ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်-သပိတ်ကျင်းလမ်းပေါ်ရှိ ဖော့တောလမ်းဆုံစစ်ဆေးရေးဂိတ်အား သိမ်းပိုက်နိုင်ခဲ့ပြီး (၇)မိုင် လေ့ကျင့်ရေးတပ်အား ဆက်လက်တိုက်ခိုက်နေကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က သြဂုတ် ၁၇ ရက် ညပိုင်းက ထုတ်ပြန်သည်။
သြဂုတ် ၁၄ရက် ညနေပိုင်းက မိုးကုတ်-သပိတ်ကျင်း – မန္တလေးလမ်းဆုံရှိ ဖော့တောလမ်းဆုံစစ်ဆေးရေးဂိတ်အား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“စခတွေသေတာတော့ ရှိတယ်။သုံ့ပန်းဖမ်းမိတာတွေလည်း ရှိတယ်။အရေအတွက်တော့ အတိအကျမသိရသေးပါဘူး။”ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် စစ်ကောင်စီဘက်က (၇)မိုင်သင်တန်းကျောင်းဘက်တွင် PDFနှင့် တအာင်းတပ်မတော်(TNLA)ဝတ်စုံများဝတ်၍ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များအား ပြန်လည်တိုက်ခိုက်မှုများရှိနေကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒီဘက် မဟာမိတ်တပ်တွေက ကိုယ့်အချင်းချင်းမှတ်ပြီး သွားဆက်သွယ်တော့မှ စကစတွေမှန်းသိသွားတာ။ စခတွေက ဟန်ဆောင်ပြီး PDFတို့ TNLA တို့ LPDFယူနီဖေါင်းတွေကို ဝတ်ပြီးတိုက်တာတွေရှိနေတယ်တဲ့”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
ထို့အပြင် အဆိုပါဂိတ်ရှိ စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းမှ စစ်ကြောင်းမှူးအပါအဝင် ၅ဦး ဖမ်းဆီးရမိကြောင်း ၎င်းက ဆက်ပြောသည်။
ဖော့တော့လမ်းဆုံဂိတ်အား TNLA၊ မန္တလေး PDF၊ မိုးကုတ်ဗျူဟာ၊ PDF (၅၁၃)တပ်ရင်း မိုးကုတ်ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
သြဂုတ် ၉ရက် ညနေပိုင်းက TNLA ၊ မိုးကုတ်ဗျူဟာနှင့် PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (၂၂၂)တပ်ဖွဲ့တို့ပူးပေါင်း၍ သပိတ်ကျင်းရှိ ခလရ(၁၄၈)တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက်ထားသည်။
ပြီးခဲ့သည့် သြဂုတ် ၁၁ ရက်ကလည်း သပိတ်ကျင်းမြို့နယ်ရှိ ဇရပ်ကွင်းရဲကင်းစခန်းသိမ်းပိုက်နိုင်ခဲ့ပြီး စုစုပေါင်း စစ်ကောင်စီ၏ တပ်စခန်း၉ခုအထိ သိမ်းပိုက်ရရှိထားကြောင်း မန္တလေး PDFက ထုတ်ပြန်ထားသည်။
သြဂုတ် ၁၂ ရက်ကလည်း သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၆၄ဦး သေဆုံးပြီး ၂၀ဦး ဖမ်းမိကာ လက်နက်မျိုးစုံ ၈၃ လက်နှင့် ကျည်ဆန်သောင်းချီ၍ သိမ်းဆည်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။