘူး။ ခေါင်းတလုံးဖယ်ရှားပစ်ရင် ခေါင်းများစွာပေါ်ထွက်နေတဲ့ ဆန့်ကျင်ဘက် အခြေအနေကို စစ်တပ်က ဖန်တီးပေးသလိုတောင် ဖြစ်နေတယ်။ စစ်တပ်ဟာ ခေါင်းအကုန် လိုက်ဖြတ်လို့တော့ မရနိုင်ဘူး။ တယောက်ယောက်ကို ဖမ်းတိုင်း သတ်တိုင်းမှာ နောက်လူတွေ နောက်အဖွဲ့တွေပေါ်လာနေတာပဲ။ ဒီအခြေအနေဟာ စစ်တပ်က လူထုတရပ်လုံးအပေါ် အကြမ်းဖက်စစ်ပွဲဆင်နွဲတာခံနေရတဲ့ နိုင်ငံမှာ တကယ့်မျော်လင့်ချက်လို့လဲဆိုနိုင်ပါတယ်။

(အီဂေါ ဘလာဇီဗစ် – ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း Igor Blazevic ဟာ Educational Initiatives ရဲ့ ဦးဆောင်ဆရာတစ်ဦး ဖြစ်ခဲ့ပြီး Comparative experiences of successful and failed transitions to Democracy “ဒီမိုကရေစီ အသွင် ကူးပြောင်းမှုများ အောင်မြင်ခဲ့ခြင်းနှင့် ကျဆုံးခဲ့ခြင်း အတွေ့အကြုံများ“ သင်တန်းတွေကို သင်ကြားပို့ချခဲ့ပါတယ်။လက်ရှိမှာ ချက်နိုင်ငံ Prague Civil Society Centre နဲ့ အရှေ့ဥရောပ၊ ကော့ကေးဆပ်ဒေသနဲ့ အာရှအလယ်ပိုင်း နိုင်ငံတွေက အရပ်ဘက်လူထုကို ပံ့ပိုးအားပေးတဲ့ စီမံချက်တွေကို လုပ်ဆောင်နေပါတယ်။ Igor Blazevic ဟာ မြန်မာနိုင်ငံမှာ “လူ့အခွင့်အရေးနဲ့လူ့သိက္ခာ ရုပ်ရှင်ပွဲတော်” လုပ်ရာမှာ အဓိကပူးပေါင်းပံ့ပိုးတဲ့ “One World Human Rights Film Festival” ကိုတည်ထောင်သူလည်း ဖြစ်ပါတယ်။ မြန်မာ့​နွေဦး​တော်လှန်​ရေးကိုအနီးကပ်​စောင့်ကြည့်ပြီး မြန်မာပြည်သူ​တွေအတွက်အကြံဥာဏ်​ကောင်း​တွေအမြဲ​ရေးသားအကြံပြု​နေတဲ့နိုင်ငံ​ရေးသိပ္ပံပညာရှင်တစ်ဦးဖြစ်ပါတယ်)

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဆီကသိရတာတော့ ဒီနေ့ရုံးချိန်းမှာ အမှုတွဲထဲပါဝင်သူ NLD စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား ရှောင်တာနယ် ၊ NLD စီးပွားရေးဝန်ကြီး ဦးစိုးဝင်း ၊ ဒုဝန်ကြီးဦးဆက်အောင် ၊ ဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။

သတင်း

အာဏာသိမ်းပြီးနောက် ရှောင်တာနယ်ကို စစ်ကောင်စီက ဖမ်းဆီးရာမှာ စီးပွားရေးဆိုင်ရာစီမံကိန်းစာရွက်စာတမ်းတွေ တွေ့ရတယ်ဆိုပြီး ရှောင်တာနယ်နဲ့အတူ ၊ဒေါ်အောင်ဆန်းစုကြည် ၊NLD အစိုးရ လက်ထက် စီးပွားရေးဝန်ကြီး ၃ ဦးကို အစိုးရ လျှို့ဝှက်ချက်ဥပဒေနဲ့စစ်ကောင်စီက တရားစွဲဆိုထားတာပါ။

သတင်း

ကနေဒါ၏ မဟာဗျူဟာထဲတွင် ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးနှင့်လုံခြုံရေး စီမံချက်အသစ် (၁၆) ခုပါဝင်ပြီး ကျားမတန်းတူညီမျှခြင်းရှိသော အရေးပေါ် လူသား ချင်းစာနာမှုဆိုင်ရာ အကူအညီများကိုလည်း ဆက်လက်ပေးအပ်သွားမည်ဟု ကြေညာသည်။

သတင်း

အဲဒီနောက် ၂၀၂၁ ခုနှစ် ဧပြီလမှာတော့ နေပြည်တော်ထဲက နေရာတစ်နေရာကိုစစ်ကောင်စီက ပြောင်းရွှေ့ခဲ့ပြီး ဆက်လက်ထိန်းသိမ်းထားခဲ့တယ်လို့သိရပါတယ်။