စစ်အုပ်စုက ကုန်းရွာကို မီးရှိူ့နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကုန်းရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကုန်းရွာကို မီးရှို့ဖျက်ဆီးနေ၍ ကျေးရွာနေပြည်သူများထွက်ပြေးတိမ်းရှောင်နေရသည်။
ယမန်နေ့ (ဖေဖော်ဝါရီလ ၂၈ ရက်) ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယင်းမာပင်မြို့နယ်၊ ကုန်းရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ကြောင်း၊ ယနေ့ (မတ်လ၁ရက် ) နံနက် ၈ နာရီခန့်တွင်လည်း ထပ်မံမီးရှို့ဖျက်ဆီးနေ၍ အိမ်ခြေအများအပြား ပျက်စီးဆုံးရှုံးနိုင်ကြောင်း ဒေသခံများက ပြောသည်။
“မနေ့ညနေကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စတင် ရှို့တယ်လို့ သိရှိရပါတယ်။ တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်လို့ ထိခိုက်မှုအခြေအနေကို မသိရသေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲပြင်းထန်လာနိုင်၍ ယင်းမာပင်မြို့နယ်ရှိ ပြောင်းပြာရွာ ၊ မြို့ပေါ်ရွာ ၊ စားတော်ပြင်ရွာ ၊ လက်လှုပ်ရွာ ၊ ရုံးလေးပင်ရွာ ၊ ရေအောက်ရွာ ၊ ကုန်းရွာ ၊ ဇီးတောတောင်ရွာ ၊ ဇီးတောမြောက်ရွာ ၊ နုံးကြီးရွာ ၊ ပေါက်ပန်းဖြူရွာ စသည့်ရွာများအတွင်းရှိ ပြည်သူများ ဘေးလွတ်ရာကိုတိမ်းရှောင်ထားကြပါရန် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ယင်းမာပင်က ယမန်နေ့ညတွင် သတိပေးထားသည်။
ဖေဖော်ဝါရီ ၂၇ ရက်ကလည်း စစ်ကောင်စီတပ်သည် ယင်းမာပင်မြို့နယ် ပုသိမ်-မုံရွာလမ်းဘေးရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီး နေအိမ်အချို့ဖျက်ဆီးခံခဲ့ရကာ ပြည်သူနှစ်ဦးကျည်ထိမှန်ခဲ့သည်။