Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဧပြီ ၄ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎တိုင်းရင်းသား​ခေါင်း​ဆောင်​တွေကို အာဏာ၊ ကိုယ်ကျိုးထက် ကိုယ့်ဒေသက လူထုရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးကြဖို့ NUG ယာယီသမ္မတ မေတ္တာရပ်ခံ

ကိုယ့်အာဏာ၊ ကိုယ့်ကိုယ်ကျိုးထက် နိုင်ငံရေးဂုဏ်သိက္ခာရှိရှိနဲ့ ကိုယ့်ဒေသက ပြည်သူလူထုတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးကြဖို့ တိုင်းရင်းသားခေါင်းဆောင်များကို NUG ယာယီသမ္မတက ထပ်မံ မေတ္တာရပ်ခံပါတယ်။ ဒီနေ့ကျင်းပတဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးကတဆင့် မေတ္တာရပ်ခံခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်တပ်ကို ဘက်ပေါင်းစုံကနေ အမြစ်ဖြတ်ဖို့ NUG ၀န်ကြီးဌာနတွေအားလုံး ပိုမိုလက်တွေ့ကျ၊ ထိရောက်တဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းပါတယ်။ ဒါ့အပြင် နိုင်ငံတကာက သတ်မှတ်ထားတဲ့ စည်းမျဥ်းတွေကို မြေပြင်အခြေအနေတွေနဲ့ ကိုက်ညီပြီး အချိန်နဲ့တပြေးတည်း အကောင်အထည် ဖော်နိုင်ဖို့ ကြိုးစားကြဖို့ လိုတယ်လို့ ယာယီသမ္မတက ပြောပါတယ်။

▪︎ဖေဖော်ဝါရီအတွင်း အမှတ် ၁ စစ်ဒေသ တိုက်ပွဲများမှာ စစ်ကောင်စီတပ် ၆၄၀ ကျော်သေဆုံးဟု NUG ထုတ်ပြန်

စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ရှမ်းမြောက်တို့မှာ ဖေဖော်ဝါရီအတွင်း တိုက်ပွဲ ၄၁၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၄၉ ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အမှတ်(၁) စစ်ဒေသနယ်မြေတွေရဲ့ ဖေဖော်ဝါရီ တစ်လတာ စစ်ရေးအခြေအနေကို အသိပေးလာတာပါ။ တိုက်ပွဲများကို အမှတ်(၁)စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနဲ့ EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် ၃၃ ဦး ကျဆုံးပြီး ၉၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ ရန်သူ့ထံမှ လက်နက်မျိုးစုံ ၃၀ လက်နဲ့ ကျည်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိိုပါတယ်။

(အညာဒေသနှင့် ရှမ်းမြောက်တွင် ဖေဖော်ဝါရီအတွင်း တိုက်ပွဲများ၌သိမ်းဆည်းရမိသော လက်လက်ခဲယမ်းများ။ ဓာတ်ပုံ - CJ)
(အညာဒေသနှင့် ရှမ်းမြောက်တွင် ဖေဖော်ဝါရီအတွင်း တိုက်ပွဲများ၌သိမ်းဆည်းရမိသော လက်လက်ခဲယမ်းများ။ ဓာတ်ပုံ – CJ)

▪︎ချိတ်ပိတ်ခံရတဲ့ NLD အမတ်နေအိမ်ဖောက်ထွင်းခံရပြီး နေအိမ်တစ်လုံးကို စစ်အုပ်စု ရောင်းစား

ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှ စစ်ကောင်စီခန့် မြို့နယ်စီမံခန့်ခွဲရေးကောင်စီဝင် ဗိုလ်မှူးတစ်ဦးနဲ့ အပေါင်းအပါနှစ်ဦးက ချိတ်ပိတ်ခံထားရတဲ့ နေအိမ်သို့ ဖောက်ထွင်းဝင်ရောက်ပြီး ပိုင်ဆိုင်မှုစာရွက်စာတမ်းများ ခိုးယူခံခဲ့ရတယ်လို့ ကာယကံရှင်ဖြစ်သူ NLD ပါတီ အမတ်ဟောင်း ဒေါ်လှလှဝင်းက ပြောပါတယ်။ မြို့စီမံကောင်စီဝင်ဗိုလ်မှူးအောင်ချမ်းအောင်၊ ဗိုလ်ပြည့်စုံနဲ့ ဇနီးဖြစ်သူ NON-CDM ဆရာမ ဒေါ်ကြော့ကြောမြင့်မိုရ်ဆိုသူများက အမတ်ဟောင်း ဒေါ်လှလှဝင်းရဲ့ နေအိမ်အတွင်း ဖောက်ထွင်းဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။ ဖောက်ထွင်းဝင်ရောက်စဥ် ခိုးယူလာခဲ့တဲ့ စာရွက်စာတမ်းများမှ ရွှေကျင်မြို့ ကျွဲတဲကွက်သစ်ရှိ ပေ ၄၀ × ၆၀ အကျယ်ရှိ မြေကွက်ဝယ်ယူထားတဲ့ စာချုပ် တွေ့ရှိရာမှ အဲဒီမြေနဲ့ တစ်ထပ်တိုက်အဆောက်အအုံတစ်လုံးကို မနေ့က ကျပ်သိန်း ၁၂၀ နဲ့ လက်ညှိုးထိုးရောင်းစားခဲ့တယ်လို့ ဒေါ်လှလှဝင်းက ပြောပါတယ်။

