Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဟိုင်ဂင်သဘောတူညီချက် စစ်ကောင်စီလိုက်နာနိုင်ရန် သံသယရှိ၍ တိုက်ပွဲများအချိန်မရွေးဖြစ်လာနိုင်ဟု TNLA ခေါင်းဆောင်ပြော

တအာင်းဒေသ လက်ရှိ စစ်ရေး၊နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်တားဘုန်းကျော်၏ ပြောကြားချက်များကို TNLA သတင်းပြန်ကြားရေးဌာနက ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဟိုင်ဂင်သဘောတူညီချက် စစ်ကောင်စီလိုက်နာနိုင်ရန် သံသယရှိ၍ တိုက်ပွဲများအချိန်မရွေးဖြစ်လာနိုင်ဟု TNLA ခေါင်းဆောင်ပြော
ဟိုင်ဂင်သဘောတူညီချက် စစ်ကောင်စီလိုက်နာနိုင်ရန် သံသယရှိ၍ တိုက်ပွဲများအချိန်မရွေးဖြစ်လာနိုင်ဟု TNLA ခေါင်းဆောင်ပြော

▪️KIA၊ SSPP၊ MNDAA စသည့် မဟာမိတ်များနှင့် ပဋိပက္ခ ပိုမကြီးထွားရေး အောက်ခြေသို့ ညွှန်ကြားထားဟု ပြော

ဟန်နွေ/People’s Spring

တရုတ်အစိုးရက ကမကထပြုပြီး ညီနောင်မဟာမိတ် သုံးဖွဲ့(TNLA၊ MNDAA၊AA)နှင့် စစ်ကောင်စီအကြား သဘောတူညီထားသည့် အပစ်ရပ်စဲရေးစာချုပ် ဟိုင်ဂင်သဘောတူညီချက်ကို စစ်ကောင်စီက လိုက်နာနိုင်ရန် သံသယရှိကြောင်း တအာင်းတပ်မတော် (TNLA)ခေါင်းဆောင် ဗိုလ်ချုပ်တားဘုန်းကျော်က ပြောသည်။

တအာင်းဒေသ လက်ရှိ စစ်ရေး၊နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်တားဘုန်းကျော်၏ ပြောကြားချက်များကို TNLA သတင်းပြန်ကြားရေးဌာနက ဖော်ပြခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီက အပစ်ရပ်ထားသည့် အခြေအနေအောက်တွင် တအာင်းဒေသကို လက်နက်ကြီး၊လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်ဟု TNLA ခေါင်းဆောင်က အသိပေးသည်။

Public Service Announcement

Public Service Announcement

“အာဏာရှင်ရဲ့ စရိုက်အမှန်ဖော်ပြနေတဲ့ ကိစ္စတွေဖြစ်တယ်။ ဒါက ကျနော်တို့ မဟာမိတ် သုံးဖွဲ့နဲ့ လက်မှတ်ရေးထိုးထားတဲ့ ဟိုင်ဂင်သဘောတူညီချက်ကို အများကြီး စိန်ခေါ်မှုတွေ ဖြစ်နေတယ်လို့ တွေ့မြင်ရပါတယ်”ဟု ဗိုလ်ချုပ်တားဘုန်းကျော်က ပြောသည်။

ထိုးထားသည့် လက်မှတ်ကို မလိုက်နာနိုင်သည့် ကိစ္စသည်များစွာ မကောင်းသည့် ကိစ္စဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဟိုင်ဂင်သဘောတူညီချက်အတွက် ကျနော်တို့ အများကြီး ပြန်သုံးသပ်ရမယ့်အနေအထားဖြစ်ပါတယ်။ကျနော်တို့ မဟာမိတ် မြောက်ပိုင်းသုံးဖွဲ့ကတော့ ကျနော်တို့ ကိုယ်တိုင် ရေးထိုးထားတဲ့ လက်မှတ်ဖြစ်တဲ့အတွက်ကြောင့် ဟိုင်ဂင်သဘောတူညီချက်အတိုင်းပဲ ရပ်တည်မှာ ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ ပြန်ကြည့်ကြည့်တာက တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရွှီကျွင်း ကလည်း ဟိုင်ဂင်သဘောတူညီချက်ကို ခိုင်မှာအောင် အစွမ်းကုန် ကြိုးစားနေတာတွေ့ရတယ်” ဗိုလ်ချုပ်တာဘုန်းကျော်က ပြောသည်။

မည်သို့ပင်ရှိစေကာမူ တရုတ်အစိုး၏ ဦးဆောင်မှုနှင့် လက်မှတ်ထိုးထားသည့် ဟိုင်ဂင်သဘောတူညီချက်ကို အားလုံးလေးစား လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ဆိုသည်။

