Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KTLA ကော်လာဖိုးအဖွဲ့က ရန်သူပမာဆက်ဆံလာ၍ ကာကွယ်ရန်ပြန်ခုခံရတော့မည်ဟု KNU တပ်မဟာ(၄) အသိပေး

တပ်မဟာ(၄)၏ တပ်ရေးဗိုလ်မှူးခရီးစဉ်နှင့်ပတ်သက်ပြီး KTLA အယ်ခွီး (ကော်လာဖိုး)၏ လူများထံသို့ ကြိုတင် အကြောင်းကြားခဲ့ရာ အနှောက်အယှက်မပြုဟု ပြန်ကြားချက်ရရှိခဲ့သော်လည်းလမ်းပိုင်းမှနေ၍ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(၂၀၂၁ မတ်လက ပြုလုပ်ခဲ့သည့် ထာဝယ်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထု ဆန္ဒထုတ်ဖော်မှုကို KNU တပ်မဟာ(၄) တပ်ဖွဲ့ဝင်များက လိုက်ပါစောင့်ရှောက်ပေးခြင်း၊ ဆန္ဒပြပြည်သူများအား အစားအစာနှင့်ရေများ ပေးအပ်ခြင်းပြုလုပ်ခဲ့သည်။ ဓာတ်ပုံ - ဒေသခံ)
(၂၀၂၁ မတ်လက ပြုလုပ်ခဲ့သည့် ထာဝယ်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထု ဆန္ဒထုတ်ဖော်မှုကို KNU တပ်မဟာ(၄) တပ်ဖွဲ့ဝင်များက လိုက်ပါစောင့်ရှောက်ပေးခြင်း၊ ဆန္ဒပြပြည်သူများအား အစားအစာနှင့်ရေများ ပေးအပ်ခြင်းပြုလုပ်ခဲ့သည်။ ဓာတ်ပုံ - ဒေသခံ)

▪️KNUဗဟိုနှင့် KNLA စစ်ဌာနချုပ်က ရှင်းလင်းသော သဘောထားနှင့် ဦးဆောင်မှုပေးစေလိုဟု တောင်းဆိုထား

“တပ်မဟာ(၄)က စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်နေရင် ဘယ်လက်နက်ကိုင်အဖွဲ့မှလည်း ကျနော်တို့ တနင်္သာရီတိုင်းမှာမရှိလောက်ဘူး” – ပဒိုစောဖလော့စိုးဝင်း

ဗိုလ်နယ်ဒါဒမြ ဦးဆောင်သည့် ကော်သူးလေအာမီ(KTLA) ဗိုလ်အယ်ခွီး(ကော်လာဖိုး)အဖွဲ့က ကရင်အမျိုးသားအစည်းအရုံး(KNU)ဘိတ်-ထားဝယ်ခရိုင်/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)အား ရန်သူပမာဆက်ဆံလာ၍ လုပ်ဖော်ကိုင်ဖက်များကို ကာကွယ်ရန် ပြန်လည် ခုခံရတော့မည်ဖြစ်ကြောင်း တပ်မဟာ(၄)က ထုတ်ပြန်ကြေညာလိုက်သည်။

ဇူလိုင် ၁၉ရက်တွင် KNU တပ်မဟာ(၄)မှ တပ်ရေးဗိုလ်မှူး စောဖိုးစီနှင့် ၎င်း၏ တပ်သားများကို ကော်လာဖိုး(ခေါ်) အယ်ခွီးအဖွဲ့မှ စောင့်ကြိုပစ်ခတ်ခဲ့၍ တပ်ရေးဗိုလ်မှူးနှင့် တပ်သားတစ်ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်အပြီး ၅ရက်မြောက်နေ့ ဇူလိုင် ၂၄ရက်တွင် တပ်မဟာ(၄)က ကရင်ဘာသာဖြင့် အသိပေးချက် ထုတ်ပြန်ခဲ့ရာ ထုတ်ပြန်ချက် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောဖလော့စိုးဝင်းက People’s Spring သို့ ဘာသာပြန်ရှင်းပြခဲ့သည်။

