Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မြန်မာ့ အကျပ်အတည်းကို အဓိက ဆွေးနွေးမယ့် အာဆီယံ ထိပ်သီး ညီလာခံ

မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့ဝင် အနေနဲ့ ဆက်လက် ရပ်တည်နေတဲ့တိုင် စစ်ကောင်စီက ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တာကြောင့် အာဆီယံ အစည်းအဝေးတွေမှာ မြန်မာ့ နိုင်ငံရေး ကိုယ်စားလှယ်တွေကို မဖိတ်ကြားဘဲ ချန်လှပ်ဖို့ ဆုံးဖြတ်တာ ခံထားရပါတယ်။

မြန်မာ့ အကျပ်အတည်းကို အဓိက ဆွေးနွေးမယ့် အာဆီယံ ထိပ်သီး ညီလာခံ
မြန်မာ့ အကျပ်အတည်းကို အဓိက ဆွေးနွေးမယ့် အာဆီယံ ထိပ်သီး ညီလာခံ

အခု သီတင်းပတ်ထဲမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ အကျပ်အတည်းကို ကူညီ ဖြေရှင်းရေးဟာ အရေးအကြီးဆုံး အကြောင်းအရာ ဖြစ်လာမယ်လို့ သိရပါတယ်။

အာဆီယံ အစည်းအဝေးနဲ့ ဆက်စပ်နေတဲ့ သံတမန်တွေ၊ သတင်းဌာန တချို့က ရရှိတဲ့ အစည်းအဝေးကြို မူကြမ်း စာရွက်စာတမ်းတွေကို စုပေါင်းဆန်းစစ် လေ့လာကြည့်တဲ့အခါ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အထူးအလေးပေး ချဉ်းကပ် ဆွေးနွေးမှုတွေ ရှိလိမ့်မယ်လို့ ခန့်မှန်းနိုင်ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ စစ်တပ် အာဏာသိမ်းမှုကို ခံရတဲ့နောက်ပိုင်း လုံခြုံရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးစတဲ့ ကဏ္ဍအားလုံးမှာ ဆိုးဆိုးရွားရွား ကျဆင်းသွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မြန်မာ ပါဝင်တဲ့ အရှေ့တောင် အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဟာ အာဏာသိမ်းမှုအပြီး အစောပိုင်း ကာလတွေ ကတည်းက မြန်မာ့အရေးကို ကူညီ ဖြေရှင်းပေးဖို့ အားထုတ်မှုတွေ ရှိခဲ့ပြီး အခြေအနေတွေ ပြန်လည် ငြိမ်းချမ်း တည်ငြိမ်စေဖို့ ဘုံသဘောတူညီချက် ၅ ရပ်ကို ညှိနှိုင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အာဏာသိမ်း စစ်ကောင်စီကတော့ အာဆီယံ အဆိုပြုတဲ့ ဘုံသဘောတူညီချက်တွေကို လုံးဝ အလေးထား အကောင်အထည် ဖော်မှုမျိုး မရှိခဲ့သလို ပြည်သူတွေအပေါ် အကြမ်းဖက် ဆက်ဆံမှုတွေကိုပါ တိုးမြှင့်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ တစ်လလောက်က ပဇီကြီးကျေးရွာမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူတွေ ရာနဲ့ချီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကတော့ အာဆီယံ အသိုက်အဝန်း တစ်ခုလုံးကိုပါ တုန်လှုပ်စေခဲ့ပါတယ်။ မေလ ၉ ရက်ကနေ ၁၁ ရက်ထိ အင်ဒိုနီးရှားနိုင်ငံ၊ ဖလိုရေးစ်ကျွန်းမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး ညီလာခံမှာတော့ အဲဒီ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အဖွဲ့ဝင် နိုင်ငံအားလုံး စုပေါင်း ရှုတ်ချဖို့ ရည်ရွယ်ထားကြောင်း AFP သတင်းဌာနက ကြိုတင် ရရှိခဲ့တဲ့ အစည်းအဝေး မူကြမ်းတွေအရ သိရပါတယ်။

တစ်ဖက်မှာလည်း အာဆီယံ အသိုက်အဝန်းထဲမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲမှုတွေက ထင်ထင်ရှားရှား ရှိနေဆဲပါ။ ရက်စက်ကြမ်းကြုတ်ပြီး အဆင်ခြင်မဲ့လှတဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံတကာရဲ့ ဖယ်ကြဉ်မှုကို ခံနေရတဲ့ စစ်ကောင်စီကို ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့လို အာဆီယံ နိုင်ငံတချို့က စာနာ ဖေးမလိုတဲ့ သဘောထား အရိပ်အယောင်တချို့ ပြသနေပါတယ်။ ဒါပေမဲ့ စင်ကာပူ၊ မလေးရှားစတဲ့ နိုင်ငံတွေကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နာမည်ပျက်နေတဲ့ စစ်ကောင်စီကို ပိုပြီး တင်းမာတဲ့ ချဉ်းကပ်မှုမျိုးနဲ့ ဆက်ဆံလိုဟန် ရှိနေပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့ဝင် အနေနဲ့ ဆက်လက် ရပ်တည်နေတဲ့တိုင် စစ်ကောင်စီက ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တာကြောင့် အာဆီယံ အစည်းအဝေးတွေမှာ မြန်မာ့ နိုင်ငံရေး ကိုယ်စားလှယ်တွေကို မဖိတ်ကြားဘဲ ချန်လှပ်ဖို့ ဆုံးဖြတ်တာ ခံထားရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အင်ဒိုနီးရှား အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ရတ်နို မာဆူဒီက အင်ဒိုနီးရှား အစိုးရဟာ အာဏာသိမ်း စစ်ကောင်စီ၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အပါအဝင် မြန်မာ့နိုင်ငံရေးနဲ့ ဆက်စပ်တဲ့ အဓိက အင်အားစု အားလုံးကို သိုသိုသိပ်သိပ် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း ထုတ်ဖော် ပြောကြားထားပါတယ်။

လာမယ့် အာဆီယံ အစည်းအဝေးမှာ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းဟာ အဓိက အကျဆုံး ဆွေးနွေးမှု အကြောင်းအရာ ဖြစ်လာမှာ ဖြစ်သလို တရုတ်နဲ့ အာဆီယံ နိုင်ငံတချို့ကြားက ရေပိုင်နက် အငြင်းပွားမှုတွေ ဖြစ်ပေါ်နေရာ တောင်တရုတ်ပင်လယ် အရေးကိုလည်း အလေးအနက် နှီးနှော တိုင်ပင်ကြမယ်လို့ ဆိုပါတယ်။ နောက်ပြီး အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက အရှေ့တီမော နိုင်ငံကို အာဆီယံရဲ့ ၁၁ ခုမြောက် အဖွဲ့ဝင် နိုင်ငံသစ်အဖြစ် လက်ခံရေး လမ်းပြမြေပုံ တစ်ရပ်ကို အဆိုပြု တင်သွင်းသွားဖို့ ပြင်ဆင်ထားကြောင်းလည်း သိရပါတယ်။