Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေးမြို့အခြေစိုက် စကခ(၁၉)၊ ခလရ(၆၁)နှင့် အမြှောက်တပ်တို့ကို မောင်းသူမဲ့ယာဥ်ငယ်ဖြင့် PDF ပူးပေါင်းအဖွဲ့တိုက်ခိုက်

တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေကို စုံစမ်းဆဲဖြစ်ပြီး PDF ပူးပေါင်းတပ်မှရဲဘော်အားလုံး အထိအခိုက်အကျအဆုံးမရှိဘဲ သက်ဆိုင်ရာတပ်စခန်းများသို့ အောင်မြင်စွာပြန်လာနိုင်ခဲ့ကြပြီဖြစ်ကြောင်း အသိပေးထားသည်။

(SF-Z မောင်းသူမဲ့ယာဥ်ငယ်အသုံးပြုတိုက်ခိုက်မှုမှတော်လှန်ရေးပူးပေါင်းတပ်များကိုတွေ့ရစဥ်။ ဓါတ်ပုံ-MSRF )
(SF-Z မောင်းသူမဲ့ယာဥ်ငယ်အသုံးပြုတိုက်ခိုက်မှုမှတော်လှန်ရေးပူးပေါင်းတပ်များကိုတွေ့ရစဥ်။ ဓါတ်ပုံ-MSRF )

▪︎ပထမဆုံး မောင်းသူမဲ့ယာဥ်(SF-Z)စစ်ဆင်ရေးဖြစ်ပြီး မွန်နှင့် တနင်္သာရီအခြေစိုက်​တော်လှန်​ရေးတပ်များပူး​ပေါင်း၏ပူး​ပေါင်းစစ်ဆင်​ရေးဖြစ်

မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ – ၁၉) ၊ ခလရ – ၆၁ နှင့် အမြှောက်တပ်(အမတ – ၃၁၆)တို့ကို PDF ပူးပေါင်းတပ်များ၏ မောင်းသူမဲ့ယာဥ် SF-Z ၏ ပထမဆုံးစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ကြောင်းမွန်ပြည်တော်လှန်ရေးတပ်(MSRF)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယမန်နေ့(ဇူလိုင် ၁၄)ညနေ ၄ နာရီခန့်က စကခ(၁၉)၊ ခလရ(၆၁)နှင့် အမတ(၃၁၆)တပ်များကို MSRF၊ ရေးလေတပ် YAF၊ ရေးကာကွယ်ရေးတပ် YDF၊ ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း (T-5)၊ ဒေါနစစ်ကြောင်း၊ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KBDF နှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF(တပ်ရင်း- ၁ )စသည့် ပူးပေါင်းအဖွဲ့က SF-Z လေယာဉ်အမျိုးအစားဖြင့် ဗုံးသီးသုံးလုံးကျဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ပစ်မှတ်ကတော့သူတို့ပင်မရုံးလို့ယူဆရတဲ့အဆောက်အဦးတွေကို GPS နဲ့တဆင့်ကြည့်ပြီးရွေးချပါတယ်။ အမြှောက်တပ်ကျတော့ လက်နက်ကြီးသို လှောင်ရာနေရာလို့ထင်ရတဲ့အဆောက်အဦးပေါ့ ကုန်းထိပ်ပါ။ အရင်က အမြောက်တပ်ကို Drone နဲ့တိုက်တုန်းက သူတို့ လက်နက်ကြီးနဲ့ တုန့်ပြန်ခဲ့တော့ သိနေတယ်။ စကခ(၁၉)နဲ့ ခလရ(၆၁)ကတော့ ခန့်မှန်း ခြေ အဓိကအဆောက်အဦးကို ပစ်မှတ်ထားတာပေါ့”ဟု MSRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

စစ်ရေးပစ်မှတ်များ၏တစ်နေရာချင်းဆီသို့ဗုံးသီးအများအပြားဖြင့် ကျဲချတိုက်ခိုက်ရန် ပြင်ဆင်ထားသော်လည်း မိုးသည်းထန်ကာ ရာသီဥတုအခြေအနေ ဆိုးဝါးခြင်းကြောင့် ပစ်မှတ်တစ်ခုလျှင် ဗုံးသီးတစ် လုံးသာ ကျဲချတိုက်ခိုက်နိုင်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

ထို့အပြင်ယခုစစ်ဆင်ရေးသည် SF-Z (မောင်းသူမဲ့) လေယာဉ်အမျိုးအစား (Drome)ဖြင့် ပထမဆုံး အကြိမ်စတင်အသုံးပြုပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သကဲ့သို့ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း အခြေ စိုက် တော်လှန်ရေးမဟာမိတ်အင်အားစုများ ပူးပေါင်းစစ်ဆင်​ရေးတစ်ခုဖြစ်သည်။တောင်ပိုင်းစစ်ဒေသခွဲ(၃)၏ မဟာဗျူဟာလုပ်ငန်းစဉ် ဖော်ဆောင်ခဲ့ခြင်းလည်းဖြစ်ကြောင်း MSRF တပ်ဖွဲ့က အသိပေးသည်။

“အဓိက SF-Z ရဲ့စွမ်းရည်ကို မဟာမိတ်တွေအားလုံးကိုချပြဖို့ဖြစ်သလို တပ်ပေါင်းစု မစ်ရှင်ရဲ့အားကိုလည်းပြချင်လို့ ရဲဘော်အချင်းချင်းထိတွေ့နီးစပ်ဖို့နဲ့ ရှေ့ဆက် မစ်ရှင်အတူတကွဖေါ်ဆောင်ဖို့ပေါ့။ အဲလိုရည်ရွယ်ချက်နဲ့ မိုးကြီးတဲ့ကြားက ရအောင်လုပ်ခဲ့တာ”ဟု မွန်ပြည်တော်လှန်ရေတပ်(MSRF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေကို စုံစမ်းဆဲဖြစ်ပြီး PDF ပူးပေါင်းတပ်မှရဲဘော်အားလုံး အထိအခိုက်အကျအဆုံးမရှိဘဲ သက်ဆိုင်ရာတပ်စခန်းများသို့ အောင်မြင်စွာပြန်လာနိုင်ခဲ့ကြပြီဖြစ်ကြောင်း အသိပေးထားသည်။

အထက်ပါ စစ်ရေးတိုက်ခိုက်မှုများတွင် အသုံးပြုခဲ့သော SF-Z မောင်းသူမဲ့ယာဥ်ငယ်သည် သာမန်ဒရုန်းများထက် ဝန်အားပိုမိုသယ်ဆောင်နိုင်ခြင်း၊ ဒရုန်းများထက်ပို၍ အဝေးသို့ ပို့လွှတ်ပျံသန်းနိုင်ခြင်းတို့ကြောင့် တိုက်ခိုက်ရေးလုပ်ငန်းများတွင် ထိရောက်မှုပိုရှိကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)ထံမှ သိရသည်။