Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သံတမန်ယာဉ်တန်းတိုက်ခိုက်သည့်လုပ်ရပ် ကရင်နီ KSCC ပြင်းထန်စွာ ရှုတ်ချ

PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကမူ အဆိုပါ ပစ်ခတ်မှုကို PDF များက လုပ်ဆောင်ခြင်းမဟုတ်ဘဲ စစ်ကောင်စီသို့မဟုတ် ပအိုဝ်းပြည်သူ့စစ် PNOက ဆောင်ရွက်ခြင်းဖြစ်နိုင်သည်ကို သံသယရှိကြောင်း ပြောကြားထားသည်။

ယာဥ်တန်းတိုက်ခိုက်ခံရ​သော​နေရာ
ယာဥ်တန်းတိုက်ခိုက်ခံရ​သော​နေရာ

▪️မြေပြင်အခြေအနေကို အာဆီယံနိုင်ငံများ သိရှိသွားမည်ကိုစိုး၍ ဖုံးကွယ်သည့်လုပ်ရပ်ဟု ဖော်ပြ

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ အကူအညီပေးနိုင်ရေးလာ ရောက်သည့် အင်ဒိုနီးရှား၊ စင်္ကာကူနိုင်ငံတို့မှ သံတမန်များ၊ အာဆီယံလူသားချင်းဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းရေးစင်တာ(AHA) တာဝန်ရှိသူများ လိုက်ပါလာသည့် ယာဉ်တန်းကို တိုက်ခိုက်ခဲ့သည့် လုပ်ရပ်အား အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC)က ယနေ့ ထုတ်ပြန် သည်။

မေလ ၇ရက်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO) ဆက်ဆံရေးရုံးနှင့် ရှမ်းတောင် – ကရင်နီ နယ်စပ်ရှိ စစ်ဘေးရှောင်များ အကူအညီပေးနိုင်ရေး လာရောက်သည့် သံတမန်ယာဉ်တန်းသည် ဆီဆိုင်မြို့နယ် နန်းဩရွာမြောက်ဘက် သရက်ပင်ကြီးအကွေ့တွင် ချောင်းမြောင်းပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

ထိုသို့ ချောင်းမြောင်းပစ်ခတ်သည့် ဖြစ်ရပ်သည် စစ်ဘေးရှောင်များ ကူညီပေးနိုင်ရေးအစီအစဉ် များအား ဖျက်လိုဖျက်ဆီး ပြုလုပ်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံးအတွင်းရှိ မြေပြင် အခြေအနေမှန်အား အာဆီယံနိုင်ငံများမှ သိရှိသွားမည်စိုးသဖြင့် ဖုံးကွယ်သည့် လုပ်ရပ် ပြုလုပ်သည်ဟု မှတ်ယူကြောင်း KSCCက ထုတ်ပြန်ခဲ့သည်။

ယခု ပစ်ခတ်မှုဖြစ်သည့်နေရာသည် စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံ PNO ပြည်သူ့စစ်တပ်အကြားတွင် တည်ရှိကြောင်း၊ ၎င်းပစ်ခတ်မှုတွင် ယာဉ်တန်း၏ နောက်ဆုံး၌ လိုက်ပါလာသည့် ရဲကားများ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက ပစ်ခတ်ကြောင်း တိကျစွာ ကြားသိရခြင်းမရှိကြောင်း KSCC၏ ထုတ်ပြန်ချက်၌ ပါရှိပြီး ထိုသို့ ပစ်ခတ်ခံရမှုအပေါ်များစွာ စိတ်မကောင်းဖြစ်ရသည်ဟု ဖော်ပြသည်။

PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကမူ အဆိုပါ ပစ်ခတ်မှုကို PDF များက လုပ်ဆောင်ခြင်းမဟုတ်ဘဲ စစ်ကောင်စီသို့မဟုတ် ပအိုဝ်းပြည်သူ့စစ် PNOက ဆောင်ရွက်ခြင်းဖြစ်နိုင်သည်ကို သံသယရှိကြောင်း ပြောကြားထားသည်။

“ကျနော်တို့ နယ်မြေမှာရှိနေတဲ့ အဖွဲ့အချင်းချင်း အကြေအလည်ညှိနှိုင်းတာ အားနည်းတဲ့အတွက်ဖြစ်လာတဲ့ နားလည်မှုလွဲမှားတဲ့ ကိစ္စပါ။အပြင်က အင်အားစုတွေကြောင့် ဖြစ်တာမဟုတ်ပါဘူး။ အပြင်က အင်အားစုဆိုတာ ခုခံတော်လှန်နေတဲ့ အင်အားစုတွေပေါ့ဗျာ။ PDFတို့လို Local PDF တို့လို အဲဒီလို မဆိုင်ပါဘူး။ သူတို့ ဝေးပါတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

အဆိုပါဒေသတွင်း၌ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) တို့ရှိပြီး နှစ်ဖက်ညှိနှိုင်းမှု အားနည်း၍ ယခုကဲ့သို့ တိုက်ခိုက်ခံရခြင်းဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

“အကောင်အထည်ဖော်နေတာက PNLO၊ ဒါပေမဲ့ သက်ဆိုင်ရာ PNO ခေါင်းဆောင်တွေနဲ့ အကြေအလည် ညှိနှိုင်းတာ အားနည်းလို့ ဖြစ်သလားပေါ့ သံသယရှိတယ်။ နောက်တစ်ခါ ပြည်နယ် အစိုးရ အကောင်အထည်ဖော်တာဖြစ်တယ် ဒါပေမဲ့ ပြည်နယ်မှာ အခြေခံနေတဲ့ တပ်နဲ့ရော အကြေအလည်ညှိတာရှိရဲ့လားပေါ့။ အဲဒီမှာ ကျနော်က သံသယရှိတယ်။ ဒါကြောင့် အဲဒီလို ပြောရခြင်းဖြစ်တယ်” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ယာဉ်တန်းကို စစ်ကောင်စီ သို့မဟုတ် PNOက တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ပြောဆိုချက်အပေါ် ရှင်းပြသည်။