တပ်မဟာ(၄)၏ တပ်ရေးဗိုလ်မှူးခရီးစဉ်နှင့်ပတ်သက်ပြီး KTLA အယ်ခွီး (ကော်လာဖိုး)၏ လူများထံသို့ ကြိုတင် အကြောင်းကြားခဲ့ရာ အနှောက်အယှက်မပြုဟု ပြန်ကြားချက်ရရှိခဲ့သော်လည်းလမ်းပိုင်းမှနေ၍ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဖြစ်ရပ်နောက်ပိုင်းတွင် တပ်ရင်း(၁၂)မှ ခေါင်းဆောင်များ ၊ ဘန်ချောင်းဒေသအတွင်းရှိ ကစယ်ဒိုမြို့နယ် ခေါင်းဆောင်များအနေဖြင့် ကျေးရွာခေါင်းဆောင်များကို အစည်းအဝေးခေါ်ပြီး ၎င်းတို့၏ သဘောဆန္ဒကိုမေးမြန်းခဲ့ရာ ကျေးရွာခေါင်းဆောင်အချို့က ပြေလည်အောင် ညှိနှိုင်းစေလိုသောကြောင့် ဇူလိုင် ၂၀ရက်တွင် ကျောက်ထု၊ ကထောင်နီ၊ နဂါးအိုက်၊ မောင်မထူး၊ ဆင်စွယ်နှင့်ဖောင်းတော ကျေးရွာခေါင်းဆောင်များအနေဖြင့် အယ်ခွီး၏ တပ်ခွဲ(၇) ဒုတပ်ခွဲမှူး စောထီးမူးနှင့် တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း စောထီးမူးက၎င်းတို့အနေဖြင့် ဗျူဟာမှူး၏ ညွှန်ကြားချက် အတိုင်းသာ လိုက်ပါလုပ်ဆောင်ရမည်ဖြစ်ကြောင်း အကြောင်း ပြန်ကြားခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ပြင် KTLA ခေါင်းဆောင် ဗိုလ်နယ်ဒါးမြမှနေ၍ ၎င်း၏ တပ်မဟာများထံသို့ ပြောကြားချက် အကြောင်းကို ဆိုရှယ်မီဒီယာပေါ်တွင်တင်ထားသော ဗွီဒီယိုဖိုင်အရ တပ်မဟာများ အနေဖြင့် တိုက်ပွဲစတင်နေပြီးဖြစ်သော တပ်မဟာ(၄)ထံသို့ ငွေကြေးများ စုပေါင်း၍ ပို့ပေးစေလိုကြောင်း ပြောကြားခဲ့သည်ကိုတွေ့ရကြောင်း၊ ယင်းပြော၎င်း၏ ပြောကြားချက်အရ ဗိုလ်အယ်ခွီးအဖွဲ့ အနေဖြင့် တပ်မဟာ(၄)အား စတင်တိုက်ခိုက်ပြီဖြစ်ကြောင်း နားလည်ရကြောင်း KNUဘိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)က ထုတ်ပြန်သည်။

