Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဂျပန်တပ်တွေကြောင့် ကိုလိုနီခေတ် ကိုရီးယား ပြည်သူတွေ ထိခိုက်ခဲ့ရတဲ့အတွက် နာကျင်ခံစားမိကြောင်း ဂျပန်ဝန်ကြီးချုပ်ပြော

ဒေသတွင်းမှာ တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်မှုတွေ မြင့်တက်လာခြင်းကလည်း ဂျပန်နဲ့ တောင်ကိုရီးယားတို့ကြား ဆက်ဆံရေးကောင်းတွေ ပြန်လည် တည်ဆောက်ဖို့ အဓိက တွန်းအားတစ်ရပ် ဖြစ်စေခဲ့ပါတယ်။

ဂျပန်တပ်တွေကြောင့် ကိုလိုနီခေတ် ကိုရီးယား ပြည်သူတွေ ထိခိုက်ခဲ့ရတဲ့အတွက် နာကျင်ခံစားမိကြောင်း ဂျပန်ဝန်ကြီးချုပ်ပြော
ဂျပန်တပ်တွေကြောင့် ကိုလိုနီခေတ် ကိုရီးယား ပြည်သူတွေ ထိခိုက်ခဲ့ရတဲ့အတွက် နာကျင်ခံစားမိကြောင်း ဂျပန်ဝန်ကြီးချုပ်ပြော

ကိုလိုနီခေတ်က ကိုရီးယား ပြည်သူတွေ ကြုံတွေ့ ခံစားခဲ့ရတဲ့ ဒုက္ခတွေအတွက် နာကျင် ခံစားမိကြောင်း ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ကို သွားရောက်ခဲ့တဲ့ အလည်အပတ် ခရီးစဉ်အတွက် မေလ ၇ ရက်မှာ ကီရှီဒါက အခုလို ပြောဆိုခဲ့တာပါ။ တောင်ကိုရီးယားနဲ့ ဂျပန်တို့ဟာ ကမ္ဘာစစ်နှစ်ခုကြား ကာလတွေမှာ ဖြတ်သန်းခဲ့တဲ့ နယ်ချဲ့ကျူးကျော်မှု သမိုင်းကြောင်းတွေကြောင့် ဆက်ဆံရေး တင်းမာမှုတွေ ရှိနေကြပါတယ်။

ကိုရီးယား ကျွန်းဆွယ်ကို ဂျပန်တပ်တွေ တိုက်ခိုက် သိမ်းပိုက်ပြီး အုပ်စိုးထားချိန်က ကိုရီးယား ပြည်သူတွေအပေါ် အဓမ္မ ခိုင်းစေမှုတွေနဲ့ ပတ်သက်လို့ မျက်မှောက်ခေတ်ထိ ပြဿနာတွေ ရှိနေဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် အဲဒီကာလတွေမှာ နစ်နာခဲ့သူတွေကို ဂျပန်က နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံးချုပ်က ချမှတ်ခဲ့တဲ့ အမိန့်ကို ဂျပန်ဖက်က လိုက်နာဖို့ ငြင်းဆန်ခဲ့တဲ့နောက် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း နှစ်ဖက် ပဋိပက္ခတွေက ပိုမို ခေါင်းထောင်လာခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိ ဂျပန် ဝန်ကြီးချုပ် ကီရှီဒါနဲ့ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယိုလ်တို့ လက်ထက်မှာတော့ အမေရိကန်ရဲ့ အရှေ့အာရှ မဟာမိတ် နှစ်နိုင်ငံကြား ဆက်ဆံရေး အကွဲအပြဲတွေကို ပြန်လည် ဖာထေး ပြင်ဆင်ဖို့ ထဲထဲဝင်ဝင် အားထုတ်မှုတွေကို တွေ့မြင်လာရပါတယ်။

ဆိုးလ်မြို့မှာ ယွန်နဲ့ တွေ့ဆုံခဲ့တဲ့နောက် ကီရှီဒါက ကိုလိုနီခေတ်မှာ ကိုရီးယား ပြည်သူတွေ ကြုံတွေ့ခဲ့ရတဲ့ ကြမ်းတမ်း ခက်ထန်တဲ့ ပတ်ဝန်းကျင်မျိုး၊ ဝမ်းနည်းစရာ အတွေ့အကြုံမျိုးတွေကို စာနာ နာကျင်မိပါတယ်လို့ ပြောကြားသွားပါတယ်။ ဒါပေမဲ့ ကီရှီဒါက ဂျပန်တပ်တွေ ကျူးလွန်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဝန်ချ တောင်းပန်သွားတာမျိုးတော့ မရှိခဲ့ပါဘူး။

ဂျပန်ဟာ ၁၉၁၀ ကနေ ၁၉၄၅ ခုနှစ်ထိ ကိုရီးယား ကျွန်းဆွယ်ကို ကျွန်ပြု သိမ်းပိုက်ခဲ့ပြီး ပြည်သူတွေကို အဓမ္မခိုင်းစေတာ၊ အမျိုးသမီးတွေကို လိင်ကျေးကျွန်အဖြစ် ခိုင်းစေတာတွေ ရှိခဲ့ဖူးပါတယ်။

၂၀၁၈ တုန်းက တောင်ကိုရီးယား တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အကြောင်းပြုပြီး နှစ်နိုင်ငံ ထိပ်တိုက် ပဋိပက္ခတွေ အားကောင်းခဲ့ပေမယ့် အခုအခါမှာတော့ တောင်ကိုရီးယား သမ္မတ ယွန်က ဂျပန်ရဲ့ အကူအညီကို မယူဘဲ နစ်နာသူတွေကို လျော်ကြေးပေးဖို့ အစိုးရက စီစဉ်သွားမယ်လို့ ကြေညာခဲ့သလို ဂျပန်ဖက်ကလည်း တောင်ကိုရီးယားနဲ့ ဆက်ဆံရေး ပြန်လည် မြှင့်တင်နိုင်ဖို့ လိုလိုလားလား လမ်းဖွင့်လာခဲ့ပါတယ်။ ကီရှီဒါရဲ့ ဆိုးလ်ခရီးစဉ်ဟာ ဂျပန် ဝန်ကြီးချုပ် တစ်ဦးအနေနဲ့ ၂၀၁၈ နောက်ပိုင်း တောင်ကိုရီးယားကို ပထမဆုံးအကြိမ် ပြန်လည် ရောက်ရှိခဲ့ခြင်းပါ။

ဒေသတွင်းမှာ တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်မှုတွေ မြင့်တက်လာခြင်းကလည်း ဂျပန်နဲ့ တောင်ကိုရီးယားတို့ကြား ဆက်ဆံရေးကောင်းတွေ ပြန်လည် တည်ဆောက်ဖို့ အဓိက တွန်းအားတစ်ရပ် ဖြစ်စေခဲ့ပါတယ်။