Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဧပြီ ၂၉ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က တိုက်လေယာဥ်များနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်ဘေးရှောင်ပြည်သူအချို့ ထိခိုက်မှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်များက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းကနေ နေ့ခင်းပိုင်းအထိ တိုက်လေယာဥ်များနဲ့ လေးကြိမ် ထက်မနည်း ဗုံးကြဲခြင်းများအပါအဝင် စက်သေနတ်များနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အခုလို ဒေသခံပြည်သူများအပေါ် တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က ရည်ရွယ်ချက် ရှိရှိကျူးလွန်ခြင်းဖြစ်ပြီး မနေ့ကတည်းက ကင်းထောက်လေယာဥ်နဲ့ ထောက်လှမ်းခဲ့တယ်လို့ သိရပါတယ်။

(စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက် နေသည့် ဒီးမော့ဆို အနောက်ဘက်ခြမ်းနေရာ အားတွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက် နေသည့် ဒီးမော့ဆို အနောက်ဘက်ခြမ်းနေရာ အားတွေ့ရစဥ်။ ဓာတ်ပုံ – CJ)

▪️ဗဟန်းမှာ အငြိမ်းစားဗိုလ်မှူးတစ်ဦး ပစ်သတ်ခံရ

ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်​ရဲ့ အငြိမ်းစားဗိုလ်မှူးတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရလိို့ သေဆုံးသွားတယ်လို့ ရပ်ကွက်နေပြည်သူများက ပြောပါတယ်။ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ငမောက်လမ်းနဲ့ မဟူရာလမ်းထောင့်မှာ ဗိုလ်မှူးဟောင်းရဲမင်းသန်း မောင်းနှင်လာတဲ့ ကားကို အမည်မသိ လူနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ ရင်ဘတ်ကျည်ထိမှန်လို့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ဗိုလ်မှူးဟောင်းရဲမင်းသန်းကို ဘယ်အဖွဲ့အစည်းက ပစ်ခတ်သွားတယ်ဆိုတာ လတ်တလောထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

(ယာဉ်အား ပစ်ခတ်ခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ယာဉ်အား ပစ်ခတ်ခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

▪️ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု စစ်ကောင်စီ သတင်းပေး​လေးဦးကို NUG ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီ သတင်းပေး တရားခံများကို ဖမ်းဆီးထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထဲရေးက ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီသတင်းပေးများဖြစ်တဲ့ အသက် ၅၃ နှစ်အရွယ် သိန်းရွှေ၊ အသက် ၆၁ နှစ်အရွယ် ဦးချို၊ အသက် ၃၆ နှစ်အရွယ် ဖော်မင်း၊ အသက် ၃၀ အရွယ် ယဉ်ယဉ်ဝင်းတို့ကို ဖမ်းဆီးရမိထားပြီး သူတို့ကို စစ်ဆေးချက်အရ ပျူခေါင်းဆောင် ဥူးဝါသ၀နဲ့ စစ်ကောင်စီ သတင်းပေး ဒေါ်နွဲ့ယဉ်တို့လည်း သတင်းပေးမှာ ပါဝင်တယ်လို့ ဆိုပါတယ်။ ဖမ်းမိထားသူလေးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ်ထားတယ်လို့ ဖော်ပြပါတယ်။

▪️စစ်ကောင်စီလုပ်ရပ်များကို အရေးယူဖို့ နိုင်ငံတကာ မသိကျိုးကျွန်ပြုနေဆဲဟု NUG ကျန်းမာရေး ထုတ်ပြန်

စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်များ၊ ဥပဒေချိုးဖောက်မှုများအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အမြန်ဆုံးတားဆီးအရေးယူဖို့ အကြိမ်ကြိမ်အသိပေးတိုက်တွန်းခဲ့ပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တုံ့ပြန်ဆောင်ရွက်ချက်များမှာ နှေးကွေးကာ မသိကျိုးကျွန်ပြုနေကြဆဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံ/ဆေးခန်းများအပါအဝင် ကျန်းမာရေးကဏ္ဍအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုများမှာ တနေ့တခြား ပိုမိုဆိုးရွားလာနေခြင်းကို အသိပေးထုတ်ပြန်ရာမှာ ဖော်ပြပါတယ်။ အရပ်သားပြည်သူများကို ကုသပေးနေတဲ့ ဆေးရုံ၊ဆေးခန်းများအပေါ် စစ်ကောင်စီက လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုများကို ဧပြီလအတွင်း အရှိန်တိုးမြှင့်ကျူးလွန်နေတယ်လို့ NUG က ပြောပါတယ်။

