▪︎လက်နက်မျိုးစုံ ၁၀ လက်ကျော်သိမ်းဆည်းရရှိပြီး ၊စစ်သုံ့ပန်း ၂ ဦးမှာတပ်ကြပ်ကြီးတစ်ဦး၊ဒုတပ်ကြပ်တစ်ဦးဖြစ်
မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်တွင်တပ်စွဲထားသောစစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်များကတိုက်ခိုက်ရာ စစ်သား ၂၀ဦးထက်မနည်းသေဆုံးပြီးနှစ်ဦးအရှင်ဖမ်းမိကာလက်နက်၊ခဲယမ်းများ ရရှိကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF မှတာဝန်ရှိသူကပြောသည်။
“ဖမ်းမိတာ တပ်ကြပ်ကြီးအဆင့်ရယ်၊ဒုတပ်ကြပ်ရယ်ပေါ့ ။ရရှိတဲ့ လက်နက်တွေက တော့ ပုံမှာပါတဲ့ဟာ အကုန်ပဲ”ဟု မိုးဗြဲ PDF မှတာဝန်ရှိသူက People’s Spring သတင်းဌာနသို့ ပြောကြားသည်။
ယနေ့ (ဧပြီ ၂၆ ရက်)က မိုးဗြဲ PDF တပ်ရင်း ၁ ၊ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-03၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-01 နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (URF)တို့ပူးပေါင်းပြီး နံနက် (၆) နာရီမှ ၉ နာရီခွဲ အထိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
![(ကရင်နီတပ်များကသိမ်းဆည်းရရှိသောလက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများနှင့် စစ်သုံ့ပန်း ၂ ဦး။ ဓါတ်ပုံ-မိုးဗြဲ PDF၊CJ)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/04/343295730_150150191148397_7754017075553953633_n.jpg?resize=880%2C660&ssl=1)
စစ်ကောင်စီတပ်မှ အထိနာသဖြင့် လက်နက်ကြီးပစ်ကူများ အဆမတန် ပြုလုပ်သည့်အပြင် တိုက်လေယာဥ်ဖြင့် (၄) ကြိမ်လာရောက် ပစ်ခတ်ခဲ့ကြောင်းလည်းသိရသည်။
တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား (၂၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး (၂) ဦးအရှင်ဖမ်းမိကာ အချို့ ထွက်ပြေးခဲ့ကြောင်း မိုးဗြဲ PDF က သိမ်းဆည်းရရှိသော လက်နက်များ ၊သေဆုံးစစ်သားအလောင်းများ ၊စစ်သုံ့ပန်း နှစ်ဦးတို့၏ ဓါတ်ပုံနှင့်တစ်ကွ သတင်းထုတ်ပြန်သည်။လက်နက်မျိုးစုံ ၁၃ လက်ကျော်သိမ်းဆည်းရရှိသည်ကိုလည်း ထုတ်ပြန်သောဓါတ်ပုံများတွင်တွေ့ရသည်။ သတင်းဓါတ်ပုံအစုံကို People’s Spring တယ်လီဂရန်တွင်ကြည့်ရှုနိုင်ပါသည်။
ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်အချို့လည်း ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
ညောင်ဝိုင်းရပ်ကွက်သည် မိုးဗြဲ မြို့လယ်တွင်တည်ရှိ သည့်အတွက် ပြည်သူလူထုအသက်အိုးအိမ် ထိခိုက်မည်စိုး၍ ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ပြီး နောက် ပြန်လည်ဆုတ်ခွာခဲ့ခြင်းဟု မိုးဗြဲ PDF မှတာဝန်ရှိသူကပြောသည်။
![(ကရင်နီတပ်များကသိမ်းဆည်းရရှိသောလက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများနှင့် စစ်သုံ့ပန်း ၂ ဦး။ ဓါတ်ပုံ-မိုးဗြဲ PDF၊CJ)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/04/343197263_532183345788918_2283691282465575597_n.jpg?resize=880%2C495&ssl=1)
တိုက်ပွဲဖြစ်ပွားနေစဥ် ပြည်သူများသွားလာခြင်းမပြုလုပ်ရန် လုံခြုံရာတွင်နေထိုင်ရန်လည်း မိုးဗြဲ PDF ကယနေ့ တွင်အရေးပေါ် သတိပေးချက်ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် မိုးဗြဲ မြို့ တွင်း စစ်ရေးအခြေအနေ တင်း မာနေဆဲ ဖြစ်ပြီး စစ်ကောင်စီတပ်က လွိုင်ကော်မှတဆင့် အင်အားဖြည့်တင်းနေသည်။
![Public Service Announcement](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2022/08/PSA_Inside-Story_Landmines.jpg?resize=880%2C446&ssl=1)
စစ်ကောင်စီတပ်မှ ပစ်ခတ်လာသော တာဝေးပစ်လက်နက်ကြီးများကြောင့် မိုးဗြဲမြို့ပြည်သူ လူထု၏ နေအိမ်များလည်း ပျက်စီးဆုံးရှုံးခဲ့သည်။
မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်များနှင့် ပူးပေါင်းမဟာ မိတ်တပ်ဖွဲ့ဝင်များအကြား စစ်ရေးအခြေအနေတင်းမာလျှက်ရှိရာ ပြည်သူများအနေဖြင့် တိုက်ပွဲများဖြစ်ပွားရာနေရာများနှင့် အနီးတစ်ဝိုက်တွင် သွားလာခြင်း၊ နေရပ်ပြန်ခြင်းများမပြုလုပ်ကြရန် မိုးဗြဲ PDF က သတိပေးထားသည်။
![](https://i1.wp.com/ludunwayoo.com/wp-content/uploads/2021/08/banner-logo1-50px.png)