Connect with us
close

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“NUCC groundကတိုင်ရင်းသားလူမျိုးပေါင်းစုံ စုပြီးတော့ အလုပ်လုပ်လို့ရတဲ့ ground ဖြစ်တယ်။ ရနိုင်သမျှ စုထားဖို့လိုတယ်”

NUCC ၏ လက်ရှိ အခြေအနေများအပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) ဥက္ကဌ ဦးအောင်မိုးဇော်ကို People’s Spring – လူထုနွေဦးက ဆက်သွယ်မေးမြန်းထားသည်။

ဦးအောင်မိုးဇော်

■လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)ဥက္ကဌ ဦးအောင်မိုးဇော်

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကို ရွေးကောက်ခံကိုယ်စားလှယ်များအစုအဖွဲ့ ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၊ သမဂ္ဂများ၊ အမျိုးသမီး၊ လူငယ်၊ အရပ်ဘက်အဖွဲ့အစည်းများ၊ CDM လှုပ်ရှားမှုအဖွဲ့အစည်းများ၊ သပိတ်အင်အားစုများ၊ လူနည်းစုဆိုင်ရာအဖွဲ့အစည်းများအစုအဖွဲ့၊တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ(EROs)အစုအဖွဲ့နှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်အခြေပြုနှင့် လူမျိုးအခြေပြုအဖွဲ့အစည်းများအစုအဖွဲ့ ဟူ၍ အစုအဖွဲ့ ၅ ခုဖြင့် ကျောရိုးပြုဖွဲ့စည်းထားသည်။ NLD သည်ပါတီတရပ်အနေဖြင့် NUCC ၏ နိုင်ငံရေးပါတီအစုအဖွဲ့တွင်ဆက်လက်
ပါဝင်မည်မဟုတ်ဘဲ မဟာမိတ်ဆက်ဆံ​ရေးဖြင့်ရှိ​နေမည်ဖြစ်ပြီး၊ NLD လွှတ်တော်ကိုယ်စားလှယ်များသည် NUCC ၏ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် များအစုအဖွဲ့တွင် ဆက်လက်ပါဝင်နေမည်ဖြစ်သည်။

ယခုနွေဦးတော်လှန်ရေးတွင် NUCC ၏ အခန်းကဏ္ဍသည် ကြီးမားပြီး ပြည်သူလူထု၏ အားပေးထောက်ခံမှု၊ ယုံကြည်မှု ရရှိထားသလို၊ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံ သောနိုင်ငံများနှင့် နိုင်ငံတကာက NUCC ၏ နိုင်ငံရေးဦးဆောင်မှုကို စိတ်ဝင်တစားစောင့်ကြည့် နေကြသည်။

မေး – လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)အနေနဲ့ NUCC မှာ ဘယ်လိုပုံစံပါဝင်ထားလဲ။

ဖြေ – ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးပါတီအစုအဖွဲ့မှာ နိုင်ငံရေးပါတီတရပ်အနေနဲ့ ပါဝင်ထားတာဖြစ်ပါတယ်။

မေး – ဒီရက်ပိုင်းမှာ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရပါတီ NLD က NUCC ကနေ ထွက်လိုက်ပြီ၊ ဆက်မပါဝင်တော့ဘူး သိရပါတယ်။ NUCC မှာ NLD ပါတီ ဆက်မပါဝင်တာက နွေဦးတော်လှန်ရေးအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိမယ်လို့ ဦးအောင်မိုးဇော် ယူဆလဲဗျ။