“အကြောင်းမှာ ၎င်းတို့အနေဖြင့် စစ်အာဏာရှင်၏ စစ်တပ်အား တိုက်ခိုက်ခြင်း အလျဉ်းမရှိသည်ကို တွေ့ရှိရသောကြောင့် အဆိုပါ တိုက်ပွဲစတင်သည်ဆိုခြင်းမှာ ကျွန်ုပ်တို့၏ တပ်မဟာ (၄)အပေါ် ရည်ညွှန်းသည်ဟု နားလည်ရပါသည်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဇူလိုင် ၂၁ရက်တွင်လည်း KTLA၏ ညွှန်ကြားချက် တစ်စောင်ထုတ်ပြန်လာသည်ကို တွေ့ရပြီး အဆိုပါ ထုတ်ပြန်ချက်တွင် ယခုကာလအတွက် အရေးပေါ် အကူအညီများ ကြိုတင်ပြင်ဆင်ထားကြရန်ဟု ပါရှိသည်ကို တွေ့ရကြောင်း၊ KTLA ခေါင်းဆောင် ဗိုလ်နယ်ဒါးမြ နိုင်ငံရပ်ခြားတွင်ရှိသော ၎င်း၏ တပ်ရင်း၊ တပ်မဟာများနှင့် အယ်ခွီးဆာကဆော စစ်ကြောင်းတို့၏ သဘောထားနှင့် အစီအမံများသည် KNU မြိတ်ထားဝယ် ခရိုင်တပ်မဟာ(၄)အား ပြိုပျက်စေရန် ရည်ရွယ်ထားကြောင်း နားလည်ရသည်ဟု တပ်မဟာ(၄)က ထုတ်ပြန်ထားသည်။

ကိုယ်ထိလက်ရောက် လုပ်ဆောင်ခဲ့ပြီးသည့် နည်းတူ ဆက်လက်၍ လုပ်ဆောင်ဦးမည်ဖြစ်ကြောင်းလည်း KTLAဘက်မှ ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

KNU ဘိတ်-ထားဝယ်ခရိုင် နှင့် တပ်မဟာ(၄)အနေဖြင့် ကရင်လူမျိုး အချင်းချင်း ပဋိပက္ခနှင့် သွေးထွက်သံယိုကိစ္စရပ်များ မဖြစ်ပွားအောင် နည်းလမ်းများရှာဖွေ၍ ကြိုးပမ်းလျက်ရှိ သော်လည်း KTLA ဗိုလ်အယ်ခွီးဘက်က ရန်သူပမာဆက်ဆံလာခြင်းကြောင့် နောက်ပိုင်းတွင်ရှောင်လွှဲရန် အတွက် ခက်ခဲလာခဲ့ပြီဖြစ်ကြောင်း အသိပေးထားသည်။

၎င်းတို့၏ လုပ်ရပ်များသည် အဖွဲ့အစည်းနှင့် ကရင့်တော်လှန်ရေးအတွက် ရန်သူပမာ ဖြစ်လာခြင်းကြောင့် မိမိတို့အနေဖြင့် မိခင်အဖွဲ့အစည်းနှင့် မိမိတို့၏လုပ်ဖော်ကိုင်ဖက်များကို ကာကွယ်ရန်အတွက် ပြန်လည် ခုခံရတော့မည်ဖြစ်ကြောင်း အသိပေးထားပြီး ထိုကဲ့သို့ ဖြစ်လာရခြင်းသည် ဘိတ်- ထားဝယ်ခရိုင်နှင့် တပ်မဟာ(၄)၏ အားနည်းချက်ကြောင့် မဟုတ်ကြောင်းကိုလည်း ကရင်အမျိုးသားတစ်ရပ်လုံး သိရှိနားလည်စေလိုသည်ဟု ဖော်ပြထားသည်။

ယခုဖြစ်ရပ်သည် လူပုဂ္ဂိုလ် တစ်ဦးချင်း၊ တစ်ယောက်ချင်း ဖြစ်သည့် ပွတ်တိုက်မှုမဟုတ်သကဲ့သို့ ဘိတ်- ထားဝယ်ခရိုင် တပ်မဟာ(၄)နှင့် အယ်ခွီးအခြား ဖြစ်ပေါ်လာသော ပဋိပက္ခ လည်း မဟုတ်ကြောင်း ၊ ဤဖြစ်ရပ်သည် ကရင်အမျိုးသားအစည်းအရုံး ကရင့်အမျိုးသားတပ်မတော်နှင့် ကရင့်တော်လှန်ရေးအပေါ် ဆန့်ကျင်တော်လှန်ခြင်းပင်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ထို့ကြောင့် KNU ဗဟိုနှင့် စစ်ဌာနချုပ်တို့အနေဖြင့် ဘိတ်ထားဝယ်ခရိုင်နှင့် တပ်မဟာအပေါ် ရှင်းလင်းသော သဘောထားနှင့် ဦးဆောင်မှု ပေးစေလိုကြောင်း တပ်မဟာ(၄)က တောင်းဆိုထားသည်။

