Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ တရားခံရွေးပွဲကို လက်မခံဘဲ နည်းသဏ္ဍန်ပေါင်းစုံဖြင့် ငြင်းပယ်ကြရန် SIFတိုက်တွန်း

တိုင်းရင်းသားပြည်သူများအားလုံးပါဝင်သော ပြည်သူ့တော်လှန်ရေး၏ ရည်မှန်းချက်(၃)ရပ်မှာ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးအပိုင် ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ ဖြစ်ကြောင်း အသိပေးသည်။

(စစ်ကောင်စီတပ်ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအား ဆန့်ကျင်ကြရန် ရန်ကုန်မြို့၌ ဇန်နဝါရီ ၁၃ရက်က ဆန္ဒပြနေစဉ်၊ ဓာတ်ပုံ - AAMIJ)
(စစ်ကောင်စီတပ်ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအား ဆန့်ကျင်ကြရန် ရန်ကုန်မြို့၌ ဇန်နဝါရီ ၁၃ရက်က ဆန္ဒပြနေစဉ်၊ ဓာတ်ပုံ - AAMIJ)

နိုင်ငံရေးပါတီများနှင့် ပြည်သူများသည် စစ်ကောင်စီ ၏ တရားခံရွေးပွဲကို လက်မခံဘဲ နည်းသဏ္ဍန်ပေါင်းစုံဖြင့် ငြင်းပယ်ကြရန် မဟာဗျူဟာညှိနှိုင်းဖော်ဆောင် ရေးအင်အားစု(SIF)က ယနေ့ တိုက်တွန်းတောင်းဆိုသည်။

အာဏာသိမ်းစစ်ကောင်စီက ကျင်းပမည်ဆိုသော အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်၍ SIF က ရပ်တည်ချက်နှင့် တိုက်တွန်းချက် ယနေ့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ SIFတွင် အထွေထွေသပိတ်ကော်မတီ GSC၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNSနှင့် အမည်မဖော်လိုသော အဖွဲ့အစည်းများ၊ နိုင်ငံရေးပုဂ္ဂိုလ်များ ပါဝင်ကြောင်း သိရသည်။

“စစ်အုပ်စုမှာ ရွေးကောက်ပွဲလုပ်ခွင့်ရှိတဲ့ တရားဝင်မှု သူတို့မှာမရှိဘူး။ စစ်အုပ်စုက လက်နက်နဲ့ အဓမ္မအာဏာသိမ်းထားတဲ့ အစုအဖွဲ့သာဖြစ်တယ်။ အဲဒီတော့ သူတို့မှာ ရွေးကောက်ပွဲ လုပ်ခွင့်မရှိဘူး။ သူက ခန့်အပ်ထားတဲ့ ကော်မရှင်မှာလည်း တရားဝင်မှု မရှိဘူး။ ကျွန်တော်တို့ အနေနဲ့ ဒီရွေးကောက်ပွဲလုပ်တယ်ဆိုတဲ့ ကိစ္စကို လုံးဝ လက်မခံဘူး။ ကနေ့ ပြည်သူတွေရဲ့ တောင်းဆိုမှုလည်း မဟုတ်ဘူး။ ပြည်သူတွေ လိုလားနေတာက သူတို့(စစ်အုပ်စု)ကို ဘဂ်လားပင်လယ်အော်ထဲ ကန်ချဖို့သာ လိုလားနေတာ။ တကယ့်စစ်စစ်မှန်မှန် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့သာ ပြည်သူတွေ လိုလားနေတာဖြစ်တယ်”ဟု DPNS ဥက္ကဌ ဦးအောင်မိုးဇော်က ပြောသည်။

ဖက်ဆစ်စစ်အုပ်စုက ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီရွေးကောက်မှု မဟုတ်ခြင်းနှင့် စစ်အုပ်စုက ကျူးလွန်ခဲ့သည့်၊ ကျူးလွန်နေသည့်၊ ဆက်လက် ကျူးလွန်နိုင်မည့် ရာဇဝတ်မှုပြုလုပ်နိုင်ခွင့်အာဏာ အပ်နှင်းခြင်းဖြစ်လျှက် အားလုံးတန်းတူမှု၊ တရားမျှတမှု၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ပေါ်ပေါက်စေမည် မဟုတ်ကြောင်း SIF က ပူးတွဲထုတ်ပြန်သည်။