▪︎စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်လို့ ပြည်သူတစ်ဦးသေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီရဲ့ (၂၅၇)တပ်ရင်းက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ လူနေအိမ်များပေါ် ကျရောက်ပေါက်ကွဲကာ ဒေသခံပြည်သူ တစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ မနေ့ ညနေပိုင်းက ရေစကြို (၂၅၇)တပ်ရင်းမှ စစ်ကောင်စီတပ်သားများရဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် တပ်ရင်းမြောက်ဘက်၊ သာစည်ရွာတောင်ပိုင်းရှိ လူနေအိမ်များပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ မနေ့ မနက်ပိုင်းကလည်း ရေစကြိုမြို့နယ်၊ မအူရဲစခန်း စီးနင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် မအူရွာနေ အသက်(၁၂)နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လိို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။

▪︎က​လေးတက္ကသိုလ်အတွင်းရှိ စစ်တပ်ကို CDF-CDM(စီးယင်း) တိုက်ခိုက်

စစ်ကိုင်းတိုင်း ကလေးမြို့ တက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ လက်နက်အချို့သိမ်းဆည်းရမိတယ်လိို့ ဒေသခံသတင်းရင်းမြစ်များနဲ့ CDF-CDM(စီးယင်း)က ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းမှာ ကလေးမြို့ အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ပူးပေါင်းကာ တက္ကသိုလ်ဝင်းအတွင်းရှိ စစ်ကောင်စီတပ်ကို ခြုံခို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ မိနစ် ၂၀ ခန့််ကြာ တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား တစ်ဦးသေပြီး ငါးယောက်ဒဏ်ရာရကာ ထွက်ပြေးသွားတယ်လို့ CDF-CDM (စီးယင်း)မှတာဝန်ရှိသူက​ပြောပါတယ်။

(CDF-CDM (စီးယင်း)နှင့် ​ဒေသခံ ကာကွယ်​ရေး တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CDF-CDM (စီးယင်း) )
(CDF-CDM (စီးယင်း)နှင့် ​ဒေသခံ ကာကွယ်​ရေး တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CDF-CDM (စီးယင်း) )

▪︎မုံရွာ ကင်းလှည့်ယာဥ်နဲ့ ရွှေဘို ကညနရုံးတို့ကို ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးရှိ စစ်ကောင်စီတပ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောပါတတယ်။ မနေ့ နေ့ခင်းက ရွှေဘိုမြို့ ကညနရုံးမှာ ကင်းစောင့်နေတဲဲ့ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးတယ်လို့ တပ်ရင်းအမှတ်(၂၃) တပ်ရင်းမှူး ဗိုလ်ရန်ကြီးက ပြောပါတယ်။ ဧပြီ ၂ ရက် နေ့ခင်းကလည်း မုံရွာမြို့၊ မြို့ပတ်လမ်းမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ် ယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားထိခိုက်မှုရှိတယ်လို့ မုံရွာ နတ်ဆိုးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နတ်ဆိုးက ပြောပါတယ်။

▪︎ဒီပဲယင်းမှာ ဖမ်းဆီးခံရသူတစ်ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်၊ တစ်ဦးလွတ်မြောက်လာ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံရတဲ့ ပြည်သူများအနက် တစ်ဦးသတ်ဖြတ်ခံရပြီး တစ်ဦးထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ ဒီပဲယင်းမြို့နယ်၊ (၉)နံပါတ်မူးဘောင်နဲ့ တောရကျောင်းကြားမှာ စစ်ကောင်စီတပ်က သတ်ဖြတ်စွန့်ပစ်ထားတဲ့ ရုပ်အလောင်းတစ်လောင်းတွေ့ရှိရပြီး မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးဘူးလို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောပါတယ်။ နောက်ပြီိး စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံရတဲ့ ပြည်သူတစ်ဦးလည်း ဒဏ်ရာအများအပြားနဲ့ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ဆိုပါတယ်။

(ဒီပဲယင်းမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)
(ဒီပဲယင်းမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

▪︎ပုလဲနယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် လေးဦးထပ်မံသေဆုံး

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ မနေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး ထပ်မံသေဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေမဟာမိတ်တပ်ဖွဲ့ထံမှ သိရပါတယ်။ ကျေးရွာအချို့ကို စစ်ကြောင်းထိုးမွှေနှောက်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များက မနေ့က တိုက်ခိုက်ခဲ့တာပါ။ ပစ်ခတ်နေချိန် စစ်ကောင်စီစစ်ကြောင်း ထပ်မံစစ်ကူလိုက်လာတာကြောင့် လက်နက်မယူနိုင်ခဲ့ဘဲ ဆုတ်ခွာခဲ့ရတယ်လို့ ပြောပါတယ်။