Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (မေလ ၄ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️လူအင်အားအရ စစ်ကောင်စီထက် သာလွန်အင်အားရှိနေပြီလို့ NUG ပြော

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းများနဲ့ မြို့နယ်အသီးသီးရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များကို စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားရာ လူအင်အားအရ ရန်သူ့ထက် သာလွန်အင်အားဖြစ်အောင် ၂ နှစ်အတွင်း စုဖွဲ့တည်ဆောက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ပါတယ်။ တစ်နိုင်ငံလုံးမှာ PDF တပ်ရင်းနဲ့ စစ်ကြောင်း စုစုပေါင်း ၃၀၀ကျော်၊ ရပ်ရွာ အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များကို မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။ နောက်ဆုံးအဆင့်ဖြစ်တဲ့ စစ်မဟာဗျူဟာအရ တန်ပြန်ထိုးစစ်ကာလသို့ ဆက်လက်တက်လှမ်းနိုင်ရေးအတွက် မဟာဗျူဟာမြောက် စစ်လက်နက်ပစ္စည်းများ ရှာဖွေတပ်ဆင်မှုကို အားစိုက် ဆောင်ရွက်နေတယ်လို့ အသိပေးပါတယ်။

(စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသည့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY- PDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MDY- PDF)
(စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသည့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY- PDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – MDY- PDF)

▪️ကရင်နီမှာ စစ်ကောင်စီတပ် လူထုကိုပစ်မှတ်ထား ပိုမိုတိုက်ခိုက်လာဟု KNDF ​ပြော

ကရင်နီပြည်နယ်မြေပြင်တိုက်ပွဲများမှာ ​သေဆုံးထိခိုက်မှုများပြီး အထိနာ​နေ​တဲဲ့စစ်ကောင်စီတပ်ဟာ လူထုအပေါ်ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက ပြောပါတယ်။ မတ်လဆန်းပိုင်းကစလို့ ကရင်နီပြည်နယ် ဒေသတွင်းသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်ပေါင်းစုက ခုခံတိုက်ခိုက်နေပြီး တိုက်ပွဲအများစုမှာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများပြားနေတာကြောင့် လက်နက်ကြီးများအပါအဝင် လေကြောင်းမှပစ်ခတ်မှုများအဆမတန် နေ့စဥ်ပြုလုပ်လာတယ်လို့ ဆိိုပါတယ်။

(ကရင်နီပြည်နယ်တွင်စစ်​ကောင်စီတပ်ကစစ်​ဘေး​​ရှောင်စခန်းများ၊လူ​နေအိမ်များ၊ဘာသာ​ရေးအ​ဆောက်အအုံများကို ​လေ​ကြောင်း ၊လက်နက်ကြီးများဖြင့် ယခုလပိုင်းအတွင်းပစ်ခတ်တိုက်ခိုက်ပျက်စီး​နေမှုများကို​တွေ့ရစဥ်။ ဓါတ်ပုံ-KNDF)
(ကရင်နီပြည်နယ်တွင်စစ်​ကောင်စီတပ်ကစစ်​ဘေး​​ရှောင်စခန်းများ၊လူ​နေအိမ်များ၊ဘာသာ​ရေးအ​ဆောက်အအုံများကို ​လေ​ကြောင်း ၊လက်နက်ကြီးများဖြင့် ယခုလပိုင်းအတွင်းပစ်ခတ်တိုက်ခိုက်ပျက်စီး​နေမှုများကို​တွေ့ရစဥ်။ ဓါတ်ပုံ-KNDF)

▪️ပြည်ကြီးမဏ္ဍိုင်မြို့ စရဖရုံးကို PDF စီးနင်းတိုက်ခိုက်

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စစ်ကောင်စီ​ရဲ့ စစ်ဘက်ရေးရာထောက်လှမ်းရေးရုံး(စရဖ)ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး အဲဒီ ရုံးသို့ရောက်ရှိနေတဲ့ စစ်ကောင်စီသတင်းပေးတစ်ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်၊ အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ ပြည်ကြီးမဏ္ဍိုင်မြို့ စရဖရုံးကို ကော့သောင်းခရိုင်၊ အမှတ်(၁)တပ်ရင်းနဲ့ Flying Star(ဘုတ်ပြင်းပကဖ)ပူးပေါင်းအဖွဲ့က မေလ ၂ ရက် မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ စရဖရုံးအတွင်းရှိနေတဲ့ ပြည်သူ့စစ်အဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီသတင်းပေး ကြွယ်သန်းဆိုသူ သေဆုံးခဲ့တယ်လို့ အသိပေးပါတယ်။