ထို့အပြင် စစ်အုပ်စု၏ ရွေးကောက်ပွဲကို အသိအမှတ်ပြု လက်ခံခြင်း (သို့မဟုတ်) ၎င်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ပြည်သူများ၏ တန်ဖိုးမဖြတ်နိုင်သော ပေးဆပ်မှုများစွာဖြင့် ပေါ်ပေါက်လာသည့် ပြည်သူ့တော်လှန်ရေး ရည်မှန်းချက်များအား ဥပေက္ခာပြုခြင်းဖြစ်ပြီး စစ်အုပ်စု၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အကာအကွယ်ယူ၊ ရယူခံစားနေသည့် ပြစ်ဒဏ် ကင်းလွတ်ခွင့်ကို သက်ဆိုးရှည်စေပြီး စစ်အာဏာရှင်စနစ်ကို ပိုမို ခိုင်မြဲသွားစေမည် ဖြစ်ကြောင်း SIF က သတိပေးသည်။

မြန်မာပြည် ဖက်ဒရယ်ဒီမိုကရေစီတော်လှန်ရေးလမ်းကြောင်းတွင် ပြည်သူများနှင့်အတူ သွေးစည်း ညီညွတ်စွာ ရပ်တည်နေသည့် ကမ္ဘာ့နိုင်ငံအစိုးရများနှင့် အဖွဲ့အစည်းအသီးသီးအနေဖြင့်လည်း ဖက်ဆစ်စစ်အုပ်စု အတုအယောင်ရွေးကောက်ပွဲကို ဝိုင်းဝန်း ကန့်ကွက် ရှုံ့ချကြရန် SIF က တိုက်တွန်းသည်။

တိုင်းရင်းသားပြည်သူများအားလုံးပါဝင်သော ပြည်သူ့တော်လှန်ရေး၏ ရည်မှန်းချက်(၃)ရပ်မှာ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးအပိုင် ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ ဖြစ်ကြောင်း အသိပေးသည်။

SIF သည် အာဏာရှင်စနစ်များ အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေး နိုင်ငံရေးရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် အခြေခံအားဖြင့် အမြင်၊ ရပ်တည်ချက်နှင့် နည်းနာများ တူညီသည့် တော်လှန်သော နိုင်ငံရေးအင်အားစုများ၊ တသီးပုဂ္ဂလများ၏ ဆုံရပ်ဖြစ်ကြောင်း ဖော်ပြသည်။

You May Also Like

သတင်း

အာဏာသိမ်းစစ်အုပ်စုက ၎င်းတို့ကိုခုခံတွန်းလှန်မှုအား​ကောင်းတဲ့ဒသ​တွေကို မီးရှို့အကြမ်းဖက်နဲ့တုန့်ပြန်တာကို ၂၀၂၁ ​မေလ မှစပြီးဆက်တိုက်ပြုလုပ်ခဲ့တာပါ။

သတင်း

မတူပီမြို့နယ် ငလိုင်ကျေးရွာမှာရှိ CDF မတူပီ၏ ရှေ့တန်းစခန်းတစ်ခုကို စစ်ကောင်စီက ယမန်နေ့(ဇန်နဝါရီ ၁၅ရက်)တွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

သတင်း

ပခုက္ကူမြိူ့နယ်တွင် စစ်ကောင်စီတပ်သည် ဒေသတွင်းပြည်သူများအား ဆိုင်ကယ်နှစ်ယောက်မစီးရန်နှင့် ကန့်သတ်ချိန်အတွင်းသာမောင်းနှင်ရန် အဓမ္မထုတ်ပြန်ထားသည်။

သတင်း

အနက်ရောင်သေမင်း အဖွဲ့အနေဖြင့် ရန်ကုန် နှင့် မန္တလေးမြို့တို့၌ ဒလန်ရှင်းလင်းရေးကို လုပ်ဆောင်ရန်ရှိပြီး မန္တလေးမြို့သို့လည်း ဗိုလ်ရှိုင်းကို စေလွှတ်ထားကြောင်း ၎င်းက ဆိုသည်။