Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လမ်းအားလုံးနေပြည်တော်သို့ စစ်ဆင်ရေးမှာ စစ်အုပ်စုဖယ်ရှားပြီး ပြည်သူ့အာဏာ ပြည်သူ့ထံ အပ်ရန်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

ဇူလိုင် ၃ရက်ညပိုင်းကပြုလုပ်သည့် ပြည်တော်ဝင်ကမ်ပိန်းပိတ်ပွဲနှင့် ပြည်တော်ဝင်ပန်းချီကား လေလေံတင်သည့်ပွဲ၌ ဝန်ကြီးဦးရည်မွန်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိစစ်ရေးအခြေအနေမှာ လမ်းအားလုံး နေပြည်တော်သို့ဟု အထိမ်းအမှတ်ပြုထားသည့် စစ်ဆင်ရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆင်နွှဲနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

ဇူလိုင် ၃ရက်ညပိုင်းကပြုလုပ်သည့် ပြည်တော်ဝင်ကမ်ပိန်းပိတ်ပွဲနှင့် ပြည်တော်ဝင်ပန်းချီကား လေလေံတင်သည့်ပွဲ၌ ဝန်ကြီးဦးရည်မွန်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“လမ်းအားလုံးနေပြည်တော်သို့ဆိုတာ ဘာလဲ၊ ဘယ်လမ်းကို ဆိုလိုတာလည်း ဒါနဲ့ပတ်သက်ရင်တော့ လက်ရှိ နေပြည်တော်မှာကို ဗဟိုပြုပြီးတော့မှ တိုင်းပြည်အပေါ်မှာ ဗိုလ်ကျနေတဲ့ စစ်အုပ်စုကို တွန်းလှန် ဖယ်ရှားပြီး ပြည်သူ့အာဏာ ပြည်သူ့လက်ကို ပြန်ပြီးတော့ အပ်နှင်းကြဖို့ ဒီရည်ရွယ်ချက်နဲ့ ကျနော်တို့ ရဲဘော်တွေ ချီတက်နေတဲ့ လမ်းတွေကို ဆိုလိုတာ ဖြစ်ပါတယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

မဟာဗျူဟာအရ စစ်မျက်နှာအသီးသီး၊ မြန်မာနိုင်ငံတနံတလျား ကိုယ့်စစ်မျက်နှာ ကိုယ် တာဝန်ယူပြီး တိုက်ပွဲဝင်နေသော်လည်း ဦးတည်ချက်က တစ်ခုတည်းရှိသည်ဟု ဆိုသည်။

“ဒီဦးတည်ချက်က ဘာလဲ။ နေပြည်တော်က စစ်အုပ်စုကို တွန်းလှန်ဖယ်ရှားပစ်ဖို့နဲ့ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲကို ပြန်လည်အပ်နှင်းဖို့ ကျနော်တို့ ရဲဘော်တွေ ပြည်သူနဲ့ လက်တွဲပြီး အတူတကွ ချီတက်နေတဲ့ လမ်းခရီးကို ဆိုလိုတာ ဖြစ်တယ်လို့ ဒီလိုပြောရပါမယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်(PDF)အပါအဝင် တော်လှန်ရေးအင်အားစုများ၏ မဟာဗျူဟာသည် ကွက်ပြည့်နင်းသည့် မဟာဗျူဟာဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အုပ်စုကို ဘယ်နေရာမှာမှ အသက်ရှုပေါက်မပေးဘဲနဲ့ တွန်းလှန်တိုက်ပွဲဝင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ PDFအင်အား တည်ဆောက်ခဲ့တာဖြစ်သလို အခုဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသတိုင်းမှာ ကွက်ပြည့်နင်းနိုင်တဲ့ အခြေအနေ ကျနော်တို့ ရောက်ခဲ့ပါပြီ”ဟု ဝန်ကြီးဦးရည်မွန်က ပြောသည်။

ဒေသတိုင်း၌ တိုက်ပွဲဝင်မည့် ရဲဘော်များ ရှိနေပြီဖြစ်ပြီး အမှန်တကယ် တိုက်ပွဲဝင်နိုင်စွမ်းရှိကြောင်းလည်း အသိပေးသည်။