ဖြေ – ကျွန်တော်တော့ ထွက်လိုက်တယ်လို့ မယူဆဘူး။ နဂိုကတည်းက (NLD ဟာ) ပါတီအနေနဲ့ ပါခဲ့တာမှာ မေးခွန်းမေးစရာရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ လက်တွေ့ကျတော့ နိုင်ငံရေးပါတီအစုအဖွဲ့တွေလုပ်တယ်။ သပိတ်နဲ့ပတ်သက်တဲ့ အစုအဖွဲ့တွေလုပ်ကြတယ်။ လွှတ် တော်ကိုယ်စားလှယ်တွေနဲ့ပတ်သက်တဲ့ အစုအဖွဲ့တွေ လုပ်ကြတယ်။ အဲဒီလို လုပ်ကြတဲ့အခါ ဒီ နိုင်ငံရေးပါတီအစုအဖွဲ့မှာ ပြည်သူ့ညီလာခံပြီးတဲ့အခါ (NLD) ပါလာတာ မတွေ့ဘူး။ နဂိုကတည်းက ပါခဲ့သလား၊ မပါခဲ့ဘူးလား။ နဂိုကတည်းက NLD အနေနဲ့ ဆောင်ရွက်ခဲ့သလား၊ မဆောင်ရွက်ခဲ့ဘူးလားဆိုတာ သိပ်တော့ မသဲကွဲပါဘူး။ သို့သော်လည်း CRPH အဖွဲ့ဝင်တွေ အများစုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ကြတာကိုး။ ဆိုတော့ CRPH အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပါတယ်။ တဖက်မှာလည်း နိုင်ငံရေးပါတီအစုအဖွဲ့မှာတော့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ပါလာတာ မတွေ့ရ ဘူးပေါ့။

မေး – စောစောက ဦးအောင်မိုးဇော်ပြောသလိုမျိုး ပါတီအစုအဖွဲ့မှာ NLD ပါဝင်တာမျိုး မတွေ့ရဘူး။ တဖက်မှာ CRPH အနေနဲ့ NLD ကိုယ်စားလှယ်တွေ ပါနေတာရှိတယ်။ ဒီအခြေအနေက ဝေဝါးမှုဖြစ်နေတယ်။ ဆိုလိုတာက ပါတဲ့​ NLD လွှတ်တော်ကိုယ်စားလှယ်တွေက NLD ကို တာဝန်မခံဘူးလား။ ဘယ်လိုအခြေအနေမျိုးလဲ။ဘယ်လိုနားလည်ထားလဲဗျ။

ဖြေ – ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့တော့ သူတို့ မဲဆန္ဒနယ်ကို သူတို့ အာမခံ ကောင်း၊ ခံနိုင်လိမ့်မှာပေါ့။ သို့သော်လည်း ပါတီကိုကျ အာမခံဖို့ ခက်တာပေါ့။ အဲဒီအခါကျတော့ ကျွန်တော်တို့အနေနဲ့လည်း စိတ်ထဲမှာ ဇဝေဇဝါဖြစ်တာပေါ့။ CRPH က လွှတ်တော်ကိုယ်စား လှယ်တွေက NUCC ထဲမှာ တစ်ခုခုအဆုံးအဖြတ်ပေးမယ်ဆိုရင် အကယ်၍ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်နဲ့သဘောထားကွဲလွဲမယ်ဆိုရင် NUCC မှာပါတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ပါတီနောက်ကိုလိုက်မှာလား။ ဒါမှမဟုတ် သူတို့ ဆုံးဖြတ်တဲ့ NUCC ထဲမှာရှိတဲ့ အဝန်းအဝိုင်းကို လက်ခံမှာလားဆိုတာက မေးခွန်းထုတ်စရာရှိပါတယ်။အဲဒီအပေါ်မှာ ကျွန်တော်လည်း ခင်ဗျားလိုပဲသိပ်ပြီး သဲသဲကွဲကွဲမရှိပါဘူးဗျ။

မေး – လက်ရှိ NUCC ရဲ့ နိုင်ငံရေးအစုအဖွဲ့မှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အပြင် အခြား ဘယ်ပါတီတွေ ပါဝင်တယ်လို့ သိထားရလဲ။

ဖြေ – ကျွန်တော်မသိရဘူး။ လောလောဆယ် ကျွန်တော်တို့ပဲ ပါသလိုဖြစ်နေတော့ ကျွန်တော် လည်း နည်းနည်းအံ့ဩတယ်။ ဘာလုပ်ရမှန်းမသိဘူး။ ကျွန်တော်တို့ တစ်ဖွဲ့တည်းလို ဖြစ်နေတာ။

မေး – စောစောက အကြောင်းပြန်ဆက်ရရင် NLD အနေနဲ့ ရွေးကောက်ပွဲမှာ အများစု အနိုင်ရတဲ့ ပါတီဖြစ်တယ်။ NLD မပါဝင်တော့တဲ့အပေါ် နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ဘယ်လိုထင်မြင် မိလဲ။

