Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုန်တိုင်းသင့် ပြည်သူတွေဆီ ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်မှုကို စစ်ကောင်စီ ဆိုင်းငံ့ထားပြန်

ကုလသမဂ္ဂကတော့ ပိုပြီး အရှည်တည်တံ့နိုင်မယ့် ထောက်ပံ့ရေး အစီအစဉ်တွေ ရေးဆွဲနိုင်ရေးအတွက် စစ်ကောင်စီနဲ့ ညှိနှိုင်းနေဆဲဖြစ်ပြီး အရေးကြီးတာက လတ်တလော အကူအညီ အရေးတကြီး လိုအပ်နေသူတွေဆီ ပစ္စည်းတွေ ပေးပို့ဖို့ ခွင့်ပြုချက် အမြန်ဆုံး ရနိုင်ဖို့ ဖြစ်နေပါတယ်။

(မုန်တိုင်း​ကြောင့်​နေအိမ်များပျက်စီးသွားသဖြင့် ပြန်​ဆောက်​နေ​သောပြည်သူများနှင့် WFP ကမုန်တိုင်းသင့်ပြည်သူအချို့ကို စားနပ်ရိက္ခာ​ပေးအက်​နေစဥ်။ဓါတ်ပုံ-UN)
(မုန်တိုင်း​ကြောင့်​နေအိမ်များပျက်စီးသွားသဖြင့် ပြန်​ဆောက်​နေ​သောပြည်သူများနှင့် WFP ကမုန်တိုင်းသင့်ပြည်သူအချို့ကို စားနပ်ရိက္ခာ​ပေးအက်​နေစဥ်။ဓါတ်ပုံ-UN)

အာဏာသိမ်း စစ်ကောင်စီဟာ ဆိုင်ကလုန်းမုန်တိုင်း မိုခါရဲ့ဒဏ် အပြင်းအထန် ခံစားခဲ့ရတဲ့ ရခိုင်ပြည်နယ်ဆီ နိုင်ငံတကာ အထောက်အပံ့တွေ ပို့ဆောင်ခွင့်ကို ဆိုင်းငံ့လိုက်ကြောင်း ကုလသမဂ္ဂ လက်အောက်ခံ အေဂျင်စီတွေကဇွန် ၁၃ ရက်ကပြောကြားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ တားမြစ်မှုဟာ ဖျက်အားပြင်း မုန်တိုင်းကြီးအပြီး လူသားချင်း စာနာမှု အထောက်အပံ့တွေ အသည်းအသန် လိုအပ်နေတဲ့ လူပေါင်း တစ်သန်းကျော်အတွက် ဆင့်ကဲ ထိုးနှက်ချက်တစ်ခု ဖြစ်လာကြောင်း နိုင်ငံတကာ ထောက်ပံ့ရေး အေဂျင်စီတွေက ဝေဖန်ပါတယ်။

ရိုဟင်ဂျာတွေ အပါအဝင် ရခိုင်က လူ့အဖွဲ့အစည်းတွေဆီ ထောက်ပံ့ရေး ပစ္စည်းတွေ တင်ပို့ခွင့်ကို စစ်ကောင်စီက ဘာကြောင့် တားမြစ်ခဲ့လဲ ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။ ဒါပေမဲ့ အာဏာသိမ်း မြန်မာစစ်တပ်ဟာ နိုင်ငံတကာ ထောက်ပံ့ရေး အေဂျင်စီတွေအပေါ် အယုံအကြည် မရှိလို့ ဖြစ်နိုင်ကြောင်း ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ) အနေနဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို အမြန်ဆုံး ပြန်လည် သုံးသပ် စဉ်းစားပြီး အစောပိုင်းမှာ ထောက်ပံ့ရေး ပစ္စည်းတွေ ဖြန့်ဝေပေးဖို့ သဘောတူထားတာကို ပြန်လည် ခွင့်ပြုပေးစေလိုကြောင်း၊ ဒါမှသာ အကူအညီတွေ အရေးတကြီး လိုအပ်နေတဲ့ ပြည်သူတွေဆီ အထောက်အပံ့တွေ ပေးပို့နိုင်မှာဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ လူသားချင်း စာနာမှုဆိုင်ရာ အရာရှိ ရာမာနာသန် ဘာလာကရစ်ရှ်နန်က တိုက်တွန်း ပြောကြားသွားပါတယ်။

(မုန်တိုင်း​ကြောင့်​နေအိမ်များပျက်စီးသွားသဖြင့် ပြန်​ဆောက်​နေ​သောပြည်သူများနှင့် WFP ကမုန်တိုင်းသင့်ပြည်သူအချို့ကို စားနပ်ရိက္ခာ​ပေးအက်​နေစဥ်။ဓါတ်ပုံ-UN)
(မုန်တိုင်း​ကြောင့်​နေအိမ်များပျက်စီးသွားသဖြင့် ပြန်​ဆောက်​နေ​သောပြည်သူများနှင့် WFP ကမုန်တိုင်းသင့်ပြည်သူအချို့ကို စားနပ်ရိက္ခာ​ပေးအက်​နေစဥ်။ဓါတ်ပုံ-UN)