ကရင့်အမိုးသားအချင်းချင်းအကြား သွေးထွက်သံယိုမှု ကိစ္စများ ပေါ်ပေါက်ခြင်းမှ ရှောင်လွှဲနိုင်စေရန် အတွက် အောက်ခြေအဆင့် ညှိနှိုင်းဆောင်ရွက်မှု အနေဖြင့် ခရိုင်မှ ကိုယ်စားလှယ်များ စစ်ဌာနချုပ်မှ ကိုယ်စားလှယ်များနှင့် ကရင့်အမျိုးသားခေါင်းဆောင်များ စုပေါင်း၍ ညှိနှိုင်းဆောင်ရွက်ခဲ့ကြသော်လည်း အဆိုပါ ညှိနှိုင်းမှု အားလုံးကို အယ်ခွီးဘက်မှ ငြင်းဆန်ပယ်ချခဲ့သည်ချည်းသာ ဖြစ်သည်ဟု အသိပေးသည်။

ဗိုလ်အယ်ခွီး(ခေါ်) ကော်လာဖိုးဆိုသူသည် ယခင်က တပ်မဟာ(၄)မှ အဖွဲ့ဝင်ဖြစ်ပြီး စစ်အစိုးရလက်ထက်တွင်လက်နက် နှစ်ခါ လက်နက်ချခဲ့သူဖြစ်ကြောင်း၊ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာပြီး KNU တပ်မဟာ(၄)နှင့် ပြဿနာများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

“လက်နက် နှစ်ခါချတယ်ဆိုတာမှန်တယ်။ ပထမ တခါက တပ်သားအဆင့်သူများနောက်လိုက်။ ဒုတိယတစ်ကြိမ်က ဓားပြဖြစ်လို့ KNUက လိုက်ပစ်ခတ်ရှင်းလင်းတော့ စစ်တပ်ထံ ပြန်လက်နက်ချတာ။ လက်နက်ချပြီး အဆင်မပြေလို့ ပြန်ထွက်ပြေးတယ်။ KNU ဘက်က ထပ်မံ အရေးယူဖို့လိုက်ဖမ်းတော့ ထိုင်းဘက်ခြမ်းထွက်ပြေးတယ်”ဟု တပ်မဟာ(၄) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောဖလော့စိုးဝင်းက ပြောပြသည်။

တပ်မဟာ(၄)နှင့် ပြဿနာပေါ်ရသည့်အကြောင်းအရင်းမှာ ကော်လာဖိုးအနေဖြင့် ၎င်း၏ ပုဂ္ဂိုလ်ရေးအရ မကျေနပ်ချက် ၊ ၎င်းအပေါ်မှ ခေါင်းဆောင်များ၏ ဦးဆောင်ချက်များ ပါမည်ဟု ပဒိုစောဖလော့စိုးဝင်းက ပြောသည်။

“အဓိက KTLA အဖွဲ့က တပ်မဟာ(၄) ဧရိယာကို အခြေချချင်တယ်။ အခြားတပ်မဟာတွေက သူတို့ ဝင်ဖို့ အဆင်မပြေဘူး”ဟု ၎င်းက ဆိုသည်။