ဖြေ – မဖြစ်သင့်ဘူးလို့ ကျွန်တော်ယူဆပါတယ်။ ဒီလှုပ်ရှားမှုက၊ ကနေ့ နွေဦးတော်လှန်ရေးက အစုအဖွဲ့တခု၊ နိုင်ငံရေးအင်အားစုတခုရဲ့ လှုပ်ရှားမှု မဟုတ်ပါဘူး။ ခင်ဗျားတို့အားလုံးသိတဲ့ အတိုင်းပဲ တတိုင်းပြည်လုံးက နည်းနည်းများများ၊ လူမျိုးစုံပြည်သူတွေ အားလုံးပါပြီး လုပ်တဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ ဖြစ်တယ်ဆိုတော့ ကျွန်တော်တို့ လူမျိုးစုံပြည်သူတွေကို ကိုယ်စားပြုတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေ အားလုံးစုပေါင်းပြီးတော့ အလုပ်လုပ်ကြရလိမ့်မယ်။ တချို့ကလည်း သေးမယ်။ တချို့ကလည်း ကြီးမယ်။ တချို့ကလည်း အလယ်အလတ်ဖြစ်မယ်။ ဘယ်လိုနိုင်ငံရေးအင်အားစု မျိုးမဆို အမှန်တကယ် ဒီမိုကရေစီကို ယုံတယ်။ အမှန်တကယ် ဖက်ဒရယ်ပြည်ထောင်စုကို သွား ချင်တယ်ဆိုရင် အားလုံးအတူတူ လက်တွဲအလုပ်လုပ်ကြရလိမ့်မယ်လို့ မြင်ပါတယ်။ အခုလို ဖြစ် တဲ့ကိစ္စက အများအမြင်မှာ သူတို့ကွဲနေကြပြီ။ ပြဲနေကြပြီ။ အဲဒီလိုမြင်စရာရှိတယ်။ သဘော
ထား မတူကြဘူးလား။ မြင်စရာရှိပါတယ်။ ပြည်သူလူထုအတွက်တော့ စိတ်ထိခိုက်စရာရှိနိုင်ပါတယ်။ အဲဒီအတွက်မသင့်တော်ဘူးလို့ မြင်ပါတယ်။

မေး – NLD ရဲ့ CEC လည်းဖြစ်၊ CRPH ရဲ့ ဥက္ကဌ ဦးအောင်ကြည်ညွန့်ရဲ့ မီဒီယာအချို့ကို ဖြေထားတဲ့ အင်တာဗျူးတွေအရ ပါတီအနေနဲ့​​တော့ NUCC မှာ မပါ​ပေမယ့်တဖက်မှာလည်း ရွေးကောက်ခံ ကိုယ် စားလှယ်အစုအဖွဲ့အ​နေနဲ့ပါနေတယ်။NUG အစိုးရအဖွဲ့မှာ​ရော ​တော်လှန်​ရေးရဲ့​နေရာစုံးမှာပါဝင်​နေတယ်လို့ရှင်းပြထားတယ်။ပါတီအနေနဲ့ မပါဘဲ ပါတီက ကိုယ်စားလှယ်တွေကို NUCC မှာ ပါဝင်ခွင့်ပေးထားတာက တော်လှန်ရေးကာလဖြစ်စေ၊ တော်လှန်ရေးအလွန်ကာလ ဖြစ်စေ အဲဒီကာလအတွက် ‘ရှဉ့်လည်းလျှောက်သာ၊ ပျားလည်း စွဲသာ’ အဲဒီလိုပုံစံမျိုး ကစားနေတာလို့ မြင်လား။ ဘယ်လိုမျိုးမြင်လဲ။

