နေပြည်တော်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက မြန်မာနိုင်ငံမှာရှိတဲ့ တရုတ် အကျိုးစီးပွားနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ခိုင်ခိုင်မာမာ ကာကွယ်ပေးဖို့ ဖိအားပေး တောင်းဆိုသွားခဲ့ပါတယ်။
မြေပြင်မှာ တော်လှန်ရေးတပ်တွေက တကောင်းနီကယ်စက်ရုံကို သိမ်းပိုက်ပြီး စက်ရုံဆက်လက်လည်ပတ်နိုင်ဖို့ တရုတ်ကုမ္ပဏီနဲ့ PDFတွေ ပူးပေါင်းစီမံနိုင်နေသလို ၊ မန္တလေးတိုင်းထဲက မြင်းခြံ-တောင်သာ-နွားထိုးကြီးမြို့နယ်တွေမှာ တရုတ်ပိုက်လိုင်းဖြတ်သန်းရာနေရာတွေကိုတော်လှန်ရေးတပ်တွေက ထိန်းချုပ်နိုင်ပြီဖြစ်သလို ၊မတ္တရာမြို့နယ်မှာလည်း ALPHA ဘီးလပ်မြေစက်ရုံကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တာမှာ PDF တွေကစက်ရုံ သိမ်းပိုက်ထိန်းချုပ်ပြီးကာကွယ်ပေးထားတာဖြစ်ပါတယ် ။
ရှမ်းမြောက်ဒေသတစ်ခုလုံးနီးပါးကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားပြီး အဲဒေသက တရုတ်ပိုက်လိုင်းစီမံကိန်းတွေ ၊တရုတ်စီမံကိန်းတွေကိုလည်းတော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားပြီး ကာကွယ်ပေးထားတာဖြစ်ပါတယ် ။ဒါကြောင့် စစ်ကောင်စီထိန်းချုပ်နိုင်တဲ့တရုတ်စီမံကိန်းတွေဟာအကန့်အသတ်နဲ့သာရှိတော့တာဖြစ်သလို ၊ကာကွယ်နိုင်စွမ်းလည်းမရှိတော့ဘူးဆိုတာတွေ့ရပါတယ်။
ဒါအပြင် ရခိုင်ပြည်နယ်မှာလည်း တရုတ်စီမံကိန်းအများစုရှိတဲ့ ကျောက်ဖြူမြို့နယ်ကစစ်တပ်စခန်းတွေကို အာရက္ခတပ်တော်- AA ကထိုးစစ်ဆင်တိုက်ခိုက်ထားသလို ၊ AA ကရခိုင်တပြည်နယ်လုံးသိမ်းပိုက်ထိန်းချုပ်ဖို့ ကြိုးစားနေတာကြောင့် ကျောက်ဖြူမြို့နယ်ကစစ်တပ်စခန်းတွေကိုလည်း ထိုးစစ်ဆင်သိမ်းပိုက်မှာသေချာတယ်လို့ စစ်ရေးစောင့်ကြည့်လေ့လာသူအချို့ကပြောပါတယ် ။
တရုတ်မီဒီယာတွေရဲ့ သတင်းဖော်ပြချက်မှာ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သံတမန်ဆန်တဲ့ အာဘော်ကို ကိုးကားထားပြီး ဝမ်က အိမ်နီးချင်းကောင်း နိုင်ငံတွေ အနေနဲ့ အပြန်အလှန် အကျိုးစီးပွား ကာကွယ်စောင့်ရှောက်မှုတွေကို ခိုင်မာသေချာအောင် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ မင်းအောင်လှိုင်ဆီ အသိပေးသွားခဲ့ကြောင်း သိရပါတယ်။
တရုတ် အာဏာရ ကွန်မြူနစ်ပါတီ (CCP)ရဲ့ ဗဟိုကော်မတီဝင် တစ်ဦးလည်းဖြစ်တဲ့ ဝမ်က တရုတ်နဲ့ မြန်မာတို့ကြား ရေရှည် တည်တံ့ခဲ့တဲ့ ဆက်ဆံရေးကောင်းတွေကို အလေးထားကြောင်း၊ တရုတ်ဟာ မစွက်ဖက်ရေးမူကို ဆက်လက် ကိုင်ဆွဲပြီး မြန်မာဖက်က ရွေးချယ်ထားတဲ့ ဖွံ့ဖြိုးရေး လမ်းကြောင်းတွေနဲ့ ပတ်သက်လို့ လေးစားမှု ထားရှိမှာ ဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။
အိမ်နီးချင်းကောင်း အနေနဲ့ တရုတ်ဟာ မြန်မာနိုင်ငံမှာ စစ်ပွဲတွေ၊ အကျပ်အတည်းတွေ ဖြစ်ပေါ်နေတာကို ဆန့်ကျင်ကြောင်း၊ နောက်ပြီး တရုတ်နဲ့ မြန်မာ ဆက်ဆံရေးကို ထိခိုက်စေမယ့်၊ တရုတ်ကို ညစ်နွမ်းအောင် အပုတ်ချတဲ့ စွပ်ဖက်မှုတွေနဲ့ လုပ်ရပ်တွေကို တရုတ်က ဆန့်ကျင်မှာ ဖြစ်တယ်လို့လည်း ဝမ်က ဆိုပါတယ်။ စစ်ကောင်စီလက်အောက်ခံ စစ်တပ်ထောက်ခံသူတွေနဲ့ စစ်တပ်ဝါဒဖြန့်တယ်လီဂရန်တွေမှာ လားရှိုးမြို့က ရမခ စစ်ရှုံးလက်လွတ်ပြီးရတဲ့နောက်မှာ တရုတ်ကျူးကျော်စစ်လို့ စွပ်စွဲပြီး တရုတ်မုန်းတီးရေးတွေကိုရေးသားပြောဆို ဖြန့်ချီနေကြတာဖြစ်ပါတယ် ။
