Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဧပြီ ၃၀ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎NUG နိုင်ငံခြားရေး ဒုဝန်ကြီးနဲ့ ကုလအတွင်းရေးမှူးချုပ်ဟောင်း အွန်လိုင်းမှတွေ့ဆုံ​ဆွေး​နွေး

မြန်မာ့အရေး ရေရှည်တည်တံ့သော အဖြေတစ်ခုရရှိရေး အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် အစုအဖွဲ့အားလုံးရဲ့ အခန်းကဏ္ဍမှာ အရေးပါတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက ပြောပါတယ်။ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမိုးဇော်ဦးဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ၊ The Elders ဒုတိယ ဥက္ကဌဖြစ်သူ မစ္စတာ ဘန်ကီမွန်းနဲ့ ဧပြီ ၂၇ ရက်မှာ အွန်လိုင်းမှတဆင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ NUG ဒုတိယဝန်ကြီးက မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံခရီးစဉ်သည် ရည်ရွယ်ချက်မှန်ကန် ကောင်းမွန်ပေမယ့် စစ်ကောင်စီက အဲဒဒီခရီးစဉ်ကို ၎င်းရဲ့အကျိုးအတွက် အသုံးချဖိို့ ကြိုးပမ်းမှာကို စိုးရိမ်တယ်လို့ ပြောကြားပါတယ်။ မစ္စတာ ဘန်ကီမွန်းက “အကြမ်းဖက်မှုများအား အဆုံးသတ်ရန် လမ်းကြောင်း” ရှာဖွေမှုမှာ အရေးပါတယ်လို့ ထည့်သွင်းဆွေးနွေးပါတယ်။

▪︎ရှမ်း-ကရင်နီဒေသအစပ် တိုက်ပွဲ စစ်ကောင်စီတပ်အထိနာကာ ဆုတ်ခွာသွား

ရှမ်း-ကရင်နီဒေသအစပ် မြောက်စလုံးကျေးရွာမှာ သေဆုံးနေတဲ့ စစ်ကောင်စီတပ်သားအလောင်းများလာကောက်တဲ့ စစ်ကောင်စီတပ်ပါ အထိနာကာ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ Karenni Generation Z တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဧပြီ ၂၄ ရက်က ဖယ်ခုံနဲ့ ပင်လောင်းမြို့နယ်ကြားရှိ မြောက်စလုံးကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ် အထိနာသေဆုံးမှုများခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် မြောက်စလုံးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းများနဲ့ တပ်ဆုတ်ဖို့ ပစ္စည်းများကို ကင်တာကား နှစ်စီးနဲ့ စစ်ကောင်စီတပ်ကလာရောက် သယ်ယူရာ ထပ်မံတိုက်ခိုက်ခံခဲ့ရတာလို့ သိရပါတယ်။

▪︎မကွေးတိုင်း စစ်ရေးပစ်မှတ်(၈)နေရာကို တစ်ရက်အတွင်း တိုက်ခိုက်ခဲ့

မကွေးတိုင်း ရေစကြိုမြို့နယ်၊ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်တို့မှာ စစ်ကောင်စီတပ်များကို ဧပြီ ၂၄ ရက်က တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။ အဲဒီမြို့နယ်သုံးခုတိုက်ခိုက်မှုများအတွင်း ပေါက်မြို့နယ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး မြိုင်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်များနိုင်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်က လေကြောင်းမှ ဂျက်ဖိုက်တာနဲ့ရော၊ တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ပါ တုန့်ပြန်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

▪︎နယူးယောက်မြို့ ထောက်ပို့တော်လှန်သင်္ကြန် ဈေးရောင်းပွဲတော်ကနေ ကန်ဒေါ်လာ သုံးသောင်းကျော် ရရှိ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ New York City Burmese Community (NYCBC)က ဦးဆောင်ကာ ထောက်ပို့တော်လှန် သင်္ကြန်ရန်ပုံငွေ ဈေးရောင်းပွဲတော်ကို မနေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။ အဲဒီစျေးရောင်းပွဲတော်မှာ NYCBC အဖွဲ့ရဲ့ အထူးအစီအစဉ်အဖြစ် တော်လှန်သင်္ကြန် သံချပ်နဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပြီး ပန်းချီအနုပညာရှင်တစ်ဦး ရေးဆွဲတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတူ ပန်းချီရေဆေးကားနဲ့ အဆိုတော် ကျော်သီဟ ရေးဆွဲသော ဒေါ်အောင်ဆန်းစုကြည် ခဲခြစ်ပုံတူပန်းချီတို့ကို ရန်ပုံငွေအဖြစ် လေလံတင်ရောင်းချခဲ့ပါတယ်။ ဈေးရောင်းပွဲတော်သို့ ပြည်ပရောက် မြန်မာ အများအပြားတက်ရောက်အားပေးခဲ့ကြပြီး တော်လှန်ရေးရန်ပုံငွေ အမေရိကန် ဒေါ်လာ သုံးသောင်းကျော်ရရှိခဲ့တယ်လို့ NYCBC က ဖော်ပြပါတယ်။

