Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ပြီဟု ကလလတ ကြေညာမှု KNDF ဂုဏ်ပြုကြိုဆို

KNDFအစ အမြူတေတပ်ရင်းများကို စစ်ရေးလေ့ကျင့်သင်ကြားပေးခြင်း၊ KNDF အပါအဝင် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများကို KNPLF(ကလလတ)၏ ထိန်းချုပ်နယ်မြေများတွင် အခြေချခွင့်ပေးခြင်း နှင့် အခြားသော စစ်ရေး/နိုင်ငံရေး အကူအညီများကို KNDF အနေဖြင့် ရရှိခဲ့ကြောင်း အသိပေးသည်။

(ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ/KNPLF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ/KNPLF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️မယ်စဲ့ရှိ စစ်ကောင်စီတပ်စခန်း ၆ခုအား ရက်သတ္တပတ်အတွင်း သိမ်းယူနိုင်ခြင်းက ကလလတ၏ စစ်ရေးဦးဆောင်မှုကို ပြသခြင်းဖြစ်ဟု ဖော်ပြ

အာဏာသိမ်းစစ်ကောင်စီအား ပြန်လည်တွန်းလှန် တိုက်ခိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည့် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ/KNPLF)၏ တော်လှန်ရေးသမိုင်းစာမျက်နှာသစ်အား ကြိုဆိုဂုဏ်ပြုကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ထုတ်ပြန်သည်။

နှစ်ပေါင်း ၃၀နီးပါး စစ်ကောင်စီနှင့် အပစ်ရပ်စဲထားသည့် ကလလတသည် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထုဆန္ဒပြမှုများကို ကူညီကာကွယ်ပေးသကဲ့သို့ နွေဦးတော်လှန်ရေးကာလအတွင်း ၌လည်း တော်လှန်ရေးအင်အားစုများအား ထိန်းချုပ်နယ်မြေအတွင်း နေထိုင်စေခြင်း၊ စစ်သင်တန်းပေးခြင်း စသည်တို့ကို ကူညီမှုများ ပေးခဲ့သည့်အပြင် ယခုနှစ် ဇွန်လ ၁၃ရက်တွင် မယ်စဲ့ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ရာတွင် ပါဝင်ခဲ့သည်။ ထိုသို့ ပါဝင်ပြီးနောက် ယနေ့(ဇူလိုင် ၁ရက်)တွင် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်(BGF)အဖြစ် အသွင်ပြောင်းလဲခဲ့ရ‌ပြီးနောက် ယနေ့တွင် ပြည်သူအား မတရားဖိနှိပ်သည့် အာဏာသိမ်းစစ်ကောင်စီကို ပြန်၍တွန်းလှန်တိုက်ခိုက်ပြီဖြစ်ကြောင်း KNPLF (ကလလတ)မှ တရားဝင်ထုတ်ပြန်ကြေညာသည်ကို ဝမ်းမြောက်စွာ ကြိုဆိုကြောင်း ကရင်နီတပ် KNDFက ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ယခုနှစ် ဇွန်လ ၁၃ ရက်မှစ၍ KNPLF/ကလလတမှ ပါဝင်ဆင်နွဲခဲ့သည့် ကရင်နီပြည်နယ် မယ်စဲ့မြို့နယ်တိုက်ပွဲများသည် နွေဦးတော်လှန်ရေးနှင့် မြန်မာပြည်တဝန်းလုံး၏ နိုင်ငံရေးဖြစ်စဉ်အား အချိုးအကွေ့တခု၊ ခွန်အားတခု ဖြစ်စေခဲ့ကြောင်း ဖော်ပြသည်။

နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းထားရသည့် BGF (၁၀၀၄ )(၁၀၀၅) တပ်ရင်း(၂)ခု မိခင် KNPLFအဖွဲ့အစည်း၏ တပ်ရင်းများအဖြစ် ပြန်လည်ရပ်တည်ပြီး စစ်ကောင်စီကို တွန်းလှန် ခြင်း၊ မယ်စဲ့မြို့နယ်အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ်မှ စစ်ကောင်စီ၏ တပ်စခန်းများဖြစ်သော BP(13) တပ်စခန်း၊ BP(14)တပ်စခန်း၊ BP(15) မယ်တနွယ် တပ်စခန်း၊ BP(16) တောင်လှတပ်စခန်း ၊ မယ်စဲ့ဗျူဟာတပ်စခန်း နှင့် မယ်စဲ့မြို့မ ရဲစခန်း တို့ကို ရက်သတ္တပတ်အတွင်း တိုက်ခိုက်သိမ်းယူနိုင်ခြင်း တို့သည် KNPLF(ကလလတ)၏ ကောင်းမွန်သော စစ်ရေးဦးဆောင်မှုစွမ်းရည် ကို ပြသခဲ့ပြီး ကရင်နီပြည်တော်လှန်ရေးအင်အားစုများ၏ ညီညွတ်မှု ကို မြင်သာစေခဲ့ကြောင်း KNDF ထုတ်ပြန်ချက်၌ပါရှိသည်။

KNPLF(ကလလတ) သည် ယနေ့တွင် အကြမ်းဖက်စစ်အုပ်စုကို ပြန်၍ တိုက်ခိုက်နေပြီဟု ထုတ်ပြန်သော်လည်း ၂၀၂၁ ခုနှစ် စစ်ကောင်စီမှ အာဏာသိမ်းပြီး လူထုသပိတ်ဆန္ဒပြပွဲများတွင် လည်းကောင်း၊ လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားပြီး ကာလတလျောက် တွင်လည်းကောင်း နည်းလမ်းပေါင်းစုံဖြင့် ပြည်သူလူထုဖက်မှ ရပ်တည်ပြီးအကာအကွယ်ပေးခြင်း၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများကို ကူညီပေးခြင်းများကိုလည်း KNDFက အသိအမှတ်ပြုဖော်ပြခဲ့သည်။

KNDFအစ အမြူတေတပ်ရင်းများကို စစ်ရေးလေ့ကျင့်သင်ကြားပေးခြင်း၊ KNDF အပါအဝင် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများကို KNPLF(ကလလတ)၏ ထိန်းချုပ်နယ်မြေများတွင် အခြေချခွင့်ပေးခြင်း နှင့် အခြားသော စစ်ရေး/နိုင်ငံရေး အကူအညီများကို KNDF အနေဖြင့် ရရှိခဲ့ကြောင်း အသိပေးသည်။

ယနေ့တွင် တရားဝင်ထုတ်ပြန်ချိန်မှ တဖန်စတင်ပြီဖြစ်သော KNPLF(ကလလတ)၏ တော်လှန်ရေးခရီးတွင် KNDFသည် ကရင်နီပြည်လူမျိုး ပေါင်းစုံ တော်လှန်ရေးအင်အားစုများ ညီညွတ်ရေးကို ဦးထိပ်ထား၍လည်းကောင်း၊ အာဏာသိမ်းစစ်ကောင်စီကို တွန်းလှန်ရေး ကရင်နီပြည်လက်နက်ကိုင်အဖွဲ့အစည်းများ စုစည်းတိုက်ပွဲဝင်ရေးအတွက် လည်းကောင်း အခြားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်မည်ဖြစ်ကြောင်း KNDFက ထုတ်ပြန်သည်။

အဆိုပါ စစ်ရေးပူးပေါင်းဆောင်ရွက်မှုမှသည် အာဏာရှင်တိုက်ဖျက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးထွန်းကားရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးစသည့် နိုင်ငံရေးရည်မှန်းချက်များ ပြည့်မြောက်သည့်တိုင် အတူတကွ ဆက်လက် ချီတက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။