Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဗန်းမော် – လွယ်ဂျယ်လမ်းအပါအဝင် KIA နယ်မြေသို့သွားသည့်လမ်းများ၌ ဆေးဝါး၊ စားသောက်ကုန် သယ်ယူခွင့် စစ်ကောင်စီ ပိတ်ပင်

လွယ်ဂျယ်ရှိ မြန်မာ – တရုတ်နယ်စပ်ဂိတ်ကို ပိတ်ခြင်းမဟုတ်ဘဲ လမ်းတလျှောက် ကုန်ပစ္စည်းသယ်ယူခွင့် အဓိကပိတ်ပင်ခြင်းဖြစ်သည်ဟုသိရသည်။

(လွယ်ဂျယ်မြို့အဝင် တစ်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - The Kachin Net's Post)
(လွယ်ဂျယ်မြို့အဝင် တစ်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - The Kachin Net's Post)

“မိုင်ဂျာယာန်ဘက် KIA ထိန်းချုပ်နယ်မြေဘက်မှာရှိတဲ့ ကချင်ပြည်သူတွေ အဲဒီဘက်မှာ တိမ်းရှောင်နေတဲ့CDM တွေ၊ PDF တွေ အကုန်လုံး ဒုက္ခရောက်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စကစကနေပြီးတော့ ပိတ်ဆို့တယ်လို့ မြင်တယ်” – ဒေသခံ

ကချင်ပြည်နယ် ဗန်းမော် – လွယ်ဂျယ်လမ်းအပါအဝင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ဧရိယာသို့ သွားရောက်နိုင်သည့်လမ်းပိုင်းများ၌ ဆေးဝါးနှင့် စားသောက်ကုန် သယ်ယူခွင့်ကို စစ်ကောင်စီက ပိတ်ပင်လိုက်ကြောင်း ကချင်ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

အဆိုပါလမ်းပိုင်းတွင် ကုန်ပစ္စည်းသယ်ယူမှုကို ယခုရက်ပိုင်းအတွင်း ပိတ်ပင်လိုက်သည့် နည်းတူ လူသွားလာမှုများကိုလည်း စစ်ကောင်စီက စစ်ဆေးမှုများ ပိုမိုပြုလုပ်​နေသည်ဟု ဆိုသည်။

“ဗန်းမော်-လွယ်ဂျယ်လမ်းပိတ်ဆို့တာနဲ့ပတ်သက်ပြီးဗန်းမော်-လွယ်ဂျယ်လမ်းက မိုင်ဂျာယာန်နဲ့ KIA ထိန်းချုပ်နယ်မြေဘက်ကို အဓိကကုန်သွယ်ရေးစားသောက်ကုန်တွေ သယ်ပို့တဲ့နေရာဖြစ်တယ်။ဗန်းမော်-လွယ်ဂျယ် – မိုင်ဂျာယာန်ပေါ့။ အကယ်၍ ဗန်းမော်- လွယ်ဂျယ်ကိုအစားအသောက်ပိတ်ဆို့ပြီဆိုလို့ရှိရင် အဲဒီ မိုင်ဂျာယာန်ဘက် KIA ထိန်းချုပ်နယ်မြေဘက်မှာရှိတဲ့ ကချင်ပြည်သူတွေ အဲဒီဘက်မှာ တိမ်းရှောင်နေတဲ့CDM တွေ၊ PDF တွေ အကုန်လုံး ဒုက္ခရောက်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စကစကနေပြီးတော့ ပိတ်ဆို့တယ်လို့ မြင်တယ်။” ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

လွယ်ဂျယ်ရှိ မြန်မာ – တရုတ်နယ်စပ်ဂိတ်ကို ပိတ်ခြင်းမဟုတ်ဘဲ လမ်းတလျှောက် ကုန်ပစ္စည်းသယ်ယူခွင့် အဓိကပိတ်ပင်ခြင်းဖြစ်သည်ဟုသိရသည်။