နယူး​ယောက်ခ်မြို့မှ ထောက်ပို့တော်လှန် သင်္ကြန်ရန်ပုံငွေ ဈေးရောင်းပွဲတော် မြင်ကွင်း
နယူး​ယောက်ခ်မြို့မှ ထောက်ပို့တော်လှန် သင်္ကြန်ရန်ပုံငွေ ဈေးရောင်းပွဲတော် မြင်ကွင်း

▪︎ရေဦးနဲ့ ခင်ဦးမှာ စစ်ကောင်စီတပ်စစ်ကြောင်းက ကျေးရွာများကို မီးရှို့

စစ်ကိုင်းတိုင်း၊ ရေဦးနဲ့ ခင်ဦးမြို့နယ်တို့မှာ စစ်ကောင်စီတပ် စစ်ကြောင်းရောက်လာပြီး ကျေးရွာများ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ ရေဦးမြို့ တိုင်းရင်းဆေးရုံမှ ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းဟာ လက်နက်ကြီး၊ ငယ်များပစ်ခတ်ပြီး ငြုတ်တုံကျေးရွာ ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးနေလို့ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရတယ်လိို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မုတ်စီရွာနဲ့ နှောကုန်းကျေးရွာထိပ်များမှာလည်းး ကင်းပုန်းများချထားတယ်လို့ သိရပါတယ်။

▪︎မုံရွာမြို့တွင် နာရီဝက်ကျော်ကြာ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီတပ်စွဲထားတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးနဲ့ စိုက်ပျိုးရေးဦးစီးဌာနရုံးတို့ကိုPDF​တွေက သွားရောက်တိုက်ခို​က်ခဲ့ရာ နာရီဝက်ကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး​တော့ စစ်သား ငါးဦးသေဆုံးတယ်လို့မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော်ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ဧပြီ ၂၉ရက် ညနေ၆နာရီ​လောက်ကမုံရွာမြို့ရှိ စစ်ကောင်စီတပ်သား​တွေစွဲထားရာ ကညနရုံးနဲ့ စိုက်ပျိုးရေးရုံး​တွေကို ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ဒဏ်ရာအများအပြားရရှိတယ်လို့ဆိုပါတယ်။ အလားတူ PDF တပ်ဖွဲ့ဝင် ၄ဦးဒဏ်ရာရခဲ့ပါတယ်။ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂)၊ တပ်ရင်း (၃) ၊တပ်ရင်း (၄)​၏အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys၊ မုံရွာခရိုင် အမှတ်(၅)တပ်ရင်း Aung San Force(A.S.F)၊ မုံရွာခရိုင် တပ်ရင်း(၇)၊ ယင်းမာပင်တပ်ရင်း(၂၈)ဓားမဆိုင်းတပ်မတော်၊ 5/UG ၊ MRDAတပ်ရင်း ၆တပ်ခွဲ (၂)စေတန်၊ Spring Dovesတို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မုံရွာခရိုင် အမှတ် (၅ )တပ်ရင်းမှ တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-ASF
မုံရွာခရိုင် အမှတ် (၅ )တပ်ရင်းမှ တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-ASF