ဖြေ – ကနေ့နွေဦးတော်လှန်ရေးက ရွေးကောက်ပွဲနိုင်ငံရေးလို ကစားရမယ့်အရာမဟုတ်ဘူး။ အရေးကြီးတဲ့ကိစ္စတွေမှာ ရှင်းရှင်းလင်းလင်းသဘောထားရှိဖို့လိုတယ်လို့ ယူဆတယ်။ NUCC ဆိုတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အခြားတိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားနိုင်ငံရေးအဖွဲ့အစည်းတွေ အဲဒီလို ပူးပေါင်းအလုပ်လုပ်ကြရတာ။ အခုအလုပ်လုပ်တာက ၂ နှစ် လောက်ပဲရှိသေးတယ်။ တိုင်းရင်းသားတွေနဲ့ အပြန်အလှန် ၊ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေနဲ့ ဗမာအများစုကို ကိုယ်စားပြုထားတဲ့ နိုင်ငံရေးပါတီ အပြန်အလှန် နားလည်မှုတည်ဆောက်ရ မယ့် အချိန်ဖြစ်တယ်။ အပြန်အလှန် သဘောထားတွေကို ကျေကျေလည်လည် အတူတကွ အလုပ်လုပ်ရမယ့်အချိန်ဖြစ်တယ်။ ‘ရှဉ့်လည်းလျှောက်သာ၊ ပျားလည်း စွဲသာ’ ဆိုတာက နားခံသာအောင် ပြောတာဖြစ်တယ်။ အကယ်၍ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေက ဒီဗမာတွေက လာပြန်ပြီ ဒီလိုချည်းပဲ အမျိုးမျိုးဖြစ်နေတယ်ဆိုရင် ကျွန်တော်တို့အတွက်က အရမ်းထိခိုက်တယ်။ ဒီလို ကိစ္စမျိုးက ပါတီရဲ့ပေါ်လစီနဲ့ သက်ဆိုင်သလို ၊ တပြိုင်နက်တည်းမှာ တတိုင်းပြည်လုံး အရေးကိစ္စဖြစ်တယ်။ ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးတွေကြားမှာ အထူးသဖြင့် ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေနဲ့ ဗမာတိုင်းရင်းသားတွေအကြားမှာ ကွာဟမှုအကြီးကြီးဖြစ်နေတယ်။ ဒီအချိန်က စုနိုင်ဖို့အတွက် အင်မတန်အခြေအနေကောင်းဖြစ်တယ်။ အခွင့်ကောင်းဖြစ်တယ်။ အဲဒီလို အခြေအနေမျိုးကိုထိခိုက်သွားမယ်။ကျွန်တော်တို့တိုင်းပြည်အတွက် အများကြီးနစ်နာတယ်။ ပြည်သူလူထု အတွက်အများကြီး နစ်နာတယ်။ အဲဒီအချက်ကို ကျွန်တော်အလေးအနက်ထားပြောချင်တယ်။

မေး – နွေဦးတော်လှန်ရေးမှာ NUCC က ဘယ်လောက်အထိ အရေးပါလဲ။

ဖြေ – ကျွန်တော်တို့တိုင်းပြည်အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်ကြမယ်ဆိုရင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပြီးတော့အသေအချာ အခုကတည်းက နားလည်မှု တည်ဆောက် ကြဖို့လိုတယ်။ အခုကတည်းကတွဲပြီးအလုပ်လုပ်ကြဖို့လိုမယ်။ ယုံကြည်မှုတွေ မြင့်လာတာနဲ့ အမျှ ကျွန်တော်တို့ မြင်ချင်တဲ့ ကျွန်တော်တို့ ပြည်သူလူထုက တောင်းဆိုတဲ့ ဖက်ဒရယ် ဒီမိုကရေစီဆိုတာကို ရအောင် ယူနိုင်မှာဖြစ်တယ်။ အခုကတည်းက တစ်ယောက်တစ်ပေါက်၊ တစ်သီးတစ်ခြားစီလုပ်နေမယ်။ တစ်ဖွဲ့ချင်းစီလုပ်နေကြမယ်ဆိုရင် တစ်ဖွဲ့နဲ့ တစ်ဖွဲ့ နားလည်မှုတည် ဆောက်နိုင်လိမ့်မယ်လို့ ကျွန်တော်မယူဆဘူး။ တပြိုင်နက်တည်းမှာပဲ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးအကြားမှာ နားလည်မှု တည်ဆောက်ဖို့အတွက် အလှမ်းကွာဝေးလိမ့်မယ်။ အခုNUCC groundကတိုင်ရင်းသားလူမျိုးပေါင်းစုံ စုပြီးတော့ အလုပ်လုပ်လို့ရတဲ့ ground ဖြစ်တယ်။ ရနိုင်သမျှ စုထားဖို့လိုတယ်။ ရနိုင်သမျှ ဆက်စပ်ထားဖို့လိုတယ်။ ကျွန်တော်တို့ အတူတူအလုပ်လုပ်နိုင်ဖို့ ကြိုးစားဖို့လိုတယ်။ ဒါမှ ကျွန်တော်တို့ပြောနေတဲ့၊ ပြည်သူတွေတောင်းဆိုနေတဲ့ ဖက်ဒရယ်ဒီ မိုကရေစီပြည်ထောင်စုဆိုတာက ပိုပြီးချောချောမွေ့မွေ့တည်ဆောက်နိုင်မှာဖြစ်တယ်လို့ ပြောချင် တယ်။