“စကစရဲ့ လက်နက်ကြီးတွေနဲ့ရော လေကြောင်း စစ်ဆင်ရေးရော ကျနော်တို့ ဒေသအတွင်းထဲမှာ နောင်ချိုဘက် မိုးကုတ်ဘက် ၊ မိုးမိတ်ဘက် ကျနော်တို့ရဲ့ စစ်ဒေသ (၂) အထူးသဖြင့် အဲဒီဘက်မှာ ဆက်တိုက်ကျူးလွန်နေတဲ့ ကိစ္စတွေ ပိုပြီးများလာတယ်။ အဲဒီလို များလာတဲ့အတွက်ကြောင့် ကျနော်တို့ အနေနဲ့ စစ်ရေးအရ တော်တော်စိုးရိမ်ရတဲ့ အနေအထားဖြစ်ပါတယ်။ ဒါပေမဲ့ စောစောက ကျနော်တို့ ပြောသလို အခု တရုတ်က ကြားဝင်ထားတဲ့ ဟိုင်ဂင် သဘောတူညီချက် ရှိထားတော့ ကျနော်တို့ စစ်ရေးအရ ပြင်းထန်တဲ့ အခြေအနေ ထိတိုင်အောင် စကစ စစ်ကောင်စီ က လုပ်လိမ့်မယ်မဟုတ်ဘူးလို့တော့ ကျနော်တို့ အဲဒီလို ထင်ပါတယ်။ ဒါပေမဲ့ လည်း ကျနော်တို့ က စစ်ရေးသတိတော့ အမြဲတမ်းရှိရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် တားဘုန်းကျော်က ပြောသည်။

စစ်ကောင်စီဘက်ကမူ စစ်ရေးလှုပ်ရှားမှုများ ပိုမိုတိုး၍လုပ်ဆောင်လာ၍ တအာင်းဒေသဘက် လေယာဉ် ဗုံးကြဲမှုများ မလုပ်လာနိုင်ဘူးဟု ပြော၍မရ၍ လူထုအနေဖြင့် စစ်ရေးအရ တော်လှန်ရေးသတိ အမြဲရှိရန် ၎င်းက တိုက်တွန်းသည်။

“ကျနော်တို့ အနေနဲ့လည်း စကစ စစ်တပ်က ဟိုင်ဂင်သဘောတူညီချက်ကို ကျော်လွန်ပြီးတော့မှ လေယာဉ် ဗုံးကြဲတာတွေ လက်နက်ကြီးပစ်တာတွေ ဆက်တိုက်လုပ်လာမယ် ကျနော်တို့ လူထုတွေထိခိုက်နစ်နာမှုတွေ ပိုကြီးလာမယ်ဆိုရင်တော့ ကျနော်တို့ ပြည်သူလူထုကို အကောင်းဆုံးခုခံကာကွယ်သွားဖို့တော့ ကျနော်တို့မှာ တာဝန်ရှိပါတယ်”ဟုလည်း ၎င်းက ပြောသည်။

စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှု၊ လေယာဉ်ဖြင့် ဗုံးကြဲမှုများ ဆက်တိုက်ဖြစ်နေပြီး မြန်မာပြည်အနှံ့အပြား၌လည်း တိုက်ပွဲထိတွေ့မှု ပိုမိုကြီးမားလာကြောင်း၊ စကစ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကလည်း တိုးလာကြောင်း ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြောသည်။

“ဒါကြောင့် ကျနော်တို့ကတော့ စိုးရိမ်တယ်။ စကစက သူထိုးထားတဲ့ သူသဘောတူထားတဲ့ ဟိုင်ဂင်သဘောတူညီချက်ကို တကယ်လိုက်နာနိုင်ပါ့မလား ကျနော်တို့ သံသယတော့ရှိပါတယ်။ ဒါကြောင့်မို့ စကစက လိုအပ်သလို စစ်ကစားနေမှာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ လူထုကို အထူးမှာ ကြားချင်တာက တော်လှန်ရေးသတိ စစ်ရေးသတိ မပြတ်ဖို့လိုပါတယ်။ အခြေအနေ တင်းမာမှုတွေ အချိန်မရွေး ပေါ်ပေါက်လာနိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ ပြောကြားချင်ပါတယ်”ဟု ၎င်းက ပြောသည်။

လူထုအပေါ် ဖိနှိပ်မှုများလာပါက ခုခံကာကွယ်ရန် တာဝန်ရှိဟု TNLA ခေါင်းဆောင်က ဆက်လက်ပြောသည်။

“ဒါကြောင့်မို့ အဲဒီလိုဖြစ်လာမယ်ဆိုရင် ကျနော်ထင်တယ် ကျနော်တို့ ဒေသထဲမှာ တိုက်ပွဲတွေ အချိန်မရွေး ပြန်ဖြစ်လာနိုင်တယ်”ဟု ဗိုလ်မှူးချုပ်တာဘုန်းကျော်က ပြောကြားကာ ပြည်သူ များအနေဖြင့် လူမှုဘ၀လုံခြုံရေးကို ဂရုစိုက်ရန် သတိပေးသည်။

စစ်ကောင်စီ အဓိကခြိမ်းခြောက်နိုင်သည်မှာ လေကြောင်း၊ လက်နက်ကြီး စစ်ဆင်ရေးများ ဖြစ်သည်ဟုလည်း အသိပေးသည်။

