Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သံတမန်ယာဉ်တန်းတိုက်ခိုက်မှု PDFလုပ်ဆောင်ခြင်းမဟုတ်

မေလ ၇ရက်တွင် တောင်ကြီးမြို့မှ ဆီဆိုင်သို့ သွားသည့် အင်ဒိုနီးရှားနှင့် စင်္ကာပူနိုင်ငံမှ သံတမန်များ၊ အာဆီယံလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးစင်တာ(AHA)မှတာဝန်ရှိသူများလိုက်ပါလာသည့် ယာဉ်တန်းသည် ဆီဆိုင်မြို့နယ် တစ်နေရာ၌ တိုက်ခိုက်ခံရခြင်းဖြစ်သည်။ယင်းတိုက်ခိုက်မှုကြောင့် သံတမန်များ ထိခိုက်မှုမရှိသော်လည်း ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။

(ယာဉ်တန်းတိုက်ခိုက်ခံရသည့်နေရာပြ မြေပုံ)
(ယာဉ်တန်းတိုက်ခိုက်ခံရသည့်နေရာပြ မြေပုံ)

▪️စစ်ကောင်စီ နှင့် PNO တို့ လက်ချက်ဖြစ်နိုင်ဟု သံသယရှိကြောင်း PNLO ဦးဆောင်နာယက ပြော

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဆက်ဆံရေးရုံးသို့လာသည့် အင်ဒိုနီးရှား၊ စင်္ကာပူ သံတမန်များအပါအဝင် အာဆီယံသံတမန်များ၏ ယာဉ်တန်းတိုက်ခိုက်ခံရသည့် ဖြစ်ရပ်တွင် ခုခံတော်လှန်ရေးအင်အားစုများဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက People’s Spring သို့ ပြောကြားသည်။

မေလ ၇ရက်တွင် တောင်ကြီးမြို့မှ ဆီဆိုင်သို့ သွားသည့် အင်ဒိုနီးရှားနှင့် စင်္ကာပူနိုင်ငံမှ သံတမန်များ၊ အာဆီယံလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးစင်တာ(AHA)မှတာဝန်ရှိသူများလိုက်ပါလာသည့် ယာဉ်တန်းသည် ဆီဆိုင်မြို့နယ် တစ်နေရာ၌ တိုက်ခိုက်ခံရခြင်းဖြစ်သည်။ယင်းတိုက်ခိုက်မှုကြောင့် သံတမန်များ ထိခိုက်မှုမရှိသော်လည်း ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။

“ကျနော်တို့ နယ်မြေမှာရှိနေတဲ့ အဖွဲ့အချင်းချင်း အကြေအလည်ညှိနှိုင်းတာ အားနည်းတဲ့အတွက်ဖြစ်လာတဲ့ နားလည်မှုလွဲမှားတဲ့ ကိစ္စပါ။အပြင်က အင်အားစုတွေကြောင့် ဖြစ်တာမဟုတ်ပါဘူး။ အပြင်က အင်အားစုဆိုတာ ခုခံတော်လှန်နေတဲ့ အင်အားစုတွေပေါ့ဗျာ။ PDFတို့လို Local PDF တို့လို အဲဒီလို မဆိုင်ပါဘူး။ သူတို့ ဝေးပါတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

အဆိုပါဒေသတွင်း၌ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) တို့ရှိပြီး နှစ်ဖက်ညှိနှိုင်းမှု အားနည်း၍ ယခုကဲ့သို့ တိုက်ခိုက်ခံရခြင်းဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

“အကောင်အထည်ဖော်နေတာက PNLO၊ ဒါပေမဲ့ သက်ဆိုင်ရာ PNO ခေါင်းဆောင်တွေနဲ့ အကြေအလည် ညှိနှိုင်းတာ အားနည်းလို့ ဖြစ်သလားပေါ့ သံသယရှိတယ်။ နောက်တစ်ခါ ပြည်နယ် အစိုးရ အကောင်အထည်ဖော်တာဖြစ်တယ် ဒါပေမဲ့ ပြည်နယ်မှာ အခြေခံနေတဲ့ တပ်နဲ့ရော အကြေအလည်ညှိတာရှိရဲ့လားပေါ့။ အဲဒီမှာ ကျနော်က သံသယရှိတယ်။ ဒါကြောင့် အဲဒီလို ပြောရခြင်းဖြစ်တယ်”ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ယာဉ်တန်းကို စစ်ကောင်စီ သို့မဟုတ် PNOက တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ပြောဆိုချက်အပေါ် ရှင်းပြသည်။

