ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ဇရပ်ကွင်းရဲကင်းစခန်းသိမ်းပိုက်နိုင်ခဲ့ပြီး စုစုပေါင်း စစ်ကောင်စီ၏ တပ်စခန်း၉ခုအထိ သိမ်းပိုက်ရရှိထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ (ဩဂုတ် ၁၂ရက်) နံနက်ပိုင်းတွင် သတင်းထုတ်ပြန်သည်။
ယမန်နေ့ (ဩဂုတ် ၁၁ရက်)က သပိတ်ကျင်းမြို့နယ် ၊ ဇရပ်ကွင်းရဲကင်းစခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သောကြောင့် သပိတ်ကျင်းမြို့နယ်အတွင်း တပ်စခန်း၉ခုအထိ သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း မန္တလေး PDFက အသိပေးသည်။
အလားတူ သပိတ်ကျင်းမြို့နယ်ရှိ တကောင်းမြို့ကိုလည်း PDFများကတိုက်ခိုက်နေကြောင်း ဒေသခံအချို့က ပြောသည်။
မန္တလေး PDFသည် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကွင်း၃၀ရွာစခန်း ၊ လက်ပံပြန့်ရွာ စခန်း ၊ ဖိုကုန်း စခန်း ၊ ဝက်သေရွာ စခန်း၊ ဖက်ရှည်ရွာ စခန်း၊ ခလရ (၁၄၈) တပ်စခန်း ၊ ကျောက်ဖြူရွာ စခန်းနှင့် လိပ်ကျရွာ စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့သည်။
မန္တလေး PDFသည် သပိတ်ကျင်းမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်။