TNLA ခေါင်းဆောင်သည် ၎င်းတို့ အဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကိုးကန့်တပ်မတော်(MNDAA)၊ ရှမ်းပြည်တပ်မတော်(SSPP/SSA) အကြား ပြဿနာ အချို့ ဖြစ်ပွားမှု အပေါ် အဖွဲ့၏ သဘောထားကို ပြောကြားခဲ့သည်။

“ကျနော်တို့ တအာင်းတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ က ကျနော်တို့ကြာရှည်စွာ လက်တွဲလာတဲ့ မဟာမိတ်အဖွဲ့အစည်းတွေဖြစ်ပါတယ်။ ကျနော်တို့ မဟာမိတ် အဖွဲ့အစည်းတွေဖြစ်တဲ့အတိုင်း နှစ်ဖက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်။ ဗဟိုအဆင့်ရော အောက်ခြေအဆင့် အသီးသီးမှာရော ပူးပေါင်းဆောင်ရွက်မှုတွေရှိပါတယ်”ဟု ၎င်းက ပြောသည်။

ထို့ကြောင့် လတ်တလောပြဿနာများ နှစ်ဖက် တွေ့ဆုံဖြေရှင်းရန် ကြိုးပမ်းနေပြီး နိုင်ငံရေးအရ ပြေလည်မှုများ ရရှိအောင် ဆောင်ရွက်မည်ဆိုပါက မပြေလည်စရာမရှိဟု အသိပေးသည်။

“ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ အောက်ခြေကို ပြဿနာတွေ ဒီထက်ကြီးထွားမသွားအောင် အကောင်းဆုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ ကျနော်တို့ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံရေးရည်မှန်းချက်လည်း အကောင်အထည် ဖော်ဖို့လိုတယ်။ တဆက်တည်းမှာပဲ ကျနော်တို့ မဟာမိတ်နဲ့လည်း ပြဿနာတွေ ဒီထက်ပိုမကြီးထွားအောင် ဆောင်ရွက်ဖို့လည်း ကျနော်တို့ တပ်မှူး၊ တပ်ဖွဲ့တွေ ကျနော်တို့ အုပ်ချုပ်ရေးနဲ့ ဌာနဆိုင်ရာအဖွဲ့အသီးသီးကိုလည်း အမြဲတစေလမ်းညွှန်မှာကြားပါတယ်”ဟု ဗိုလ်မှူးချုပ်တားဘုန်းကျော်က ပြောသည်။

အွန်လိုင်း၌ အမျိုးမျိုးရေးသားနေမှုများ ရှိနေရာ တအာင်းလူငယ်များအနေဖြင့် နိုင်ငံရေးပါးနပ်မှုရှိရှိ မတုန့်ပြန်သည့်အပေါ် ကျေးဇူးတင်ကြောင်း၊ ပြန်လည် တုံ့ပြန်ဖြေရှင်းရန်မလိုအပ်ကြောင်း၊ ဖြေရှင်းနေပါက ပြဿနာပိုရှုပ်ထွေးစေကြောင်း လည်း ဗိုလ်မှူးချုပ်တားဘုန်းကျော်က ပြောသည်။

ထို့အပြင် SSPP၊ ကိုးကန့်တပ်များနှင့်လည်း အောက်ခြေ၌ မလိုလားအပ်သည့် ပွတ်တိုက်မှု နားလည်မှု လွဲမှားခြင်းများ ရှိသော်လည်း မဟာမိတ်တပ်အချင်းချင်းအကြား ပဋိပက္ခဖြစ်၍ ထိန်းသိမ်းလုပ်ဆောင်ရန် အောက်ခြေသို့ ညွှန်ကြားထား သည်ဟု ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်ကျောက်မဲခရိုင်တပ်ရင်းကလည်း မြို့နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားပြီဟု ယနေ့နံနက် သတိပေးထားသည်။

သတင်း

မြန်မာနိုင်ငံတဝန်းလုံး စစ်မီးများပိုမိုတောက်လောင်လာ၍ စားဝတ်နေရေး ကုန်စျေးနှုန်းများ ကြီးလာခြင်း၊ ကုန်စျေးနှုန်းတက်ခြင်းနှင့်အတူ စစ်အာဏာရှင်များ၏ ဖိနှိပ်ကန့်သတ်မှုကြောင့် ဝယ်ယူရန်ပင် ခက်ခဲနေခြင်းတို့ကို TNLA ခေါင်းဆောင်က ပြောသည်။

သတင်း

လွိုင်ကော်မြို့တွင်း၌ စစ်ကြောင်းပြန်ထိုးတော့မည်ဟု စစ်ကောင်စီဝါဒဖြန့်သူများက လူမှုကွန်ရက်တွင် ဖြန့်ဝေမှုများရှိနေသည်။

သတင်း

TNLAသည် ၁၀၂၇ စစ်ဆင်ရေးကာလတွင် စစ်ကောင်စီတပ်စခန်း ၈၀ ကျော်နှင့် မြို့ ၇မြို့ကိုသိမ်းပိုက်ခဲ့သည်။ စစ်ဆင်ရေးကာလအတွင်း MDY-PDFနှင့် ပူးပေါင်းပြီးစစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် ထိုးစစ်များ အတူဆောင်ရွက်ခဲ့သည်။