(စစ်ကောင်စီက ကျန်းမာရေးနှင့်ပတ်သက်သည့် အဆောက်အဦးများအား ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - MoH.NUG)
(စစ်ကောင်စီက ကျန်းမာရေးနှင့်ပတ်သက်သည့် အဆောက်အဦးများအား ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – MoH.NUG)

▪️စစ်ကောင်စီကို ပိတ်ဆို့အရေးယူဖို့ ဂျပန်အစိုးရကို ကုလအစီရင်ခံစာတင်သွင်းသူ တိုက်တွန်း

ဂျပန်အစိုးရဟာ ယူကရိန်းကျူးကျော်စစ်နဲ့ပတ်သက်လို့ ရုရှားကို ဒဏ်ခတ်အရေးယူသလို မြန်မာစစ်ကောင်စီကို ပိတ်ဆို့အရေးယူသင့်တယ်လို့ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က တိုက်တွန်းပါတယ်။ မြန်မာစစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ ဖိနှိပ်မှုများကိုလည်း အဲဒီအထူးအစီရင်ခံစာတင်သွင်းသူက ပြင်းထန်စွာဝေဖန်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝန်းဟာ မြန်မာပြည်သူများအပေါ် တာဝန်ပျက်ကွက်နေဆဲဖြစ်တယ်လို့ Tom Andrews က ပြောပါတယ်။

▪️စီးပွားရေးလုပ်ငန်းအများစု ဘဏ်စနစ်ကိုမသုံးတော့ဟု ကမ္ဘာ့ဘဏ်ဆို

၂၀၂၂ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်း သုံးပုံနှစ်ပုံခန့်မှာ ဘဏ်လုပ်ငန်းကို အသုံးမပြုတော့ကြောင်းနဲ့ ကျပ်ငွေတန်ဖိုးမှာလည်း သုံးပုံတစ်ပုံကျဆင်းခဲ့​ကြောင်း ကမ္ဘာ့ဘဏ်က အခုလထုတ်ပြန်တဲ့ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ဘဏ်က ပြည်တွင်းစီးပွားရေးလုပ်ငန်း ၅၀၀ ခန့်ကို ရန်ကုန်၊ မန္တလေး၊ ချင်း၊ နိုင်ငံအလယ်ပိုင်းခြောက်သွေ့ဇုန်၊ မြစ်ဝကျွန်းပေါ်၊ ကမ်းရိုးတန်းနဲ့ တောင်တန်းဒေသဇုန် ငါးခုခွဲကာ စစ်တမ်းကောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများဟာ ဘဏ်စနစ်ကိုယုံကြည်မှုနည်းပါးဆဲပြီး ဘဏ်ကိုငွေလွှဲလုပ်ငန်းများအတွက်သာ အဓိကအသုံးပြုခဲ့တယ်လို့ ဖော်ပြပါတယ်။

