Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ၊ ယင်းမာပင်နှင့် ရွှေဘိုခရိုင်အတွင်းရှိ လမ်းပိုင်းများတွင် စစ်ကောင်စီတ​ပ် ရမ်းကားနေ၍ လမ်းပိုင်းအချို့ ယာယီပိတ်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်နှင့် ရွှေဘိုခရိုင်အတွင်းရှိ လမ်းပိုင်းများတွင် အကြမ်းဖက်စစ်ကောင်စီတ​ပ် ရမ်းကားနေ၍ လမ်းပိုင်းအချို့ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်လိုက်ကြောင်း ဒေသတွင်းမဟာမိတ်အဖွဲ့များက ပြောသည်။

People's Spring
People's Spring

မုံရွာ – ယာကြီး – ကလေးဝလမ်း

စစ်ကိုင်းတိုင်း၊ မုံရွာ – ယာကြီး – ကလေးဝလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မိုင်းများဆင်ထား၍ ဖြတ်သန်းသွားလာခွင့် အကန့်အသတ်မရှိ ယာယီပိတ်သိမ်းကြောင်း “ချိုမိုင်မိုင်” ယင်းမာပင်၊ ကနီမဟာမိတ်တပ်ပေါင်းစုက အသိပေးကြေညာသည်။

ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ရှိနေသောကြောင့် မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းအား ဇွန်လ၂၈ရက်မှစ၍ ဖြတ်သန်းသွားလာခြင်းမပြုကြရန် အကန့်အသတ်မရှိ ယာယီပိတ်သိမ်းထားကြောင်း မဟာမိတ်ညီနောင် (၅)ဖွဲ့က အသိပေးသည်။

ပိတ်ရခြင်းအကြောင်းရင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ရက်စက်ယုတ်မာမှုများကြောင့် ပြည်သူများအသက်အန္တရာယ် မထိခိုက်စေရန်အတွက်ဖြစ်ကြောင်း၊ ဘန့်ဘွေးရွာမတွင်ရှိသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် မုံရွာ – ယာကြီး – ကလေးဝလမ်းပိုင်းအား လမ်း၏ ညာဘက်တွင် နင်းမိုင်းများဖြင့်လည်းကောင်း၊ လမ်းပေါ်တွင် တိုက်မိုင်းများဖြင့်လည်းကောင်း အသုံးပြု၍ ပြည်သူများ၏ အသက်အန္တရာယ်အား ထိခိုက်စေရန် ရည်ရွယ်ပြင်ဆင်ထားသည်ကို မျက်မြင်တွေ့ရှိရကြောင်း မဟာမိတ်အဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ​ဖော်ပြသည်။

ပြည်သူများအနေဖြင့် အရေးပေါ်ကျန်းမာရေးကိစ္စဖြင့် သွားလာမည်ဆိုပါက သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးသို့ ဆက်သွယ်ချိတ်ဆက်ပြီးမှသာ အခြားလမ်းများက သွားလာကြရန်၊ ပြည်သူများ၏ လုံခြုံရေးအတွက် ယာယီလမ်းပိတ်သိမ်းရခြင်းဖြစ်ပြီး ပြည်သူများပူးပေါင်းဆောင်ရွက်ရန် မဟာမိတ်အဖွဲ့များက မေတ္တာရပ်ခံသည်။

ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲသွားလာနေပါက လုံခြုံရေး တာဝန်ယူမည်မဟုတ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီက ပြည်သူနှင့် ပြည်သူ့ရဲဘော်များအား သွေးခွဲရန်ကြံစည်နေ၍ ပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းအား စစ်ရေးသတိ၊ လုံခြုံရေးအသိဖြင့် အဆိုပါ လမ်းပိုင်းအား အသုံးမပြုကြရန် မဟာမိတ်အဖွဲ့များက အသိပေးသည်။

မဟာမိတ်အဖွဲ့များတွင် “ချိုမိုင်မိုင်” ယင်းမာပင်၊ ကနီ မဟာမိတ်တပ်ပေါင်းစု၊ Yinmabin Local Defence Force၊ Chindwin Galone Yarzar Guerrilla Defence Force၊ Alpha Special Force၊ Monywa True Of Force(MTOF)တို့ ပါဝင်သည်။

မုံရွာ – အရာတော်လမ်းပိုင်း

စစ်ကိုင်းတိုင်း၊ မုံရွာ – အရာတော်လမ်းပိုင်းအား အသုံးပြုသွားလာခြင်းကို ယခုအချိန်မှစ၍ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းမဟာမိတ်အဖွဲ့များက အသိပေးကြေညာသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် မုံရွာ-အရာတော် လမ်းပေါ် တစ်နေရာ၌ တပ်စွဲ၍ သွားလာလှုပ်ရှားမှုများရှိနေကြောင်း၊ တားမြစ်သည့်ကြားမှသွားလာ၍ တစ်စုံတရာ ထိခိုက်နစ်နာမှုများဖြစ်ပေါ်ပါက ပြည်သူ့တပ်ဖွဲ့များအနေဖြင့် တာဝန်ယူမည် မဟုတ်ကြောင်း အသိပေးကြေညာသည်။

