ဥကရစ်ထစခန်းမကျစေရန် လေကြောင်းပစ်ကူအများအသုံးပြုခုခံနေသောစစ်ကောင်စီတပ်၏ တိုက်လေယာဉ်သည် ထိုင်းပိုင်နက်ထဲသို့ ရောက်ရှိခဲ့သဖြင့်ဒေသခံများထိတ်လန့်ခဲ့ကာစာသင်ကျောင်း ၂ ခု အရေးပေါ်ပိတ်ခဲ့ရကြောင်းထိုင်းသတင်းဌာနတ AEC က ယနေ့ ဖော်ပြသည်။
စစ်ကောင်စီတပ် အထိနာနေသော ကရင်ပြည်နယ်၊မြဝတီမြို့နယ်၊ ဥကရစ်ထစခန်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်က စခန်းမကျစေရန်လေကြောင်းနှင့် လက်နက်ကြီးများ အများအပြားအသုံးပြု၍ခုခံတိုက်ခိုက်နေရာ စစ်ကောင်စီတိုက်လေယာဉ်က ထိုင်းပိုင်နက်ကိုယနေ့နံနက်တွင် ကျူးကျော်ရောက်ရှိခဲ့ခြင်းဖြစ်သည်။ထိုအပြင်စစ်ကောင်စီကလက်နက်ကြီးဖြင့်ပစ်ခတ်စဥ်ထိုင်းနိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးကျည်ကျရောက်ခဲ့သည်။
ထိုသို့ စစ်ကောင်စီဗုံးကြဲလေယာဉ်ကျူးကျော်လာမှုကြောင့် ထိုင်းဘက်ခြမ်းရှိ ဒေသခံများ အထိတ်တလန့်ဖြစ်ခဲ့ပြီး ဒေါသထွက်နေကြောင်း AEC နှင့် ကရင်အမျိုးသား မီဒီယာတို့က ဖော်ပြသည်။
![စစ်ကောင်စီတပ်ပစ်ခတ်သော ကျည်များကားထိ့မှန်ခဲ့သော ထိုင်းဒေသခံနှင့်၎င်း၏ကား ။ ဓါတ်ပုံ-AEC](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2022/06/290157307_413690157487109_8621166182311785648_n.jpg?resize=880%2C396&ssl=1)
ထိုသို့စစ်ကောင်စီဗုံးကြဲလေယာဉ်နယ်မြေကျူးကျော်ရောက်ရှိလာမှုကြောင့် ထိုင်းဘက်ကလည်း လုံခြုံရေးတိုးမြှင့်ခဲသလို ထိုင်းစစ်တပ်၏တိုက်လေယာဉ်နှစ်စီးပျံတက်ကာကင်းစောင့်ခဲ့သည်ဟု ဆိုသည်။သို့သော် စစ်ကောင်စီကျူးကျော်မှုကို ထိုင်းဘက်က ပစ်ခတ်ခြင်းမလုပ်ဆောင်ခဲ့ဟု အထက်ပါ သတင်းဌာနများက ဖော်ပြသည်။
မြ၀တီမြို့နယ် ဝေါ်လေဒေသရှိစစ်ကောင်စီ၏ ဥကရစ်ထစစ်ကောင်စီတပ်စခန်းကိုသိမ်းပိုက်နိုင်ရန်ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့်ပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၂၆ရက်မှစ၍ယနေ့ဇွန်လ၃၀ရက်အထိ၅ရက်ဆက်တိုက်ခိုက်လျက်ရှိသည်။
![ထိုင်းနိုင်ငံဘက်သို့ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးဒုက္ခသာ်များ ။ ။ ဓါတ်ပုံ-AEC](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2022/06/290363155_413690200820438_1126676251207267040_n.jpg?resize=880%2C660&ssl=1)
