Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သံတမန်ယာဉ်တန်းတိုက်ခိုက်မှု PNO လုပ်ဆောင်ခြင်းဖြစ်၊ နောက်ကွယ်ကစေခိုင်းမှုရှိဟု PNFC ထုတ်ပြန်

မေလ ၇ရက်က တောင်ကြီးမှ ဆီဆိုင်မြို့သို့ သွားသည့် သံမတန်ယာဉ်တန်း ဆီဆိုင်မြို့နယ်ရှိ PNO တပ်စခန်းနှင့် စစ်ကောင်စီတပ်စခန်းအကြား၌ ပစ်ခတ်ခံရခြင်းဖြစ်သည်။ ယင်းပစ်ခတ်တိုက်ခိုက်မှု ကျူးလွန်သူများကို ပြင်းထန်စွာရှုတ်ချကြောင်း PNFCက ထုတ်ပြန်သည်။

(ပြည်သူ့စစ်အဖွဲ့(PNO) မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - PNO)
(ပြည်သူ့စစ်အဖွဲ့(PNO) မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - PNO)

▪️စစ်ကောင်စီ၏အကြမ်းဖက်မှုများမရပ်ဆိုင်းနိုင်ဘဲ လူသားချင်းစာနာမှုအကူအညီများ ထိရောက်စွာပေးနိုင်မည် မဟုတ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းအမျိုးသားနယ် မြေသို့ လာရောက်သည့် အာဆီယံလူသားချင်းစာနာမှုကူညီညှိနှိုင်းဆောင်ရွက်ရေးဗဟိုဌာန(AHA) သံတမန်ယာဉ်တန်းအား တိုက်ခိုက်မှုကျူးလွန်ခဲ့သူများမှာ ဒေသခံဌာနေအသွင်ပြောင်း ပြည်သူ့စစ်အဖွဲ့(PNO) ဖြစ်သည်ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)က ထုတ်ပြန်သည်။

မေလ ၇ရက်က တောင်ကြီးမှ ဆီဆိုင်မြို့သို့ သွားသည့် သံမတန်ယာဉ်တန်း ဆီဆိုင်မြို့နယ်ရှိ PNO တပ်စခန်းနှင့် စစ်ကောင်စီတပ်စခန်းအကြား၌ ပစ်ခတ်ခံရခြင်းဖြစ်သည်။ ယင်းပစ်ခတ်တိုက်ခိုက်မှု ကျူးလွန်သူများကို ပြင်းထန်စွာရှုတ်ချကြောင်း PNFCက ထုတ်ပြန်သည်။

အဖြစ်အပျက်ကို မြင်တွေ့ခဲ့ရသော ဒေသခံ ပအိုဝ်းပြည်သူများ၏ ပြောဆိုချက်အရ ဒေသခံ ဌာနေအသွင်ပြောင်း ပြည်သူ့စစ်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့လုပ်ဆောင်ရာ၌ နောက်ကွယ်ကစေခိုင်းသည့် အခြေအနေ ရှိကြောင်း တွေ့ရသည်ဟု PNFC၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

PNO ပြည်သူ့စစ်တပ်က သံတမန်ယာဉ်တန်းအား တိုက်ခိုက်မှု၊ နောက်ကွယ်ကစေခိုင်းမှု အခြေအနေနှင့်ပတ်သက်ပြီးPeople’s Springက မေးမြန်းရန် PNFC တာဝန်ရှိသူ အချို့ထံ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာကလည်း ၎င်းတို့ တပ်ဖွဲ့က စီစဉ်သည့် အဆိုပါ သံတမန်များ၏ ခရီးစဉ်ကိုတိုက်ခိုက်သူများမှာ PNO နှင့် စစ်ကောင်စီတပ်တို့ ဖြစ်သည်ဟု သံသယရှိကြောင်း People’s Spring သို့ပြောကြားထားသည်။

“ပအိုဝ်းဒေသသို့ လာရောက်ကူညီသည့် သံတမန်ယာဉ်တန်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်ကိုကြည့်ခြင်းအားဖြင့် အကြမ်းဖက် စစ်ကောင်စီသည် အကူညီလိုအပ်နေသော ပြည်သူအားလုံးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်ပံ့များပေးရန် ဆန္ဒမရှိကြောင်းနှင့်ဖော်ဆောင်နိုင်သည့် အခြေနေစွမ်းပကားလည်းမရှိကြောင်း တွေ့ရှိရပါသည်။စစ်ကောင်စီ၏အကြမ်းဖက် မှုများ ကိုမရပ်ဆိုင်းနိုင်ဘဲ လူသားချင်းစာနာမှုအကူညီများကို ထိထိရောက်ရောက်ပေးနိုင်မည် မဟုတ်ပါ” ဟု PNFCက ထုတ်ပြန်သည်။

ပြည်သူတစ်ရပ်လုံး၏ ဆန္ဒဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးလိုလားသူများအကြား ဘုံသဘောတူညီချက်တစ်ရပ်ကို ရယူဖော်ဆောင် နိုင်မှသာ လူသားချင်းစာနာမှုအကူညီများပေးရေးအပါအဝင် အဓိပ္ပာယ်ရှိသော ဒေသ တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း ဖော်ပြခဲ့သည်။

ယခု သံတမန်ယာဉ်တန်း တိုက်ခိုက်ခံရမှုဖြစ်ရပ် အပေါ် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံးက တာဝန်ရှိသူများအပါအဝင် နိုင်ငံတကာ အစိုးရများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ စုံစမ်းစစ်ဆေးအရေးယူပေးရန်လည်း PNFCက တောင်းဆိုထားသည်။