ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ရေစကြိုမြို့နယ်ရှိ ဟင်္သာပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ဆုတ်ခွာချိန် ကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
သြဂုတ်၂၁ ရက်က ဟင်္သာကျေးရွာစခန်းမှ အင်အား ၄၀ခန့်ပါ စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများသည် စခန်းစွန့်၍ ပခန်းကြီးတပ် စခန်းသို့ ဆုတ်ခွာလာချိန် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ခုနစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာသူမိားလည်းရှိသည်ဟု Myingyan Black Tiger (MBT)တပ်ဖွဲ့က ဆိုသည်။
“တိုက်ပွဲက ၁၅မိနစ်လောက်ပဲ ကြာခဲ့တာပါ။ မောဂ္ဂလန်ရွာသင်္ချိုင်းကုန်းနားမှာ တိုက်ခိုက်ခဲ့တာပါ။ ၇ ဦးသေတာကမျက်မြင်ပါ။ အဓိကကတော့ မိုင်းဆွဲတိုက်ခိုက်တာပါ။”ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထိခိုက်သေဆုံးသူများအား စစ်ကောင်စီတပ်ကလာရောက် ကောက်ယူသွားပြီး ပခုက္ကူဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု MBT က ဆိုသည်။
အဆိုပါတိုက်ခိုက်မှုအား Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် (၉)တပ်ရင်းနှင့် Dragon Brothers People Defense Force (YSO)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ရေစကြိုမြို့နယ်ရှိ ဟင်္သာပျူစောထီးကျေးရွာစခန်းအား ရေစကြိုစပကဖနှင့်မဟာမိတ်အဖွဲ့များက ၁၀ ရက်ကျော်ကြာတိုက်ခိုက်ပြီးနောက် စခန်းအားသိမ်းပိုက်ကာ မီးရှို့နိုင်ခဲ့ပြီး စစ်ကောင်စီတပ်များ စခန်းစွန့်ဆုတ်ခွာသွားခြင်းဖြစ်သည်။