ပြန်လည်အသုံးပြုသွားလာနိုင်သောအချိန်ကို သီးခြားထုတ်ပြန်ပေးဟု ၎င်းတို့က အသိပေးသည်။

အဆိုပါထုတ်ပြန်ချက်အား Danger Force LPDF၊သပြေညိုပျောက်ကြားတပ်ဖွဲ့၊ Ayadaw Falcon Force (AF2)၊ Ayadaw Bone Naing PDF- (ABN-PDF)၊ ပတ္တမြားညီနောင် ပျောက်ကြားတပ်ဖွဲ့၊AMT မြေပြင်ပျောက်ကြားတပ်ဖွဲ့တို့က ပူးပေါင်းအသိပေးခဲ့ခြင်းဖြစ်သည်။

ရေဦး – ခင်ဦးလမ်းပိုင်း

အလားတူ ရွှေဘိုခရိုင်အတွင်းရှိ ရေဦး – ခင်ဦးလမ်းပိုင်း အသွားအလာများ ရပ်နားထားရန် Khin U Support Organization-KSOအဖွဲ့က အသိပေးကြေညာသည်။

ခင်ဦးမြို့နယ် မြင်းဒေါင်းရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ဒေသတွင်း PDFများ ၂ဖက်အပြန်အလှန်ပစ်ခတ်နေကြောင်း Armed Revolution Force KU အဖွဲ့က ကြေညာသည်။

ချောင်းဦး – ပခုက္ကူလမ်းပိုင်း

ယနေ့(ဇွန်လ၂၉ရက်)နေ့နံနက်ပိုင်းမှစ၍ ချောင်းဦး – ပခုက္ကူလမ်းပိုင်းကို ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ အရေးပေါ်လိုအပ်ချက်အခြေအနေအရ ယာယီပိတ်ထားလိုက်ကြောင်း ချောင်းဦး PDF၏ ကြေညာချက်တွင် ဖော်ပြသည်။

ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းကိုပြည်သူတို့၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့်လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက် အာမမခံပါကြောင်း အသိပေးသည်။

အထက်ပါလမ်းပိုင်းတွင် သွားလာနေကြသောမော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းကို လက်ရှိအသုံးပြုလျက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံသည်။

ယနေ့နံနက် ၆နာရီဝန်းကျင်က ချောင်းဦးမြို့နယ် တောကျောင်းကြီးကျေးရွာမှ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဆင်ဖြူရှင်တံတားမှတဆင့် မြောင်မြို့နယ် ရွှေပန်းကျေးရွာနှင့် ရွှေပန်းကျွန်းကျေးရွာများကို သေနတ်များ ပစ်ဖောက်ဝင်ရောက်လာကြောင်း ဗိုလ်တောက်ထွန်း (MBTT)အဖွဲ့က ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပင်းတယ - ရပ်စောက်လမ်းမှ ပင်းတယမြို့အထွက် မြောက်ကျောင်းကြီးရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က နံနက် ၁၀နာရီခန့်တွင် လျှပ်တပြက်တိုက်ခိုက်ခဲ့​ခြင်းဖြစ်သည်။

သတင်း

အုပ်ချုပ်ရေးမှူးအား အသေပစ်ခတ်ရှင်းလင်းရာ ပွိုင့်(၂၂) လက်နက်သေနတ်တစ်လတ်နှင့် လက်ပစ်ဗုံး တစ်လုံးသိမ်းဆည်းရမိခဲ့ကြောင်း Seven People Defense Forceအဖွဲ့က ဆိုသည်။

သတင်း

"နယ်မြေစိုးမိုးမှုကို သူတို့ တောက်လျှောက်လုပ်နေတယ်။အဓိကတော့ ပြည်သူတွေ စစ်ဘေးရှောင်နေရတာတွေကြောင့် စိတ်အားမငယ်ဖို့ပါပဲ။မြေပြင်စစ်ရေးအရ အချိန်မရွေးတိုက်ပွဲတွေ ပြင်းထန်ဖို့လည်း ရှိနေတယ်"ဟု ၎င်းက ပြောသည်။

သတင်း

စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ရက်ပိုင်းများကတည်းက ချင်း - မကွေးနယ်စပ် မကွေးတိုင်း ထီးလင်းနှင့် ဆောမြို့နယ်များအတွင်း စစ်ရေးလှုပ်ရှားနေခြင်းဖြစ်သည်။