“ပြီးတော့ ဗန်းမော်-လွယ်ဂျယ်လမ်းမှာ ခရီးသယ်တွေကိုမတရားစစ်တယ်လို့ပြောတယ်။ စစ်ဆေးပြီးခရီးသည်တွေရဲ့ အိတ်တွေပစ္စည်းတွေအကုန်စစ်တယ် စစ်ပြီး ဆေးတွေ ဆေးအထုပ်တွေ တွေ့ရင် အကုန်သိမ်းလိုက်တယ်။ ပြီးတော့ ဆန်နဲ့ အစားအသောက်တွေလုံး၀ သယ်ယူလို့မရဘူး။ ပြီးတော့ ကုန်ပစ္စည်းတွေ သယ်ယူခွင့်မပေးဘူး။ ၁၅ရက်လောက်ကြာမယ်လို့ ပြောတယ်ပေါ့” ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီက ထိုသို့ ပိတ်ပင်လိုက်ခြင်းကြောင့် ကုန်စျေးနှုန်းများ ယခင်ထက်ပိုမို မြင့်မားလာမည်ကို KIA ထိန်းချုပ်နယ်မြေရှိ ပြည်သူများက စိုးရိမ်နေကြသည်ဟု ဆိုသည်။

“အာဏာသိမ်းပြီးနောက်ပိုင်းကုန်စျေးနှုန်းတွေအရမ်းတက်တယ်။ အခုထပ်ပြီး စားသောက်ကုန်နဲ့ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ခွင့်ပိတ်တဲ့အခါ ကုန်စျေးနှုန်းတွေတအားမြင့်တက်လာမှာကို သူတို့စိုးရိမ်နေကြတယ်ဆိုတာ ကြားရတာပေါ့။လမ်းပိတ်တာမဟုတ်ဘဲ အဲဒီဘက်ကို ဘာပစ္စည်းမှ မပို့ခိုင်းဘူးပေါ့။လူကတော့ သွားလို့ရတယ် အရမ်းစစ်ဆေးတယ်တဲ့။ ဆန်ကတော့လုံး၀ သယ်လို့မရဘူး။ အခြားအစားအစာ လုံး၀ သယ်လို့မရဘူး”ဟု ဒေသခံက ပြောသည်။

ထို့ပြင် မြစ်ကြီးနား – လိုင်ဇာလမ်းကိုလည်း ပိတ်ဆို့ထားကြောင်း၊ ထို့ကြောင့် တောလမ်းမှ ရသည့် နည်းဖြင့် ကုန်ပစ္စည်းများ ပို့ဆောင်လျက်ရှိရာ စစ်ကောင်စီက ယခုကဲ့သို့ ပိတ်ဆို့မှုများလုပ်ဆောင်လိုက်၍ စစ်ရှောင်များပါ ပို၍ အခက်ကြုံရမည်ဟု ဒေသခံက ပြောသည်။

“အခြားနည်းလမ်းနဲ့တောလမ်းကနေကုန်ပစ္စည်းတွေ ပို့တယ်။ ပို့တဲ့အခါ ဗန်းမော် – လွယ်ဂျယ်၊ လွယ်ဂျယ်-မိုင်ဂျာယာန်-လိုင်ဇာ အဲဒီလိုမျိုးဖြစ်တယ်။ဆိုတော့ မိုင်ဂျာယာန်တစ်ခုတည်းမဟုတ်ဘဲ လိုင်ဇာမှာရှိတဲ့ ပြည်သူတွေရော၊လိုင်ဇာမှာရှိတဲ့ ၂၀ ဝန်းကျင်လောက်ရှိတဲ့ IDP Camp တွေရော ပြည်သူတွေ အကုန်လုံးဒုက္ခရောက်ဖို့ရှိတယ်” ဟု ဒေသခံက ပြောသည်။

KIAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင် လဆန်းမှစ၍ မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။ ဇူလိုင်လကုန်ပိုင်းနှင့် ဩဂုတ်လဆန်းတွင် KIAက စစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှုများ ခပ်စိပ်စိပ် ပြုလုပ်လျက်ရှိရာ စစ်ကောင်စီတပ်ဘက်ကလည်း လူထုများကို ပစ်မှတ်ထား သည့် ပိတ်ဆို့မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။