Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဇွန်လ ၁၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️မယ်စဲ့မြို့နယ်ရှိ ရဲစခန်းနဲ့ စစ်ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းတပ် သိမ်းပိုက်

ကရင်နီပြည်နယ် မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုနဲ့ ရဲစခန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်က ဒီနေ့မနက်မှာ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်နီစစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းကြောင်းကြေညာအပြီး နောက်တစ်ရက်မှာ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ပူးပေါင်းတပ်က စစ်ကောင်စီစခန်းများကို တိုက်ခိုက်သိမ်းယူခဲ့တာလည်း ဖြစ်ပါတယ်။ တောင်လှတပ်စခန်းနဲ့ မယ်စဲ့ရဲစခန်း သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်အခြေအနေကိုတော့ မသိရသေးပါဘူး။

(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှ ရဲဘော်များအား ‌ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှ ရဲဘော်များအား ‌ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ – KNDF)

▪️နေပြည်တော်စစ်ဆေးရေးဂိတ်နဲ့ လယ်ဝေးရဲစခန်းအဝင်ဂိတ်တို့ကို ဗုံးပစ်တိုက်ခိုက်

နေပြည်တော် လယ်ဝေးမြို့မရဲစခန်းအဝင်ဂိတ်နဲ့ MICC – 2အနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုများဘက်မှ ခိုင်လုံတဲ့သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ မနေ့ ညနေပိုင်းက လယ်ဝေးမြို့မရဲစခန်း ဂိတ်အတွင်းသို့ လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ပြီး နှစ်ဦးသေဆုံးကာ သုံးဦးဆေးရုံရောက်သွားတယ်လို့ ဆိုပါတယ်။ အလားတူ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် MICC – 2 ခန်းမအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကိုလည်း လက်ပစ်ဗုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

▪️လဲချားရှိ SSPP တပ်နေရာ ၁၀ ခု ဆုတ်ပေးဖို့ စစ်ကောင်စီဘက်က တောင်းဆိုလာလို့ စစ်ရေးတင်းမာနေ

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင် လဲခြားမြို့နယ်ရှိရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) ယာယီတပ်စခန်း ၁၀ ခုကို ဆုတ်ခွာပေးဖို့ စစ်ကောင်စီတပ်က ဒီလအတွင်း သတိပေး အကြောင်းကြားစာ နှစ်ကြိမ်ပေးပို့လာတယ်လို့ SSPP/SSA က ထုတ်ပြန်ပါတယ်။ လဲချားမြို့နယ်အတွင်း လဲချား-ပန်လုံလမ်းမကြီးရဲ့ တောင်ဘက်အရပ်ရှိ SSPP/SSA ယာယီစခန်း ၁၀ ခုကို ဆုတ်ပေးဖို့ စစ်ကောင်စီဘက်က ဇွန်လ ၉ နဲ့ ၁၁ ရက်တွေမှာ အကြောင်းကြားလာတာဖြစ်ပြီး SSPP ဘက်က လက်မခံတာကြောင့် စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်က အဲဒီဒေသအတွင်း စစ်အင်အားရာနှင့်ချီ ဖြည့်ထားတယ်လို့လည်း SSPP က ဆိုပါတယ်။ စစ်ကောင်စီဘက်က စပစ်ရင် SSPP ဘက်ကလည်း ခံစစ်အနေနဲ့ အသင့်ပြင်ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။

(SSPP/SSA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-SSPP)
(SSPP/SSA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-SSPP)

▪️ထိုင်း-မြန်မာနယ်စပ် စစ်ကောင်စီစခန်းသို့ ခဲယမ်းရိက္ခာပို့မယ့်စစ်ကြောင်း တိုက်ခိုက်ခံရ

ထိုင်း-မြန်မာနယ်စပ် အနီးရှိ အာဏာသိမ်းစစ်တပ်ရဲ့ ကွီလုံတိုင်စခန်းသို့ ရိက္ခာနဲ့ခဲယမ်းပို့ဆောင်မယ့် စစ်ကြောင်းကို ကရင့်ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ရိက္ခာနဲ့ခဲယမ်းပို့ဆောင်မယ့် စစ်ကြောင်းကို ဇွန်လ ၃ ရက် မနက်ပိုင်းက KNU နဲ့ အထူးစစ်ဆင်ရေးအဖွဲ့ (S.O.F)တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ S.O.F က ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲဟာ တစ်နေ့ကုန် နီးပါးဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က အထိနာပြီး ပြန်ဆုတ်သွားတယ်လို့ S.O.F က ဆိုထားပါတယ်။

ထိုင်း − မြန်မာနယ်စပ်အနီးကစစ်ကောင်စီစခန်းဆီ ခဲယမ်းရိက္ခာပို့မယ့်စစ်ကြောင်း တိုက်ခိုက်ခံရ
ထိုင်း − မြန်မာနယ်စပ်အနီးကစစ်ကောင်စီစခန်းဆီ ခဲယမ်းရိက္ခာပို့မယ့်စစ်ကြောင်း တိုက်ခိုက်ခံရ

