Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထိုင်ဝမ်ကျွန်း တဝိုက်မှာ ကန့်သတ် စစ်ဆင်ရေးတွေ လုပ်ဆောင်သွားမယ်လို့ တရုတ်ကြေညာ

တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းဌာနက တရုတ် စစ်တပ်ဟာ ဩဂုတ် ၄ ရက်ကနေ ၇ ရက်အတွင်း ထိုင်ဝမ်ကျွန်းနဲ့ အနီးတဝိုက်မှာ ကျည်အစစ်တွေ အသုံးပြုပြီး စစ်ရေး လေ့ကျင့်မှုတွေ စတင်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

ထိုင်ဝမ်ကျွန်း တဝိုက်မှာ ကန့်သတ် စစ်ဆင်ရေးတွေ လုပ်ဆောင်သွားမယ်လို့ တရုတ်ကြေညာ
ထိုင်ဝမ်ကျွန်း တဝိုက်မှာ ကန့်သတ် စစ်ဆင်ရေးတွေ လုပ်ဆောင်သွားမယ်လို့ တရုတ်ကြေညာ

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌရဲ့ ထိုင်ဝမ် ခရီးစဉ်အပေါ် တင်းတင်းမာမာ တုံ့ပြန်တဲ့ အနေနဲ့ ကန့်သတ် စစ်ဆင်ရေးတွေ အကောင်အထည် ဖော်သွားမယ်လို့ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

ဩဂုတ် ၂ ရက် ညပိုင်းက ထိုင်ဝမ်ကို နန်စီ ပလော့စီ အမှန်တကယ် ရောက်ရှိလာတဲ့နောက် တရုတ် စစ်တပ်ကို တပ်လှန့်ထားလိုက်သလို တရုတ်ရေတပ် သင်္ဘောတွေကလည်း ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်မှာ ဖြန့်ကျက် နေရာယူထားခဲ့ပါတယ်။ အဲဒီညကစလို့ ထိုင်ဝမ်ကျွန်းနားမှာ ရေတပ်၊ လေတပ် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေ စတင်သွားမယ်လို့ တရုတ် အရှေ့ခြမ်း မဟာဗျူဟာ စစ်ရေးဗဟို ဌာနချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ စစ်ရေးလေ့ကျင့်မှုမှာ တရုတ် စစ်လေယာဉ်တွေနဲ့ ရေတပ်သင်္ဘောတွေက ထိုင်ဝမ်မြောက်ပိုင်း၊ အနောက်တောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်း ဧရိယာတွေမှာ ဖြန့်ကျက် နေရာယူပြီး တာဝေးပစ် စစ်လက်နက် အစစ်တွေနဲ့ လေ့ကျင့်သွားမယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်ရဲ့ အရှေ့တောင်ပိုင်း ရေပြင်မှာလည်း ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ စစ်ရေး ဗဟို ဌာနချုပ်က ဆိုပါတယ်။ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ပလော့စီရဲ့ ခရီးစဉ်ကို ကန့်ကွက်တဲ့ သဘောနဲ့ ကန့်သတ် စစ်ဆင်ရေးတွေ လုပ်ဆောင်သွားမယ်လို့ ပြောပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ပါဘူး။

စစ်ဆင်ရေးတွေရဲ့ သဘော သဘာဝဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာ လုံခြုံရေးကို ပိုမိုခိုင်မာ အားကောင်းစေဖို့ အဓိက ရည်ရွယ် အကောင်အထည်ဖော်မှာ ဖြစ်တယ်လို့ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ စစ်ရေး လေ့လာသူ တချို့က တရုတ်ရဲ့ စစ်ရေး လေ့ကျင့်မှုတွေနဲ့ ပတ်သက်လို့ နိုးနိုးကြားကြား စောင့်ကြည့်သင့်ကြောင်း မှတ်ချက်ပြုခဲ့ပြီး တရုတ် ရေတပ်နဲ့ လေတပ်ဟာ ထိုင်ဝမ် ရေပိုင်နက်၊ လေပိုင်နက်ထဲထိ ကျူးကျော် ဝင်ရောက်ပြတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