▪︎တမူးမှာပျုခေါင်းဆောင်တစ်ဦးကအရပ်သားဇနီးမောင်နှံကို သတ်ဖြတ်

တမူးမြို့ကပျုစောထီးခေါင်းဆောင် ချမ်းမြေ့ဦးဆောင်တဲ့အဖွဲ့က ဒေသခံပြည်သူနှစ်ဦးကို ထပ်မံသတ်ဖြတ်ခဲ့တယ်လို့မြို့ခံ​တွေကပြောပါတယ်။တမူးမြို့၊ စော်ဘွား(၁၂) ခ ရပ်ကွက်မှာနေထိုင်တဲ့ လူလတ်ပိုင်းအရွယ် ဇနီးမောင်နှံနှစ်ဦးကို ချမ်းမြေ့ဦးဆောင်သည့်အဖွဲ့က ဧပြီ ၂၆ရက်​နေ့မှာ သေနတ်ဖြင့် ပစ်ခတ်သွားတာဖြစ်ပါတယ်။”မုန့်လုပ်ရောင်းနေတဲ့ လင်မယားကို ချမ်းမြေ့တို့အုပ်စုကသတ်သွားတာ။ ကောင်မလေးနာမည်က ဥမ္မာဝင်း။ ချမ်းမြေ့က စစ်တပ်လုံခြုံရေးယူပြီး ထင်တိုင်းကြဲနေတာ”ဟု တမူးမြို့ခံတစ်ဦးကပြောပါတယ်။ချမ်းမြေ့ဟာ တမူးမြို့၊ စော်ဘွား(၁၂) ခ ရပ်ကွက်မှာနေထိုင်ပြီး ရပ်ကွက်ရဲ့ ပျူခေါင်းဆောင်အဖြစ် စစ်ကောင်စီနဲ့ ပူးပေါင်းပြီး သူဦးဆောင်သည့် ပျူအဖွဲ့က စစ်အာဏာရှင်တော်လှန်ရေးမှာ ပါဝင်နေတဲ့ ဒေသခံပြည်သူငါးဦးထက်မနည်းကို သတ်ဖြတ်ထားတယိလို့ဒေသခံ​တွေက ပြောပါတယ်။

▪︎အချက် ၂ ချက်​ကြောင့်မြိတ်- တနင်္သာရီ-ဘုတ်ပြင်းလမ်း နဲ့ ထုံခါ-မောတောင်လမ်းပိုင်းကိုPDFကသွားလာခွင့်ပြန်ခွင့်ပြု

စစ်ကောင်စီတပ်စစ်ကြောင်း​တွေပြန်ဆုတ်သွားတာနဲ့လုံခြုံရေးအရလမ်းပိတ်ထားစဉ်ကုန်စျေးနှုန်းကြီးမြင့်ခဲ့တဲ့ပြဿနာကိုပြည်သူ​တွေကြုံနေရတာကြောင့်မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းပေါ်မှာရှိတဲ့ ပြည်ထောင်စုလမ်းမကြီးနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်း ထုံခါ-မောတောင်လမ်းကို သွားလာခွင့်ပြန်လည်ခွင့်ပြုလိုက်တာဖြစ်တယ်လို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက​ပြောပါတယ်။

(မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းတွင် လုံခြုံ​ရေး​ဆောင်ရွက်​နေ​သော PDF များ (ပုံအ​ဟောင်းဖြစ်ပါသည်)။ ဓါတ်ပုံ-တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)
(မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းတွင် လုံခြုံ​ရေး​ဆောင်ရွက်​နေ​သော PDF များ (ပုံအ​ဟောင်းဖြစ်ပါသည်)။ ဓါတ်ပုံ-တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)

တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲ​တွေကြောင့် တစ်လဝန်း ယာယီသွားလာခွင့်တားမြစ်ထားတဲ့ အထက်ပါ လမ်းပိုင်းနှစ်ခုကို ဧပြီ ၂၉ ရက်မှစပြီးသွားလာခွင့်ပြန်လည်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ နံနက် (၅) နာရီမှ ည(၇) နာရီအတွင်းသာ သွားလာကြရန်၊စစ်တပ် ယာဉ်တန်းများ၊ စစ်တပ်တပ်ရင်းတပ်ဖွဲ့နဲ့ ဂိတ်စခန်းများအနီး အနီးကပ်သွားလာခြင်းမပြုရန်၊စစ်​ကောင်စီတပ်ရဲ့တပ်သား၊ လက်နက်ခဲယမ်းနဲ့ ၎င်းတို့နဲ့ပတ်သက်တဲ့ကုန်ပစ္စည်း​တွေ လုံးဝ(လုံးဝ)တင်ဆောင်ခြင်း မပြုရန်နဲ့ လုံခြုံရေးလိုအပ်ချက်အရ တော်လှန်ရေးအင်အားစုများရဲ့ စစ်ဆေးခြင်းကို ကြည်ဖြူစွာ လက်ခံဆောင်ရွက်ပေးကြဖို့ တနင်္သာရီတိုင်း ပြည့်သူ့ကာကွယ်ရေးအဖွဲ့ က​မေတ္တာရပ်ခံထားပါတယ်။