ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အတွင်း ရင်းကဲ – ကျင်ဒွေးလမ်းပိုင်းကို လတ်တလောကာလ လုံခြုံရေးအခြေအနေအရ ယာယီပိတ်ထားကြောင်း CDF – Kanpetletက သတင်းထုတ်ပြန်သည်။
ကန်ပက်လက်မြို့နယ်အတွင်း ရင်းကဲ့ – ကျင်ဒွေး- မကွီးအိမ်နုးမြို့ကို အဓိကဆက်သွယ်ထားသော ယင်းလမ်းပိုင်းအား ယာယီပိတ်လိုက်ကြောင်းကို ချင်းကာကွယ်ရေးဖွဲ့ (ကန်ပက်လက်) CDF – Kanpetletက ယနေ့ (မတ်လ၂၆ရက်) ထုတ်ပြန်ခြင်းဖြစ်သည်။
“ လုံခြုံရေးအခြေအနေတခုကြောင့်ပါ” ဟု CDF – ကန်ပက်လက် တပ်မဟာမှူး ဆလိုင်းထွန်းလိန်းထန်းက ပြောသည်။
ရင်းကဲ – ကျင်ဒွေးလမ်းပိုင်းကို မတ်လ ၂၇ရက်မှ စ၍ မတ်လ ၃၀ရက်အထိ ယာယီပိတ်ထားမည်ဖြစ်ပြီး ယင်းကာလအတွင်း မည်သူတစ်ဦးတစ် ယောက်မျှ သွားလာခြင်းမပြုရန်နှင့် အရေးပေါ် သွားလာရန်လိုအပ်ပါက သက်ဆိုင်ရာသို့ ခွင့်ပြု ချက်ယူရယူပြီးမှသာ သွားလာကြရန် CDFက ထုတ်ပြန်ထားသည်။
ချင်းပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မတူပီ -ပလက်၀လမ်း၌ တိုက်ပွဲများဖြစ်ပွားနေသည်။
စစ်ကောင်စီတပ်သည် မတ်လတွင် မတူပီ-ပလက်၀လမ်းရှိ ထယ်ဘွေးစစ်တပ်စခန်းသို့ရိက္ခာဖြည့်၊စစ်ကူပို့ရန်နှင့် ဟားခါးသို့ ရိက္ခာနှင့် အင်အားဖြည့်ရန် ကလေး၊ဖလမ်းတို့မှတစ်ဆင့် စစ်ကားတန်းများစေလွှတ်ထားခြင်းဖြစ်သည်။အဆိုပါကားတန်း ၂ တန်းစလုံးကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက လမ်းတစ်လျှောက်တိုက်ခိုက်နေရာ စစ်သားများသေဆုံးထိခိုက်မှုများဆက်တိုက်ကြုံနေပြီး ကားတန်းမှာလည်းခရီးမတွင်ဘဲဖြစ်နေသည်။