ဩဂုတ် ၂ ရက်နေ့မှာတင် တရုတ် စစ်လေယာဉ် ၂၁ စီးဟာ ထိုင်ဝမ် လေပိုင်နက် အပြင်ဖက် လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ် ဧရိယာထဲ ဝင်ရောက်ခဲ့သေးကြောင်း ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုထားပါတယ်။ တရုတ်ရဲ့ ဖိအားပေး ကန့်ကွက်မှုတွေကို လျစ်လျူရှုပြီး ထိုင်ဝမ်ကို ရောက်ရှိလာတဲ့ ပလော့စီကတော့ သူ့ရဲ့ လွှတ်တော် ကိုယ်စားလှယ် ခရီးစဉ်ဟာ ထိုင်ဝမ်နိုင်ငံရဲ့ ကွဲပြားစုံလင်တဲ့ ဒီမိုကရေစီ စနစ်အပေါ် အမေရိကန်က မမှိတ်မသုန် ဆက်လက် ထောက်ခံ အားပေးနေတယ် ဆိုတာကို ပြသဖို့ အတွက်သာ ရည်ရွယ်တယ်လို့ ပြောကြားသွားပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပေမယ့် ထိုင်ဝမ်ကတော့ သီးခြား လွတ်လပ်တဲ့ ရပ်တည်မှုကိုသာ လိုလားနေပါတယ်။ ထိုင်ဝမ်ကို သံတမန် လမ်းကြောင်းတွေ အကုန် ဖြတ်တောက်ပြီး အထီးကျန်နေအောင် ဖိအားပေးခြင်းဟာ တရုတ်ရဲ့ မဟာဗျူဟာ အခင်းအကျင်း တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန် အစိုးရရဲ့ အရေးအပါဆုံး ပုဂ္ဂိုလ်တစ်ဦးကိုယ်တိုင် ထိုင်ဝမ်ကို ခြေချခဲ့တယ် ဆိုတာက တရုတ်ရဲ့ အခင်းအကျင်းတွေကို အတိအလင်း ဖျက်စီးပြလိုက်တဲ့ သဘောလည်း ဆောင်ပါတယ်။

အိမ်ဖြူတော်က ပလော့စီရဲ့ ထိုင်ဝမ် ခရီးစဉ်ဟာ အောက်လွှတ်တော် ဥက္ကဋ္ဌရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်သာဖြစ်ပြီး အမေရိကန် အစိုးရက စေလွှတ်တာ မဟုတ်ဘူးလို့ ပြောထားပေမယ့် တရုတ်ကတော့ အဲဒီလို သဘောမထားနိုင်ပါဘူး။ ပလော့စီဟာ အမေရိကန် အစိုးရ တစ်ရပ်လုံးကို ကိုယ်စားပြုပြီး ထိုင်ဝမ်ကို လာရောက်တယ်လို့ တရုတ်က ယူဆနေပါတယ်။

တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းဌာနက တရုတ် စစ်တပ်ဟာ ဩဂုတ် ၄ ရက်ကနေ ၇ ရက်အတွင်း ထိုင်ဝမ်ကျွန်းနဲ့ အနီးတဝိုက်မှာ ကျည်အစစ်တွေ အသုံးပြုပြီး စစ်ရေး လေ့ကျင့်မှုတွေ စတင်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ကတော့ ထိုင်ဝမ်ကို သွားရောက်ချင်တဲ့ ကိစ္စဟာ အောက်လွှတ်တော် ဥက္ကဋ္ဌ တစ်ဦးတည်းရဲ့ ဆန္ဒသာဖြစ်ပြီး အမေရိကန် အစိုးရရဲ့ တိုက်ရိုက် သဘောထားတော့ မဟုတ်ဘူးလို့ ဩဂုတ် ၁ ရက်နေ့တုန်းက ပြောကြားထားပါတယ်။

နိုင်ငံတကာ

ပလော့စီဟာ အာရှလေးနိုင်ငံကို လှည့်လည်သွားလာမယ့် အလည်အပတ် ခရီးစဉ်ကနေ ခွဲထွက်ပြီး ထိုင်ဝမ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ၂၅ နှစ်တာအတွင်း ထိုင်ဝမ်မြေကို ခြေချဖူးတဲ့ ရာထူး အမြင့်ဆုံး အမေရိကန် အရာရှိအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ် ယူဆထားတဲ့ တရုတ် အစိုးရကတော့ ပလော့စီရဲ့ ခရီးစဉ်ဟာ အမေရိကန်ရဲ့ ကျူးကျော် ရန်စမှု ပုံစံတစ်ခုလို့ ယူဆပြီး တင်းတင်းမာမာ ကန့်ကွက်ထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထိုင်ဝမ်ကျွန်းနဲ့ ရေလက်ကြားပဲခြားတဲ့ တရုတ်ပိုင် ဖူကျန်းဒေသမှာ တရုတ်က လက်နက်ကြီးတွေ ပစ်ခတ်ပြီး...

နိုင်ငံတကာ

၂၀၂၀ ပြည့်နှစ်မှာ အာဖဂန်က အမေရိကန်နဲ့ မဟာမိတ်တပ်တွေ ဘေးရန်ကင်းကင်း ပြန်လည် ရုပ်သိမ်းဖို့ သဘောတူညီချက် အနေနဲ့ တာလီဘန်တွေက အကြမ်းဖက် အဖွဲ့အစည်းတွေကို ထောက်ပံ့ ကူညီမှာ မဟုတ်ကြောင်း ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့ တာလီဘန်နဲ့ အယ်လ်ကိုင်ဒါတွေဟာ မဟာမိတ်တွေအဖြစ် နှစ်ရှည်လများ ရပ်တည်ခဲ့ပြီးသားပါ။