မေး – NUCC ဟာ လူထုထောက်ခံမှုရှိတယ်၊ လူထုရဲ့ ယုံကြည်ကိုးစားမှုကိုလည်း ရထားတယ်။ NUCC ဆက်အားကောင်းဖို့ ဘာတွေ လုပ်ဖို့လိုမလဲဗျ။

ဖြေ – ပထမဆုံးလုပ်ရမှာက အခုအခက်အခဲကိုကျော်လွှားဖို့လိုတယ်။ နောက်တစ်ခုက NUCC က ပေါ်လစီဖိုရမ်သဘောမျိုးဖြစ်နေတယ်။ ပေါ်လစီတွေ၊ မူဝါဒတွေကိုပဲ နေ့စဉ်နဲ့အမျှ ဆွေးနွေးနေတဲ့ ဖိုရမ်သဘောမျိုးဖြစ်နေတယ်။ ဒါက လက်ရှိအခြေအနေပေါ့။ အဲဒီအခြေအနေကနေ လွန် မြောက်ပြီးတော့ မူဝါဒတွေကို ဆွေးနွေးတာ တပိုင်းဖြစ်ပြီး လက်တွေ့အလုပ်တွေကိုလည်း စုပြီး လုပ်နိုင်တဲ့ နိုင်ငံရေးအင်အားစု၊ နိုင်ငံရေးတပ်ပေါင်းစုကြီး ဖြစ်ဖို့အတွက် ဆက်ပြီး ကြိုးစားရလိမ့်မယ်လို့ ယူဆပါတယ်ဗျ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

NUCC မှာကမတူကွဲပြားတဲ့​နောက်ခံ​တွေက​နေအသီးသီးပါဝင်လာကြတယ်ဆို​တော့အငြင်းအခုံ၊အ​ချေအတင်ဖြစ်​နေကြရတာကိုကအင်မတန်​ကောင်းမွန်သင့်​လျော်တဲ့အခွင့်အလမ်းတစ်ရပ်အ​နေနဲ့ပဲမြင်မိပါတယ်ခင်ဗျ။

News

ယခုရက်ပိုင်းအတွင်း NUCC၌ NLDပါတီ ကိုယ်စားပြု ပါဝင်ရေး၊ မပါဝင်ရေး ကိစ္စနှင့်ပတ်သက်ပြီး အခြေအတင် ပြောဆိုမှုများ ရှိနေရာ ယင်းကိစ္စက ညီညွတ်ရေးအတွက် စိတ်ပူစရာ အခြေအနေ ဖြစ်ပါသလားဟု မေးမြန်းသည့်အပေါ် ပဒိုစောတောနီးက ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

News

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေ - ဖယ်ခုံနယ်စပ် တိုက်ပွဲများ၌ ပါဝင်တိုက်ခိုက်နေသည့် အမှတ် - ၁၀၀၈ တပ်ရင်းသည် ရှမ်း၊ အင်းသား၊ ကယန်း၊ ပအိုဝ်း လူငယ်များစွာဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု အသိပေးထားသည်။

News

အာဆီယံသည် တိုင်ပင်ဆွေးနွေးသင့်သည့် အဖွဲ့အစည်းများကို တန်းတူနေရာထား၍ ဆက် သွယ်ဆောင်ရွက်ခြင်းမပြုဘဲ ချန်လှပ်ထားခြင်းအားဖြင့် ထောက်ပံ့ကူညီများမှာ အမှန်တကယ် လိုအပ်နေသူများထံ ရောက်ရှိနိုင်မည်မဟုတ်ကြောင်းလည်း NUCC က ဆိုသည်။