ထိုသို့ သံတမန်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ခြင်းကြောင့် ထိခိုက်နစ်နာမှုများကြောင်း ၎င်းကဆိုသည်။

“ဒါက ပအိုဝ်းလူမျိုး အမျိုးသားရေးအနေနဲ့ ကြည့်ရင်တော့ နိုင်ငံတကာ အဖွဲ့အစည်း အာဆီယံအဖွဲ့အစည်းကနေ ကျနော်တို့ နယ်မြေထဲကို ရောက်လာပြီးတော့ ကျနော်တို့ နယ်မြေမှာ ဝန်ထုပ်ဝန်ပိုးတွေဖြစ်နေတဲ့ ဒုက္ခသည်တွေကို လာရောက်ကူညီတဲ့ဟာက ကျနော်တို့ လူမျိုးအတွက် ဂုဏ်ယူရမယ့် ကိစ္စဖြစ်တာကိုး။ သို့သော်လည်းပဲ တမျိုးသားလုံးအမြင်နဲ့မကြည့်ဘဲနဲ့ သူ့အဖွဲ့ ငါ့အဖွဲ့ သူ့နယ်မြေ ငါ့နယ်မြေ ကျဉ်းကျဉ်းမြောင်းမြောင်းလေး ကြည့်ရင်တော့ အနှောက်အယှက်တွေ ပေါ်လာနိုင်တာပေါ့ဗျ။ အဲဒီမှာ ကျနော် စိတ်မကောင်းဖြစ်တာက တစ်မျိုးသားလုံး အမြင်နဲ့ မကြည့်ဘဲနဲ့ ကျဉ်းမြောင်းတဲ့အမြင်နဲ့ အကဲဖြတ်ပြီးတော့ အနှောက်အယှက်ပေးလိုက်တယ်လို့ ယူဆတာပေါ့”ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

ယခုဖြစ်ရပ်နှင့်ပတ်သက်ပြီး အာဆီယံနှင့် AHA စင်တာ တာဝန်ရှိသူများကို တောင်းပန်ရမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ကျနော်တို့ နယ်ထဲမှာ စေတနာကောင်းနဲ့လာတယ်။ ရည်ရွယ်ချက်ကောင်းနဲ့လာတယ်။ သို့သော် အဲဒီလို မတော်တဆဖြစ်တယ်ဆိုတော့ ကျနော်တို့ အားလုံးမှာ စုပေါင်းတာဝန်ရှိတာပေါ့” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ယခုကဲ့သို့ အဟန့်အတားဖြစ်၍ ဒေသတွင်း ဒုက္ခသည်များကို ကူညီရေးကိစ္စများ ရပ်သွားမည်မဟုတ်ကြောင်း၊ နောင်တွင် ယခုကဲ့သို့ မဖြစ်စေရန် နည်းလမ်းရှာရမည်ဖြစ်ကြောင်း ပြောသည်။

“ဒီအမှုကိုလည်း စုံစမ်းစစ်ဆေးသွားပြီးတော့ နောက်နောင်ချောချောမွေ့မွေ့ဖြစ်အောင် စီစဉ်သွားမှာပါ” ဟု PNLO ဦးဆောင်နာယကက ပြောသည်။

အဆိုပါ သံတမန်ယာဉ်တန်းတိုက်ခိုက်မှု လုပ်ရပ်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာနတို့အနေဖြင့် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်လျက် ရှိကြောင်း အသိပေးထားသည်။

ယင်းတိုက်ခိုက်မှုမှာ စစ်တပ် ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ အခြေအနေမှာ ရှုတ်ထွေးလျက်ရှိကြောင်း၊ ဥပဒေရေးရာ၊ အချက်အလက်တို့နှင့် စပ်လျဉ်း၍ ဂရုတစိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ရလာဒ် များကိုလည်း ပွင့်လင်း မြင်သာမှုရှိစွာဖြင့် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း နိုင်ငံကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။