Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်က ကောလင်းမြို့ပေါ်ရပ်ကွက်ကို လက်နက်ကြီးပစ်ခတ်၍ (၈)နှစ်အရွယ်ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ပြည်သူလေးဦး သေဆုံး

ကျော်ဇေယျာရပ်ကွက်ရှိ ဦးသာထူး၏နေအိမ်နှင့် ဒေါ် ဇာခြည်ဦး၏ နေအိမ်ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ဦးသာထူးအပါအဝင် လေးဦးသေဆုံးခဲ့သည်ဟု ကောလင်းမြို့ခံတစ်ဦးကပြောသည်။

(သေဆုံးသူများအတွက် နာရေးပြင်ဆင်နေစဉ်။ ဓာတ်ပုံ - CJ)
(သေဆုံးသူများအတွက် နာရေးပြင်ဆင်နေစဉ်။ ဓာတ်ပုံ - CJ)

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း ကောလင်းမြို့ပေါ်ရပ်ကွက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ရာ လူနေ‌အိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး (၈)နှစ်အရွယ်ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ဒေသခံပြည်သူလေးဦး သေဆုံးခဲ့ရသည်။

ယမန်နေ့ (ဇွန်လ ၃၀ရက်) ည၇နာရီအချိန်ခန့်က စစ်ကောင်စီတပ်ပစ်ခတ်သော လက်နက်ကြီးကျည်မှာ ကျော်ဇေယျာရပ်ကွက်ရှိ နေအိမ် နှစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ကျော်ဇေယျာရပ်ကွက်ရှိ ဦးသာထူး၏နေအိမ်နှင့် ဒေါ် ဇာခြည်ဦး၏ နေအိမ်ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ဦးသာထူးအပါအဝင် လေးဦးသေဆုံးခဲ့သည်ဟု ကောလင်းမြို့ခံတစ်ဦးကပြောသည်။

” ကာကွယ်ရေးအဖွဲ့တွေက ကိုးတောင်ဘို့စခန်းကို သွားတိုက်တာ။အဲ့ဒါကို မြို့ပေါ်က စစ်တပ်က မြေပြင်ကနေ စစ်ကူမပေးရဲတော့ ရမ်းပစ်တာ။ လက်နက်ကြီးကျတဲ့နေရာနဲ့ တိုက်ပွဲနေရာနဲ့ တခြားစီပါ”ဟု အဆိုပါမြို့ခံက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်‌ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် (၆၀)အရွယ်ဦးသာထူးနှင့် ၎င်း၏ဇနီးအပြင် (၈)နှစ်အရွယ် မြေးဖြစ်သူလည်း သေဆုံးခဲ့သည်ဟု သိရသည်။ ထို့အပြင် ဦးသာထူး၏ အိမ်ဘေးချင်းကပ်နေအိမ်မှ (၄၃)နှစ်အရွယ် ကိုယ်ဝန်ဆောင် ဒေါ်ဇာခြည်ဦးလည်း သေဆုံးသွားကြောင်း ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသူများ၏ နာရေးကို ယနေ့ (ဇူလိုင်လ ၁ရက်)တွင် ပြုလုပ်ခဲ့ကြသည်။ ကိုးတောင်ဘို့စခန်းအား တိုက်ခိုက်မှုအခြေအနေကို မသိရှိရသေးပေ။

စစ်ကောင်စီတပ်သည် ဇွန်လ ၂၇ရက်ကလည်း ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာနှင့် ချင်ပြစ်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ သံဃာတော်တစ်ပါးအပါအဝင် အရပ်သား ၁၂ဦး‌‌ သေဆုံးခဲ့သည်။စစ်ရေးပစ်မှတ်နေရာ မဟုတ်ဘဲ အကြောင်းမဲ့ ပစ်ခတ်ခြင်းဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။

ထိုကဲ့သို့ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများ ဆက်လက်ပြုလုပ်နေသည့် စစ်ကောင်စီတပ်အပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တု့န်ပြန်ဆောင်ရွက်မှုသည် မြန်မာပြည်သူများအတွက် စိတ်ပျက်ရစေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလစင်မြင့်တွင် ယမန်နေ့က ပြောကြားခဲ့သည်။