Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကိုး​တောင်ဘို့ရှိ စစ်တပ်နှင့်ပျူစခန်းကိုPDFများတိုက်ခိုက်

ကိုးတောင်ဘို့ရွာရှိ စစ်တပ်နှင့်ပျူစခန်းကို ဇွန်လ ၃၀ရက် ညနေ၆နာရီခန့်မှစ၍ ကျွန်းလှ၊ကန့်ဘလူ၊ ကောလင်းမြို့နယ် များမှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကိုး​ထောင်ဘို့ရှိ စစ်တပ်နှင့်ပျူစခန်းကိုPDFများတိုက်ခိုက်
ကိုး​ထောင်ဘို့ရှိ စစ်တပ်နှင့်ပျူစခန်းကိုPDFများတိုက်ခိုက်

ကန့်ဘလူနှင့်ကောလင်းနယ်စပ်မှစစ်ကောင်စီအခိုင်အမာစခန်းတစ်ခု‌ဖြစ်သော ကိုးတောင်ဘို့စခန်းကို ပြည်သူ့ကာကွယ်ရေးမဟာတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ပျူစောထီးအများအပြား သေဆုံးထိခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ကိုးတောင်ဘို့ရွာရှိ စစ်တပ်နှင့်ပျူစခန်းကို ဇွန်လ ၃၀ရက် ညနေ၆နာရီခန့်မှစ၍ ကျွန်းလှ၊ကန့်ဘလူ၊ ကောလင်းမြို့နယ် များမှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စခန်းတစ်ခုလုံး ကြေသွားအောင် တိုက်နိုင်ခဲ့ပါတယ်။ရွာက ပျူစောထီး‌တွေချည်း ဖြစ်နေတော့ ရွာဖက်ကို ဆုတ်သွားတယ်။ သူ့ဘက်က အထိအခိုက်ကို မသိရပါဘူး။ ကျွန်တော်တို့ရဲဘော်တွေတော့အထိအခိုက်မရှိပါဘူး”ဟု ကောလင်းမြို့နယ်မှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇွန်လ ၃၀ရက်ညက ကို့တောင်ဘို့စခန်း စီးနင်းတိုက်ခိုက်ခံနေရချိန်တွင် အနီးစပ်ဆုံးစခန်းဖြစ်သော ကောလင်းမြို့ ထွေအုပ်ရုံးထဲမှ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ရာ လူနေ‌အိမ်တစ်အိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး ၈နှစ်အရွယ်ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ပြည်သူလေးဦး သေဆုံးသွားခဲ့သည်ဟုသိရသည်။

ကန့်ဘလူမြို့နယ်ကိုးတောင်ဘို့ရွာအုပ်စုသည် NLDပါတီ၂၀၂၀ ရွေးကောက်ပွဲမဲဆွယ်ကာလတွင် ဒီချုပ်ပါတီထောက်ခံသူများနှင့်ကြံ့ခိုင်ရေးပါတီထောက်ခံသူများကြား ခိုက်ရန်ဖြစ်ပွားမှု အကြီးအကျယ်ဖြစ်ခဲ့ပြီး သေဆုံးသူများရှိခဲ့သည်။ NLD ​ထောက်ခံမှုများသလို ၊ကြံ့ဖွံ့ ​ထောက်ခံသူများလည်းရှိသည်။စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် ကိုးတောင်ဘို့ရွာတွင် တပ်စွဲလိုက်ပြီး စစ်အာဏာရှင်ဆန့်ကျင်သည့် ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ ကိုးတောင်ဘို့ရွာအပြင် ကျေးရွာအုပ်စုအတွင်းရှိ ‌ရွာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ ယခုအခါ ဒေသခံအများအပြားသည် ယာယီစစ်ရှောင်စခန်းများတွင် နေထိုင်ကြသည်။

ရွာရှိစစ်​ကောင်စီစခန်းတွင် တပ်မ ၃၃ လက်အောက်ခံ စစ်ကောင်စီတပ်များနှင့်ရဲတပ်ဖွဲ့၊ ပျုစောထီးများက ပူးပေါင်းတပ်စွဲထားသည်ဟုသိရသည်။ ထိုစခန်းကို ကို ပြည်သူ့ကာကွယ်ရေးမဟာတပ်ဖွဲ့များက မကြာခဏ တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၃၀ရက်တွင် နောက်ဆုံးတိုက်ခိုက်ထားခြင်းဖြစ်သည်။

ထို့အပြင် ဇွန်လ ၂၇ရက်ကလည်း ကိုးတောင်ဘို့ရွာမှထွက်လာသော အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာတပ်ဖွဲ့များက ပဒေသာမိုင်းဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီဘက်မှ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရပြီး သေဆုံးမှု ရှိ၊မရှိကိုအတည်ပြုချက်မယူနိုင်ခဲ့ကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်သော The Secret Warrior Kawlinက သတင်းထုတ်ပြန်ထားသည်။

ဇွန်လ ၂၅ရက်ကလည်း ၊ကောလင်းမြို့ ၊ က​မ္ဘောဇဘဏ်အနီး မိုင်းပေါက်ကွဲရာ စစ်ကောင်စီဘက်က သေနတ်ဖြင့် ရမ်းပစ်၍ ပြည်သူငါးဦးဒဏ်ရာရခဲ့သည်။ လတ်တလောတွင်ကန့်ဘလူနှင့် ကောလင်းနယ်စပ်ကျေးရွာများတွင်စစ်ကောင်စီတပ်စစ်ကြောင်း နှစ်ကြောင်းထက်မနည်းရှိ‌နေပြီး ဒေသခံများအားစစ်ကြောင်းနှင့်လွတ်ရာသို့ပို့ဆောင်ပေးနေကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။