စက်တင်ဘာ−၂၂၊၂၀၂၅။လူအေး/People’s Spring
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က သမင်ခြံကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ (စက်တင် ဘာ၂၂ရက်) ည ၇နာရီခန့်မှာ ပါရာမော်တာ စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ အရပ်သား ၄ဦး သေဆုံးသွားပါတယ်။
” လမ်းပေါ်မှာ သွားနေတဲ့သူနှစ်ယောပ်၊ အိမ်ထဲမှာ နေသူနှစ်ယောက် သေဆုံးတယ်။ စစ်ရေးအခြေအနေ ဘာမှ ရှိမနေဘူး။ တမင် လိုက်ကြဲနေတာ” လို့ ကနီမြို့ခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူ ၄ဦးမှာ သက်ကြီးပိုင်း အမျိုးသား ၁ဦး၊ အမျိုးသမီး ၁ဦး ပါဝင်ပြီး ကျန်၂ဦးအကြောင်း အသေးစိတ် မသိရသေးပါဘူး။

Public Service Announcement
ကနီမြို့နယ် ချောင်းမရွာမှာ စက်တင်ဘာလဆန်းတုန်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၁ရက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဆုတ်ခွာ ထွက်ပြေးသွားပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကထိခိုက်သေဆုံးမှုတွေများပြားခဲ့ပြီး အမှတ်(၁)စစ်ဒေသ၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းက စစ်ကြောင်းမှူး ရဲဘော်နိုင်မင်းနဲ့ ရဲဘော်အချို့ ထိခိုက်ကျဆုံးခဲ့ပါတယ်။
ဆုတ်ခွာထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို တောလှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ၁၆ရက်နက စစ်သုံ့ပန်း ၃ဦးထပ်မံဖမ်းမိပါတယ်။ စစ်ကောင်စီက ကနီမြို့ကိုပြန်ပြီးစစ်ကြောင်းထိုးဖို့ကြိုးစားနေပြီး ပါရာမော်တာနဲ့ မကြာခဏလာပြီး ဗုံးကြဲနေပါတယ်။
အခုအခါမှာ စစ်ကောင်စီက ကနီမြို့နဲ့နယ်ခြင်းဆက်နေတဲ့ ယင်းမာပင်မြို့နယ်စပ်မှာ တပ်ပြန်စုစည်းနေတယ်လို့ သတင်းရရှိပါတယ်။