(စစ်တပ်အာဏာသိမ်းလိုက်သဖြင့် CDM မလုပ်ဘဲစစ်​ကောင်စီလက်​အောက်ဖွင့်​သောဘဏ်များကို ပြည်သူများက သပိတ်​မှောသည့်အ​နေဖြသ့်ဘဏ်တွင်​အပ်ထား​သော​ငွေများပြန်ထုတ်ကြရာမှ ဘဏ်များအကျပ်အတည်းဆိုက်ခဲ့ပြီး​ ​ စစ်​ကောင်စီကငွေသားထုတ်​ပေးမှုကိုကန့်သတ်ခဲ့သည်။ထို့သို့ကန့်သတ်သဖြင့်ဘဏ်များအ​ပေါ် ပြည်သူများမယုံကြည်​မှုတိုးလာပြီး ဘဏ်တွင်အပ်ထား​သောမိမိတို့၏ငွေများကို အလုအယက်ပြန်ထုတ်ယူရန် ၂၀၂၁ ​မေလက ကြိုးစား​နေကြစဥ်။ဓါတ်ပုံ-The New York Times)
(စစ်တပ်အာဏာသိမ်းလိုက်သဖြင့် CDM မလုပ်ဘဲစစ်​ကောင်စီလက်​အောက်ဖွင့်​သောဘဏ်များကို ပြည်သူများက သပိတ်​မှောသည့်အ​နေဖြသ့်ဘဏ်တွင်​အပ်ထား​သော​ငွေများပြန်ထုတ်ကြရာမှ ဘဏ်များအကျပ်အတည်းဆိုက်ခဲ့ပြီး​ ​ စစ်​ကောင်စီကငွေသားထုတ်​ပေးမှုကိုကန့်သတ်ခဲ့သည်။ထို့သို့ကန့်သတ်သဖြင့်ဘဏ်များအ​ပေါ် ပြည်သူများမယုံကြည်​မှုတိုးလာပြီး ဘဏ်တွင်အပ်ထား​သောမိမိတို့၏ငွေများကို အလုအယက်ပြန်ထုတ်ယူရန် ၂၀၂၁ ​မေလက ကြိုးစား​နေကြစဥ်။ဓါတ်ပုံ-The New York Times)

▪️မန္တလေးမှာ ဟိုတယ်ခန်းများပြည့်သည်အထိ အပူရှောင်နေရ၊ ရေအခက်အခဲပါ ကြုံတွေ့နေ

မန္တလေးမြို့မှာ အပူရှောင်သူများကြောင့် ဟိုတယ်များအခန်းပြည့်နေပြီး မြို့ခံများ ရေအခက်အခဲပါ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ မန္တလေးမြို့မှာ ရာသီဥတုပူပြင်းနေချိန် အာဏာသိမ်းစစ်ကောင်စီရဲ့ လျှပ်စစ်ပေးဝေမှု အဆမတန်လျော့နည်းနေလို့ ငွေကြေးတတ်နိုင်သူများက ၂၄ နာရီမီးစက်နှိုးပေးတဲ့ ဟိုတယ်များမှာ အပူရှောင်နေရတာကြောင့် အခန်းများလူပြည့်နေတယ်လို့ မြို့ခံများက ပြောပါတယ်။ လျှပ်စစ်မီးမရလို့ ရေအခက်အခဲများလည်း ကြုံတွေ့နေရတယ်လို့ မြို့ခံများက ပြောပါတယ်။

▪️စစ်ကောင်စီတပ် စခန်းများဆီပို့မယ့် ဆီဘောက်ဆာယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကောင်စီတပ်စခန်းများဆီ စက်သုံးဆီလာပိုတဲ့ ဆီဘောက်ဆာယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ယာဉ်တစ်စီးပျက်စီးသွားတယ်လို့ ဂဠုန် PDFတပ်ဖွဲ့(နတ်မောက်)အဖွဲ့မှ ဗိုလ်အောင်ဒင်က ပြောပါတယ်။ မနေ့ မနက်ပိုင်းက နတ်မောက်မြို့နယ်၊ ရွာမွန်ကျေးရွာမှ ထွက်လာတဲ့ စစ်ကောင်စီရဲ့ ဆီဘောက်ဆာယာဉ်အစီး ၃၀ ပါယာဥ်တန်းကို ရွာတော်စံပြကျေးရွာ ဆီဆိုင်အကျော်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ်တစ်စီးပျက်စီးခဲ့တာလို့ သိရပါတယ်။ တိုက်ခိုက်မှုအပြီးတွင် ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး ပြည်သူများအနေနဲ့ စစ်ကောင်စီယာဉ်တန်းများနဲ့ နီးကပ်စွာသွားလာခြင်းမပြုဖို့ ဂဠုန် PDFက မေတ္တာရပ်ခံထားပါတယ်။