KTLAနှင့် ပြဿနာဖြစ်နေသည့် တပ်မဟာ(၄)အား စစ်ကောင်စီနှင့် ပူးပေါင်းနေသည်ဟု ပြောဆိုချက်နှင့်ပတ်သက်ပြီး မေးမြန်းရာ ပဒိုစောဖလော့စိုးဝင်းက “ တပ်မဟာ(၄)က စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်နေရင် ဘယ်လက်နက်ကိုင် အဖွဲ့မှလည်း ကျနော်တို့ တနင်္သာရီတိုင်းမှာမရှိလောက်ဘူး။ကျနော်တို့ ဗဟိုက ခေါင်းဆောင်တွေလည်း အဲဒီလို ကြည့်မှာ မဟုတ်ဘူး။ လက်ရှိ KTLA အဖွဲ့တွေက တိုင်းအတွင်းထဲမှာ ဒေသ ၃ခုမှာရှိတယ်။ ကော်လာဖိုးတစ်ဖွဲ့နဲ့ပဲ ပြဿနာရှိတယ်။ အခြားနှစ်ဖွဲ့ ပြဿနာမရှိဘူး”ဟု ရှင်းပြသည်။

တနင်္သာရီတိုင်းသည် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာ၌ အားကောင်းသည့် ဒေသဖြစ်သည်။ တိုက်ပွဲအချို့ကို KNUနှင့် ဒေသခံ PDF တို့ ပူးပေါင်းဆောင်ရွက်မှု ရှိသည်ဟု ယခင်တိုက်ပွဲဖြစ်စဉ်အချို့နှင့်ပတ်သက်ပြီး တပ်မဟာ(၄) တာဝန်ရှိသူ အချို့က အတည်ပြုပြောကြားထားသည်။ PDFများ ဖွဲ့စည်းခွင့်ကို နယ်မြေခံ တိုင်းရင်းသားတပ်က ခွင့်ပြုခြင်းမရှိသည့် ရခိုင်နှင့် ရှမ်းပြည်ဒေသအချို့၌ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုအားနည်းသည်ကိုတွေ့ရသည်။ ရက္ခိုင့်တပ်တော်(AA)က ၎င်းတို့ ဒေသ၌ PDF ဖွဲ့စည်းခွင့်ကို လက်မခံ၍ ရခိုင်ဒေသ၌ PDF တပ်ဖွဲ့ ဖွဲ့စည်းနိုင်ခြင်း ထင်ထင်ရှားရှားမတွေ့ရပေ။

အခြားတစ်ဖက်တွင်လည်း ကရင်အမျိုးသား အချို့မှ ဆိုရှယ်မီဒီယာပေါ်မှနေ၍ ပဋိပက္ခ ကြီးထွားလာစေရန် ကွဲပြားမှုကို မြောက်ပင့် ပြောဆိုရေးသားမှုများကြောင့်လည်း ခက်ခဲမှုများစွာ ဖြစ်ပေါ်လာပြီး ကရင်လူမျိုး အချင်းချင်းကြား ကွဲပြားမှုကို ဖြစ်ပေါ်လာစေကြောင်း၊ အဆိုပါလုပ်ရပ်သည် ဘိတ်-ထားဝယ်ခရိုင် သမိုင်းဖြစ်စဉ်အတွင်း ကရင်အချင်းချင်း သွေးထွက်သံယိုမှုများ ဖြစ်ပေါ်လာစေရန် လှုံ့ဆော်မှုများအဖြစ် မှတ်တမ်းဝင်လျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် မိမိတို့၏ သားသမီးများ ၊ မောင်နှမများနှင့်ဆွေမျိုးသားချင်းများအား အယ်ခွီးထံမှ ပြန်ခေါ်ကြရန်လည်း တပ်မဟာ(၄)က တိုက်တွန်းတောင်းဆိုထားသည်။

အယ်ခွီးထံတွင် ပူးပေါင်းလာကြသူများသည် စစ်အာဏာရှင်များကို ဆန့်ကျင်တိုက်ခိုက်ရန် ရည်ရွယ်သော်လည်း အယ်ခွီး၏ လုပ်ဆောင်ချက်များသည် ထိုသို့သော သဘောသက်ရောက်ခြင်း အလျင်းမရှိဟု တပ်မဟာ(၄)က ထုတ်ပြန်သည်။