သုံးရက်မြောက်နေ့တွင် စခန်းကိုရရှိခဲ့သော်လည်း ညပိုင်းတွင်စခန်းအောက်ပြန်နေရာယူစဥ် စစ်ကောင်စီတပ်က စစ်ကူများထပ်ရောက်လာပြီး လေကြောင်းတိုက်ခိုက်မှု အကြိမ်များစွာ ပြုလုပ်သည့်ခြင်း၊လက်နက်ကြီးပစ်ကူများစွာဖြင့် စခန်းမကျစေရန်အပြင်းအထန်ခုခံလာခြင်းတို့ကြောင့်ပူးပေါင်းတပ်ဖွဲ့ကစစ်ရေးအခြေအနေအရ အထိမနာစေရေး ဆောင်ရွက်ခဲ့သည်။
“ခြုံပြီးပြောမယ်ဆိုရင် သူတို့က DKBA အဖွဲ့ကိုလည်း သူတို့စစ်ကူတောင်းတယ် နောက် BGF အဖွဲ့ကိုလည်းသူတို့စစ်ကူတောင်းတယ်။နောက်ပြီးတော့ တိုက်လေယာဉ်နဲ့အဆက်မပြတ်လုပ်နေတုန်းပဲ။ ဒီဘက်ကလည်းရအောင်တော့ဆက်တိုက်မှာပဲ” ဟု KNU သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိသော်လည်း စစ်ကောင်စီတပ်ကသေဆုံးဒဏ်ရာရရှိမှုများပြားနေသည်။
![ထိူင်းနိုင်ငံဘက်ခြမ်းရှိစာသင်ကျောင်းတစ်ကျောင်းတွင် နယ်စပ်တွင်ပြင်းထန်စွာဖြစ်ပွာနေသောတိုက်ပွဲကြောင့် လက်နက်ကြီးကျည်အန္တရာယ်မခံရစေရန် တိမ်းရှောင်နေကြစဥ် ဓါတ်ပုံ-ဘန်ကောက်ပိုစ်](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2022/06/290569523_413690230820435_3341730803869431330_n.jpg?resize=880%2C587&ssl=1)
“ဟိုဘက်က ပိုများတာပေါ့။ မနေ့ကဆိုရင် တက်လာတဲ့ စစ်ကူပေါ့နော် အယောက် သုံးဆယ်နီးပါးလောက်ကျတယ်လို့ ပြောတယ်။ သူတို့လာနိုင်တော့ ဒီဘက်က ကြိုပြင်ထားတာပေါ့” ဟု KNU သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီတပ်သည်စခန်းအသိမ်းမခံရစေရန် နေ့စဉ်လေကြောင်းပြစ်ကူ တိုက်လေယာဥ်အခေါက်ပေါင်း ဆယ်နှင့်ချီပျံသန်း၍ ပေါက်ကွဲအား ပြင်းထန်သည့် ဗုံးများ အသုံးပြု ကြဲချနေသည်။
![ထွက်ပြေးတိမ်းရှောင်နေရသောစစ်ဘေးဒုက္ခသည်များ ဓါတ်ပုံ-ဘန်ကောက်ပိုစ်](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2022/06/291331996_413690364153755_7842185205056269600_n.jpg?resize=880%2C586&ssl=1)
“ထိုင်းဘက်ကို ကျည်ကျလို့ရွာသားကားတစ်စီးထိသွားတယ်။ လက်နက်ကြီး ကျည်ပေါ့။ ဒီနေ့ကျတော့ ကြားတာကတော့ သူတို့ လေယာဉ်တစ်စီးက ထိုင်းဘက်ကို ကျော်လာတာ ၅ ကီလိုလောက်အထိ ကျော်လွန်တယ်လို့ ကြားတယ်။ အဲဒီနောက်ပိုင်းမှာတော့ ထိုင်းဘက်က ကင်းထောက်လေယာဉ်တစ်စီး ကင်းလှည့်တာပေါ့။ ” ဟု KNU သတင်းရင်းမြစ်က ပြောသည်။
ဝေါ်လေဒေသ တိုက်ပွဲများကြောင့် ဒေသခံထောင်ချီ၍ စစ်ရှောင်နေရပြီးထိုင်းဘက်ခြမ်းသို့ ရောက်ရှိနေသူများလည်းရှိသည်ဟုသိရသည်။
![](https://i1.wp.com/ludunwayoo.com/wp-content/uploads/2021/08/banner-logo1-50px.png)