မြန်မာနိုင်ငံ သမိုင်းကြောင်းမှာ ဖျက်အားအပြင်းဆုံး ဆိုင်ကလုန်းတစ်ခု ဖြစ်ခဲ့တဲ့ မိုခါဟာ မေလ ၁၄ ရက်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အနောက်ဖက် ကမ်းရိုးတန်းကို ကုန်းတွင်းဝင်ရောက် တိုက်ခတ်ခဲ့ပြီး ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ ထိခိုက်ပျက်စီးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ရခိုင်မှာ မုန်တိုင်းကြောင့် သေဆုံးသူ ၁၄၈ ဦး ရှိကြောင်း ထုတ်ပြန်ထားပြီး အဲဒီထဲက ၈၀ ရာခိုင်နှုန်းဟာ ရိုဟင်ဂျာတွေလို့ ဆိုပါတယ်။ ဒါ​ပေမယ့် ​ဒေသခံ ကူညီ​ပေးသူ​တွေနဲ့ NUG က​တော့ ​သေဆုံးသူ​တွေဟာ ၄၅၀ ​ကျော်တယ်လို့​ပြောပါတယ်။

နိုင်ငံတကာ ထောက်ပံ့ရေး အဖွဲ့အစည်းတွေက မုန်တိုင်းဒဏ်သင့် ပြည်သူတွေကို ကူညီဖို့ အဆောတလျင် အားထုတ်ခဲ့ကြပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP)တို့လို အဖွဲ့အစည်းတွေဟာ ထောက်ပံ့ရေး ပစ္စည်းတွေကို စုစည်းထားပြီး ဖြစ်ပါတယ်။

နောက်တစ်ဆင့် အနေနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို အမှန်တကယ် လိုအပ်သူတွေဆီ ပို့ဆောင်နိုင်ရေးအတွက် ခရီးသွားလာခွင့်တွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေဆီကနေ ရယူရပါတယ်။ အဲဒီလို ထောက်ပံ့ရေး ကိစ္စတွေအတွက် လုပ်ထုံးလုပ်နည်းအရ ခွင့်ပြုချက် ပေးခဲ့ပေမယ့် လဆန်းပိုင်းမှာ အဲဒီ ခွင့်ပြုချက်ကို စစ်ကောင်စီက ရုပ်သိမ်းခဲ့ကြောင်း ကုလသမဂ္ဂ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ အဲဒီ ထောက်ပံ့ရေး လုပ်ငန်းစဉ်တွေကို အမျိုးသား သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီက ပြန်လည်စိစစ်ဖို့ လိုတာကြောင့် ခွင့်ပြုချက် ဆိုင်းငံ့ထားတာလို့ စစ်ကောင်စီက အကြောင်းပြခဲ့ပါတယ်။

ကုလသမဂ္ဂကတော့ ပိုပြီး အရှည်တည်တံ့နိုင်မယ့် ထောက်ပံ့ရေး အစီအစဉ်တွေ ရေးဆွဲနိုင်ရေးအတွက် စစ်ကောင်စီနဲ့ ညှိနှိုင်းနေဆဲဖြစ်ပြီး အရေးကြီးတာက လတ်တလော အကူအညီ အရေးတကြီး လိုအပ်နေသူတွေဆီ ပစ္စည်းတွေ ပေးပို့ဖို့ ခွင့်ပြုချက် အမြန်ဆုံး ရနိုင်ဖို့ ဖြစ်နေပါတယ်။

လေ့လာသူတွေကတော့ စစ်ကောင်စီဟာ ကုလသမဂ္ဂရဲ့ အထောက်အပံ့တွေက ရန်သူတော် ရက္ခိုင့်တပ်တော် (AA)ဆီ ရောက်သွားမှာကို စိုးရိမ်ပြီး မယုံမကြည် ဖြစ်နေတာကြောင့် အခုလို ကြားဖြတ် ဟန့်တားတာတွေ လုပ်ဆောင်နေတာ ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါတယ်။ AAဟာ မိတ်ဖက် တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် နှစ်ဖွဲ့နဲ့အတူ မကြာသေးခင်က စစ်ကောင်စီနဲ့ တွေ့ဆုံ ဆွေးနွေးတာတွေ ရှိခဲ့ပေမယ့် တိကျတဲ့ ရလဒ်မျိုး ဘာမှ မထွက်ပေါ်ဘဲ ဆွေးနွေးပါြ အဆုံးသတ်ခဲ့ပါတယ်။

စစ်တပ် အုပ်စိုးမှုကြောင့် မုန်တိုင်းဒဏ်သင့် မြန်မာပြည်သူတွေဟာ နိုင်ငံတကာ အထောက်အပံ့တွေနဲ့ ကင်းကွာခဲ့ရတာ အခုတစ်ကြိမ် ပထမဆုံးတော့ မဟုတ်ပါဘူး။ ၂၀၀၈ ခုနှစ်တုန်းကလည်း မြန်မာနိုင်ငံမှာ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူ သိန်းနဲ့ချီ အသက်ဆုံးရှုံးခဲ့တုန်းကလည်း အဲဒီခေတ်က စစ်အစိုးရဟာ ထောက်ပံ့ရေး အဖွဲ့အစည်းတွေကို ဝင်ခွင့် မပြုခဲ့ဘဲ လှူဒါန်းငွေတွေကိုသာ လက်ခံခဲ့ဖူးပါတယ်။ ဂျပန်အခြေစိုက် Nikkei သတင်းဌာနက မြန်မာစစ်တပ် အရာရှိ တစ်ဦးဟာ နိုင်ငံခြား ထောက်ပံ့ရေး အဖွဲ့အစည်း အားလုံးကို သူလျှိုတွေလို့ အတိအလင်း စွပ်စွဲခဲ့ဖူးတာကို ထောက်ပြပြီး အမြင်ကျဉ်းမြောင်းမှုတွေ စစ်တပ်ထဲမှာ ဘယ်လောက် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသလဲဆိုတာ ထင်ဟပ်စေကြောင်း ဖော်ပြသွားခဲ့ပါတယ်။