Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ ယူ-၂၂ ဘောလုံးအသင်း ဆီးဂိမ်းပြိုင်ပွဲတွင် ဂိုးပြတ်ရှုံးနိမ့်

မြန်မာအသင်း အနေဖြင့် ဆီးဂိမ်းပြိုင်ပွဲ အုပ်စုလက်ကျန်ပွဲစဥ်များအဖြစ် အိမ်ရှင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်အသင်းတို့နှင့် ဆက်လက်ယှဥ်ပြိုင်ရမည် ဖြစ်သည်။

ဓာတ်ပုံ - MFF
ဓာတ်ပုံ - MFF

စစ်ကောင်စီ၏ မြန်မာ ယူ-၂၂ ဘောလုံးအသင်းသည် ယနေ့ (မေလ ၄) ညနေပိုင်းက အရှေ့တောင်အာရှဆီးဂိမ်းပြိုင်ပွဲအဖြစ် အင်ဒိုနီးရှားအသင်းနှင့် ယှဥ်ပြိုင်ရာ ၅ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။

ယင်းပွဲတွင် မြန်မာ ယူ-၂၂ အသင်းကို ဂျာမနီလူမျိုး နည်းပြသစ် မိုက်ကယ် ဖိုက်တန်ဘန်နာက ဦးဆောင်ခဲ့ပြီး မလေးရှားလိဂ်တွင် ကစားနေသည့် တောင်ပံကစားသမား ဟိန်းထက်အောင် ပါဝင်ခဲ့သည်။

သို့သော် မြန်မာအသင်းအနေဖြင့် အင်ဒိုနီးရှားအသင်းကို ခြေစွမ်းပိုင်း ယှဥ်ကစားနိုင်ခြင်း မရှိဘဲ ပထမပိုင်းတွင် နှစ်ဂိုး ၊ ဒုတိယပိုင်းတွင် သုံးဂိုး ပေးခဲ့ရကာ ပွဲအပြီး၌ ၅ ဂိုးပြတ်ဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည်။

မြန်မာအသင်းသည် ယခုနှစ် ဆီးဂိမ်းပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် တီမောအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ဒုတိယမြောက်ပွဲတွင် အင်ဒိုနီးရှားအသင်းကို ၅ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ရမှတ် ၃မှတ်ဖြင့် အုပ်စုတွင်း တတိယနေရာ၌ ရပ်တည်နေသည်။

မြန်မာအသင်း အနေဖြင့် ဆီးဂိမ်းပြိုင်ပွဲ အုပ်စုလက်ကျန်ပွဲစဥ်များအဖြစ် အိမ်ရှင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်အသင်းတို့နှင့် ဆက်လက်ယှဥ်ပြိုင်ရမည် ဖြစ်သည်။

စစ်တပ်အာဏာသိမ်းခံရပြီးနောက်ပိုင်းတွင် လက်ရွေးစင်ဘောလုံးအသင်း အပါအဝင် သက်တမ်းအလိုက် ဘောလုံးအသင်းတို့သည် နိုင်ငံတကာပြိုင်ပွဲများတွင် ရှုံးပွဲများ ဆက်တိုက်ဆိုသလို ကြုံတွေ့နေရကာ ပရိသတ်များ၏ လှောင်ပြောင်ရှုတ်ချခြင်းကိုလည်း ခံနေရသည်။