▪️တာမွေမြို့နယ်လျှပ်စစ်ရုံးကို မြို့ပြပြောက်ကျားများ ဗုံးနှစ်ကြိမ်ဖောက်ခွဲ

ရန်ကုန်မြို့ တာမွေမြို့နယ် တာမွေကြီး (ခ)ရပ်ကွက်ရှိ လျှပ်စစ်မန်နေဂျာရုံးကို မြို့ပြပြောက်ကျားတပ်ဖွဲ့များ ပူးပေါင်းကာ မနေ့ညပိုင်းက ဗုံးနှစ်ကြိမ်တိုင် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုကို Freeland Attack Force (FLA) နဲ့ Anonymous Fighters Force (AFF) တို့မှ ဦးဆောင်ပြီး ပူးပေါင်း မဟာမိတ်အဖွဲ့ Emerald Girls Army (EGA) တို့က လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်ဆီးမှု အခြေအနေကို အတိအကျ မသိရသေးပေမယ့် မစ်ရှင်လုပ်ဆောင်ခဲ့တဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် အဖွဲ့သားများအားလုံး အန္တရာယ်ကင်းရှင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ FLA အဖွဲ့က အသိပေးပါတယ်။

(မြို့ပြပြောက်ကျားတပ်ဖွဲ့များက ဗုံးဖြင့် ပစ်ခတ်တိုက်ခတ်ခဲ့သည့် တာမွေမြို့နယ်လျှပ်စစ်ရုံးအား တွေ့ရစဥ် (ပုံအဟောင်း အသုံးပြုထားသည်)
(မြို့ပြပြောက်ကျားတပ်ဖွဲ့များက ဗုံးဖြင့် ပစ်ခတ်တိုက်ခတ်ခဲ့သည့် တာမွေမြို့နယ်လျှပ်စစ်ရုံးအား တွေ့ရစဥ် (ပုံအဟောင်း အသုံးပြုထားသည်)

▪️ဖမ်းဆီးခံရတဲ့ ရဲဘော်နှစ်ဦးကို စစ်ကောင်စီလက်ထဲကနေ PDFများကယ်တင်

နယ်မြေကွင်းဆင်းရင်း ဖမ်းဆီးခံလိုက်ရတဲ့ ရဲဘော်နှစ်ဦးကို လမ်းပြခိုင်းကာ ရိုးမထဲစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို လမ်းမှစောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ကာ ရဲဘော်နှစ်ဦးကို ကယ်ထုတ်ခဲ့တယ်လို့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဇွန်လ ၁၁ ရက် အုတ်ဖိုမြို့နယ် ဝိုင်းရွာရဲစခန်းမှတဆင့် ဂမုန်းဆည် ကန့်နီကျေးရွာဘက်မှ ပဲခူးရိုးမလမ်းဟောင်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လေးဦးထက်မနည်းသေဆုံးကာ ဖမ်းဆီးခံထားရတဲ့ ရဲဘော်နှစ်ဦးကို အန္တရာယ်ကင်းစွာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ တပ်ခွဲ ၅ တာဝန်ရှိသူက ပြောပါတယ်။

(ပဲခူး​ဒေသ PDF တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-Bago RegionPDF)
(ပဲခူး​ဒေသ PDF တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-Bago RegionPDF)

▪️စစ်ကောင်စီနဲ့တွေ့ဆုံခဲ့တဲ့ ဥက္ကဋ္ဌကို ကန့်ကွက်ပြီး အိန္ဒိယနိုင်ငံခြားသတင်းထောက်တွေ အသင်းမှနုတ်ထွက်

မြန်မာစစ်ကောင်စီနဲ့သွားရောက်တွေ့ဆုံခဲ့တဲ့ အိန္ဒိယနိုင်ငံခြားသတင်းထောက်အသင်း ဥက္ကဋ္ဌရဲ့လုပ်ရပ်ကို ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ အဖွဲ့ဝင်သတင်းထောက်တွေ နုတ်ထွက်တာတွေရှိနေတယ်လို့ အိန္ဒိယသတင်းတွေမှာဖော်ပြကြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်က နေပြည်တော်ကိုရောက်နေတဲ့ အိန္ဒိယ၊ နယူးဒေလီမြို့အခြေစိုက် တောင်အာရှ နိုင်ငံခြားသတင်းထောက်များအသင်းဥက္ကဋ္ဌဟာ စစ်ကောင်စီဝန်ကြီးတွေဖြစ်တဲ့ ကိုကိုလှိုင်နဲ့ နိုင်ငံခြားရေးဒုဝန်ကြီး တို့နဲ့တွေ့ဆုံခဲ့တာပါ။ သတင်းသမားတွေကိုယ်စားပြုပြီး မီဒီယာ လွတ်လပ်ခွင့်အတွက် ရပ်တည်ရမယ့်အဖွဲ့ ဥက္ကဋ္ဌ အနေနဲ့ သတင်းမီဒီယာကိုဖိနှိပ်နေတဲ့ မြန်မာ စစ်ကောင်စီနဲ့သွားရောက်တွေ့ဆုံတဲ့ လုပ်ရပ်ကို အိန္ဒိယ နိုင်ငံခြားသတင်းထောက်အဖွဲ့ဝင်တွေက ရှုတ်ချထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့တွေ့ဆုံခဲ့တဲ့ ဥက္ကဋ္ဌကို ကန့်ကွက်ပြီး အိန္ဒိယနိုင်ငံခြားသတင်းထောက်တွေ အသင်းကနေနှုတ်ထွက်
စစ်ကောင်စီနဲ့တွေ့ဆုံခဲ့တဲ့ ဥက္ကဋ္ဌကို ကန့်ကွက်ပြီး အိန္ဒိယနိုင်ငံခြားသတင်းထောက်တွေ အသင်းကနေနှုတ်ထွက်