ပြည်တွင်း၊ ပြည်ပမှ ကရင်အမျိုးသားများအနေဖြင့် အယ်ခွီးထံသို့ ငွေကြေး နှင့် အခြားသော အထောက်အပံများ ထောက်ပံ့ခြင်းမှ ရပ်တန့်ပေးရန် မေတ္တာရပ်ခံထားပြီး သို့တည်းမဟုတ်ပါက ကရင်အမျိုးသားအချင်းချင်းအကြား ပဋိပက္ခ နှင့်သွေးထွက်သုံယိုမှုများ ပိုမိုများပြားစွာဖြစ်ပွားလာမည်ကို စိုးရိမ်ဖွယ်ရာရှိကြောင်း တပ်မဟာ(၄)က ထုတ်ပြန်သည်။

ထို့အထူ ကရင်အမျိုးသားထု တစ်ရပ်လုံးအနေဖြင့် အယ်ခွီးအပါအဝင် ၎င်း၏ ခေါင်းဆောင်နှင့် လုပ်ဖော်ကိုင်ဖက်တို့၏ လုပ်ရပ်များ ရပ်တန့်သွားစေရေးအတွက် သက်ဆိုင်ရာ အခန်းကဏ္ဍမှ ကူညီလုပ်ဆောင်ကြရန်လည်း KNU တပ်မဟာ(၄)က တောင်းဆိုထားသည်။

KTLAကို ဦးဆောင်နေသည့် ဗိုလ်နယ်ဒါးမြသည် ယခင်က KNU လက်အောက်ခံတပ်ဖွဲ့တစ်ခုဖြစ်သော ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)စစ်ဦးစီးချုပ်ဖြစ်သည်။ ၎င်းအနေဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက် မြ၀တီ ဝေါ်လေဒေသ၌ တံတားလုပ်ငန်းမှ အရပ်သား ၂၀ ကျော်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်‌ပြီး KNUက စုံစမ်းစစ်ဆေးမှု ပြုလုပ်ခြင်းအား ငြင်းဆန်ခဲ့၍ အဖွဲ့မှ ထုတ်ပယ်ခံရသူဖြစ်သည်။ ဗိုလ်နယ်ဒါးမြသည် စစ်အစိုးရလက်ထက်က KNU တပ်မဟာ(၇) အဖွဲ့ စစ်တပ်ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပြီး ကရင်ငြိမ်းချမ်းရေးကောင်စီ(KNLA-PC) ဖွဲ့စည်းမှုတွင်လည်း အဓိက ပါဝင်ခဲ့သည့် ခေါင်းဆောင်တစ်ဦးဖြစ်သည်ဟုဆိုသည်။ ဗိုလ်နယ်ဒါးမြ၏ KTLA တပ်သည် မြ၀တီမြို့နယ် မြန်မာ-ထိုင်းနယ်စပ် ဥကရစ်ထ တိုက်ပွဲတွင်လည်း ဖမ်းမိထားသည့် စစ်ကောင်စီတပ်သား များကို သတ်ဖြတ်ခဲ့ပြီး ရုပ်သံမှတ်တမ်းများကို လူမှုကွန်ရက်၌ ဖော်ပြခဲ့သည်။

ထိုသို့သောလုပ်ရပ်များသည် KNU၏ မူဝါဒနှင့် ဆန့်ကျင်ပြီး တော်လှန်ရေး၏ ပုံရိပ်ကို ထိခိုက်စေကြောင်း ယခင် KNU အဖွဲ့ပြောရေးဆိုခွင့်အဖြစ် တာဝန်ယူခဲ့သည့် ပဒိုစောတောနီးက People’s Spring သို့ ပြောကြားခဲ့ဖူးသည်။

လက်ရှိ KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေကလည်း KNU ဗဟိုအနေဖြင့် KTLA ကော်လာဖိုး အဖွဲ့က တိုက်ခိုက်လာမှု ကိစ္စကို ထည့်သွင်းစဉ်းစားပြီး တစုံတရာ ဆောင်ရွက်ရန် လိုအပ်နေကြောင်း သဘောထားရှိသည်ဟု ပြီးခဲ့သည့် ရက်ပိုင်းတွင် ပြောကြားထားသည်။