▪️KNU ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေကို ကာကွယ်ရေးဌာန တာဝန်ခံအဖြစ် ခန့်အပ်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုဥက္ကဋ္ဌသစ် ပဒိုစောဆဲဂေကို အဖွဲ့ရဲ့ကာကွယ်ရေးဌာန တာဝန်ခံအဖြစ် ခန့်အပ်လိုက်တယ်လို့ KNU သတင်းရင်းမြစ်က အတည်ပြုပါတယ်။ KNUရဲ့ (၁၇)ကြိမ်မြောက် ကွန်ဂရက်က ဗဟိုကော်မတီဝင် ၄၅ ဦး ရွေးချယ်ပြီးနောက် ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးချုပ်၊ တွဲဖက်အတွင်းရေးမှူး(၁)နဲ့ (၂)၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များကို ရွေးကောက်တင်မြောက်ပြီးနောက် အဖွဲ့ရဲ့ ဌာနဆိုင်ရာ တာဝန်ခံများခန့်အပ်ခြင်း လုပ်ဆောင်ခဲ့ရာ ဒီနေ့မှာ စစ်ဘက်ကဏ္ဍနဲ့ပတ်သက်တဲ့ ကာကွယ်ရေးဌာန တာဝန်ခံကို ဒုဥက္ကဋ္ဌကို တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ပဒိုစောဆဲဂေဟာ KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ဥက္ကဋ္ဌ တာဝန်ယူခဲ့သူဖြစ်ပါတယ်။

(KNU​၏ ကာကွယ်ရေးတာဝန်ခံ ပဒိုစောဆဲဂေအား တွေ့ရစဉ်။ ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ)
(KNU​၏ ကာကွယ်ရေးတာဝန်ခံ ပဒိုစောဆဲဂေအား တွေ့ရစဉ်။ ဓာတ်ပုံ – ကရင်အမျိုးသားမီဒီယာ)

▪️ဖားကန့်မှာ KIA တပ်ရင်း(၆)နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၆)နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဖားကန့်ကုန်းပေါ်ကနေ တပ်ရင်း ၆ ဘက်ရော၊ အရပ်သားပြည်သူတွေရဲ့ အိမ်တွေဘက်ကိုရော လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။ မနေ့ မနက်ပိုင်းမှ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေကို မသိရသေးပါဘူး။

▪️ပေါင်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင်ရဲ့နေအိမ်ကို Mon-SOF ဝင်ရောက်တိုက်ခိုက်

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များစုဝေးနေတဲ့ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင်​ရဲ့ နေအိမ်တစ်အိမ်ကို MON – S.O.F ရဲဘော်များက ၀င်ရောင်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F မှ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ မေလ ၁ ရက် မနက်ပိုင်းက ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ ပြည်သူ့စစ်ခေါင်းဆောင် ဖိုးချစ်ဆိုသူနဲ့ အဖွဲ့ဝင်များ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဖိုးချစ်ရဲ့နေအိမ်ကို ဆက်လက်ရှာဖွေရာ M16 အမျိုးအစား သေနတ် တစ်လက်၊ M1 အမျိုးအစားရိုင်ဖယ် တစ်လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၂၀၀ တောင့်၊ ဖုန်း နှစ်လုံး သိမ်းဆည်းရမိခဲ့တယ်လို့ S.O.F က အသိပေးပါတယ်။

ပေါင်မြို့နယ်မှ ပြည်သူ့စစ်ခေါင်းဆောင်၏နေအိမ် Mon-SOF ဝင်ရောက်တိုက်ခိုက်
ပေါင်မြို့နယ်မှ ပြည်သူ့စစ်ခေါင်းဆောင်၏နေအိမ် Mon-SOF ဝင်ရောက်တိုက်ခိုက်

▪️ဟုမ္မလင်းနယ်ရှိ စစ်ကောင်စီစခန်းနှစ်ခုကို KIA/PDF သိမ်းပိုက်ဟု ဒေသခံပြော

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ရှိ စစ်ကောင်စီနဲ့ ရှမ်းနီတပ်(SNA)ပူးပေါင်းစခန်းနှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းတပ်က ဒီနေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ နောင်ပိုအောင် နောက်ကြော တောင်ဦးနဲ့ တောင်ဘို့လှ စခန်းတို့ကို သိမ်းပိိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိတယ်လိို့ ဒေသခံက ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း KIA/PDF ပူးပေါင်းတပ်ဘက်က ထိခိုက်မှုမရှိဘဲ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများတယ်လို့ သိရပါတယ်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ဟုမ္မလင်း PDF မှ ရဲဘော်များအား တွေ့ရစဉ်။ ဟုမ္မလင်း PDF)
(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ဟုမ္မလင်း PDF မှ ရဲဘော်များအား တွေ့ရစဉ်။ ဟုမ္မလင်း PDF)

▪️မုံရွာ – မန္တလေးလမ်းပိုင်း စစ်ကားသုံးစီး နှစ်ကြိမ်မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ညအချိန် ဖြတ်သန်းလာတဲ့ စစ်ကောင်စီတပ်ရဲ့ယာဉ်သုံးစီးကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်မှုများရှိတယ်လို့ Dog Killers People’s Defence Force Myinmu အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းမှာ စစ်ကိုင်းဘက်မှ မုံရွာမြို့ဘက်သို့ဦးတည်ထွက်ခွာလာတဲ့ အင်အား ၉၀ ခန့်ပါ စစ်ကားသုံးစီးကို ဝမ်းပြည့်ကျေးရွာနဲ့ အလ္လကပ္ပကျေးရွာကြားမှာ နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ပထမတစ်ကြိမ် မိုင်းဆွဲရာ ပထမတစ်စီးကို ထိမှန်ခဲ့ပြီး ဒုတိယအကြိမ်မိုင်းဆွဲမှုမှာ သုံးစီးမြောက်ယာဉ်ကို မိုင်းထိမှန်ခဲ့တယ်လို့ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။

စစ်ကားအား မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ-DKPDF-MMU
စစ်ကားအား မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ-DKPDF-MMU