Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒုသမ္မတဟောင်း ဦးဟင်နရီဗန်ထီးယူကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း NLD ကြေညာ

စစ်တပ် အာဏာသိမ်းချိန်မှစ၍ ကျင်းပခဲ့သော ကာလုံအစည်းအဝေးများတွင် ဦးဟင်နရီဗန်ထီးယူကို ပထမဆုံးအကြိမ် တွေ့မြင်ရခြင်းလည်းဖြစ်သည်။

(အာဏာသိမ်း​စစ်ခေါင်း​ဆောင်နှင့် ဇူလိုင် ၃၁ ရက်တွင်အတူ​တွေ့ခဲ့ရ​သော ဦးဟင်နရီဗန်ထီးယူ။ ဓါတ်ပုံ-စစ်​ကောင်စီ)
(အာဏာသိမ်း​စစ်ခေါင်း​ဆောင်နှင့် ဇူလိုင် ၃၁ ရက်တွင်အတူ​တွေ့ခဲ့ရ​သော ဦးဟင်နရီဗန်ထီးယူ။ ဓါတ်ပုံ-စစ်​ကောင်စီ)

“ချင်းပြည်နယ်တစ်ခုလုံးဆို ရစရာမရှိပါဘူးဗျာ။​ အဲဒီတော့ နောက်ထပ် ၆ လ စစ်အာဏာရှင်ကို လူသတ်ခွင့် လိုင်စင်ကို ကျွန်တော်တို့ပါတီက သူ့ကို လက်ခံနိုင်စရာဘာမှ အကြောင်းမရှိဘူး” – NLD ဗဟိုအလုပ်ကော်မတီဝင်

အာဏာလုစစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ကြောင်းတွေ့ရှိရသဖြင့် NLD အစိုးရလက်ထက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ပါတီဝင်အဖြစ် ထုတ်ပယ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ယနေ့ ထုတ်ပြန်ကြေညာသည်။

ဦးဟင်နရီဗန်ထီးယူသည် ပြည်သူ့ဆန္ဒကိုသာ အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်ရသည့် ပါတီ၏ ရည်ရွယ်ချက်များနှင့် ချမှတ်ထားသောမူဝါဒများကို လိုက်နာဆောင်ရွက်ပါမည်ဟု ကတိသစ္စာ ပြုထားသည့် အပြင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်အရ ပါတီကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေဖြင့် မဲဆန္ဒရှင် ပြည်သူလူထု၏ ဆန္ဒကို အလေးအနက်ထား ဆောင်ရွက်ပါမည်ဟူသော ပြည်သူလူထုထံ ပေးအပ်ထားသော ကတိသစ္စာများကိုလည်း ချိုးဖောက်လိုက်ခြင်းကြောင့် ယင်းသို့ ထုတ်ပယ်ခြင်းဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြသည်။

“စစ်အာဏာရှင်ကို နောက်ထပ် သက်တမ်း ၆ လတိုးတဲ့ ကာလုံကို တက်လိုက်ခြင်းအားဖြင့် စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် လုပ်ဆောင်ခဲ့တဲ့ ကိစ္စမှာလည်း သူဟာ ရှင်းရှင်းပြောရရင် သူဟာ တစ်ဦးတစ်ယောက်အပါအဝင်ဖြစ်ခဲ့ပြီ။ စစ်အာဏာရှင်က အခုလောက် ပြည်သူလူထုကို ရက်ရက်စက်စက် စစ်ရာဇဝတ်မှုပေါင်း မြောက်များစွာ ကလေးသူငယ်၊ လူကြီး ပြည်သူလူထုအကုန် လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ ချင်းပြည်နယ်တစ်ခုလုံးဆို ရစရာမရှိပါဘူးဗျာ။​ အဲဒီတော့ နောက်ထပ် ၆ လ စစ်အာဏာရှင်ကို လူသတ်ခွင့် လိုင်စင်ကို ကျွန်တော်တို့ပါတီက သူ့ကို လက်ခံနိုင်စရာ ဘာမှ အကြောင်းမရှိဘူး” ဟု NLD ဗဟိုအလုပ်ကော်မတီဝင်တစ်ဦးက မှတ်ချက်ပြုသည်။

တရားမဝင်အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်တွင် ကာလုံအစည်းအဝေးခေါ်ယူကာ နိုင်ငံတော်အရေးပေါ်ကာလ ၆ သက်တမ်း ထပ်မံတိုးမြှင့်ခဲ့ပြီး ယင်းအစည်းအဝေးသို့ NLD ပါတီဝင်ဖြစ်သူ ချင်းတိုင်းရင်းသား ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ခဲ့သည်။ စစ်တပ် အာဏာသိမ်းချိန်မှစ၍ ကျင်းပခဲ့သော ကာလုံအစည်းအဝေးများတွင် ဦးဟင်နရီဗန်ထီးယူကို ပထမဆုံးအကြိမ် တွေ့မြင်ရခြင်းလည်းဖြစ်သည်။

ဦးဟင်နရီဗန်ထီးယူသည် (၂၀၁၆-၂၀၂၁) လွှတ်တော်သက်တမ်းအတွင်း ပါတီမှယုံကြည်စွာတာဝန်ပေးထားခဲ့သည့် ဒုသမ္မတဖြစ်ခဲ့သော်လည်း ယခုအခါ ပြည်သူလူထုကိုအကြမ်းဖက်၊ နှိပ်စက်၊ ဖမ်းဆီး၊ သတ်ဖြတ်လျက် စစ်ရာဇဝတ်မှုပေါင်း မြောက်မြားစွာကို ကျူးလွန်နေသော အာဏာလုစစ်အုပ်စုနှင့် ဇူလိုင် ၃၁ ရက်တွင် ပူးပေါင်းဆောင်ရွက်ကြောင်း တွေ့ရှိရသည်ဟု NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်သည်။

ထိုကိစ္စနှင့်စပ်လျဥ်း၍ ယမန်နေ့(သြဂုတ် ၈ ရက်)တွင် ဒုတိယဗဟိုကော်မတီ ကြားကာလအရေးပေါ်အစည်းအဝေးကို ခေါ်ယူပြီး ဗဟိုကော်မတီဝင်များ၏သဘောထားများကို ရယူဆွေးနွေးခဲ့ကာ ဦးဟင်နရီဗန်ထီးယူအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရန် အဆိုပါ အစည်းအဝေးမှ အများသဘောတူ ဆုံးဖြတ်ခဲ့ကြကြောင်း ဆက်လက်ဖော်ပြသည်။

နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကို ကျူးလွန်ခဲ့သော အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အာဏာသိမ်းမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ နှင့် ဒုဥက္ကဌ များအပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၉) ဦး တို့မှာ ကိုယ်တိုင်ဆန့်ကျင်သဖြင့် မတရားဖမ်းဆီးခံနေရသည့်နည်းတူ အဆင့်ဆင့်သောပါတီဝင် အများအပြား တို့သည်လည်း အကျဥ်းထောင်အသီသီးတွင် မတရားဖမ်းဆီးချုပ်နှောင်ခံနေရပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းသည် လုံလောက်သော ဆေးကုသခွင့်မရရှိသည့်အတွက် အကျဥ်းထောင်တွင်း ကျဆုံးခဲ့ရသည်ဟု NLD ဖော်ပြသည်။