တရုတ် အစိုးရရဲ့ One-China အခြေခံမူကို မြန်မာဖက်က အစဉ်တစိုက် ထောက်ခံပေးခဲ့မှုနဲ့ တရုတ်ရဲ့ အကျိုးစီးပွားတွေအပေါ် ကူညီပံ့ပိုးမှုတွေအတွက် အသိအမှတ်ပြုကြောင်း၊ တရုတ်ကလည်း မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနဲ့ ပိုင်နက်ကို လေးစား ထောက်ခံမှာဖြစ်ကြောင်းလည်း ဝမ်က မင်းအောင်လှိုင်ကို ပြောခဲ့ပါတယ်။
အာဏာသိမ်း စစ်တပ်ရဲ့ မိတ်ဖက် အစုအဖွဲ့ဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) အကြီးအကဲက မြန်မာ့ ပြည်တွင်းပဋိပက္ခမှာ ပါဝင်ကူညီ တိုက်ခိုက်ပေးဖို့ ရုရှားဆီ သွားရောက် အကူအညီ တောင်းခဲ့ပြီးတဲ့နောက် တရုတ်ဖက်ကနေ အခုစကား ထွက်လာတာ ဖြစ်ပါတယ်။
တရုတ်ဝန်ကြီးနဲ့ အာဏာသိမ်းခေါင်းတောင်တွေ့ဆုံဆွေးနွေးမှုကို စစ်ကောင်စီက ထုတ်ပြန်တာမှာ အထက်ပါအချက်တွေကို ချန်လှပ်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ် ။
ဝမ်က တရုတ်ဟာ မြန်မာလို အိမ်နီးချင်း နိုင်ငံတွေအတွက် ပိုမို ခေတ်မီဆန်းသစ်တဲ့ ရှုထောင့်တွေကနေ အခွင့်အလမ်းသစ်တွေ ကမ်းလှမ်းတာ၊ ပြုပြင်ပြောင်းလဲရေး အစီအမံတွေအတွက် ကူညီတာတွေ ဆက်လက် လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြောပါတယ်။
မင်းအောင်လှိုင်ကတော့ သူဟာ One-China မူဝါဒကို ဆက်လက် ထောက်ခံမှာ ဖြစ်ကြောင်း၊ တရုတ်နဲ့ ဆက်ဆံရေးကို ပိုမိုမြှင့်တင်ဖို့ ဆန္ဒရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းက စစ်ပွဲတွေနဲ့ ပတ်သက်လို့ တရုတ်ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကြားဝင် အားထုတ်ပေးတာတွေကို ကျေးဇူးတင်ကြောင်း၊ တရုတ်က ပြည်တွင်း တည်ငြိမ်ရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး ဆက်လက် အားပေး ကူညီနေမှုတွေကို ကြိုဆိုကြောင်းလည်း မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
နောက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ၇၅ နှစ် ပြည့်မြောက်မယ့် ၂၀၂၅ ခုနှစ်အတွက် ပူးပေါင်းပြီး ဂုဏ်ပြု အစီအစဉ်တွေ ကျင်းပရေး၊ သမားရိုးကျရော ပိုမိုဆန်းသစ်တဲ့ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုတွေပါ မြှင့်တင်ရေး အတွက်လည်း မင်းအောင်လှိုင်က ဝမ်ကို အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး နယ်စပ်ဒေသ အခြေစိုက် အွန်လိုင်း ကာစီနိုတွေနဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ အပါအဝင် ရာဇဝတ်မှုတွေ တိုက်ဖျက်ရေးမှာ တရုတ်နဲ့ ပိုမို ပူးပေါင်း ဆောင်ရွက်ဖို့ သံန္နိဋ္ဌာန် ချထားတယ်လို့ မင်းအောင်လှိုင်က ကတိပြုခဲ့ပြီး တရုတ်ရဲ့ အကျိုးစီးပွားကို ထိပါးနိုင်တဲ့ ဘယ်လို အရေးကိစ္စကိုမဆို သည်းခံနေမှာ မဟုတ်ဘူးလို့လည်း အာမခံသွားခဲ့ကြောင်း သိရပါတယ်။
ကိုးကား – CGTN